ငါးဖယ်ဆုပ် အုန်းနို့ချက်



ဒီဟင်းလေး ကလည်း မေမေ ချက်ကျွေးတဲ့ ဟင်းလေးပါ။

***... ငါးဖယ်ဆုပ် အုန်းနို့ချက် အတွက် လိုအပ်တာလေးတွေ…

1. ငါးဖယ်ခြစ် – ၅၀ သား
2. ကြက်သွန်ဖြူ အတက်ကြီး – ၁၂ တက် (ငါးဖယ်ခြစ် ထောင်းရန်)
3. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့် (ငါးဖယ်ခြစ် ထောင်းရန်)
4. ဆီ – ဟင်းခပ်ဇွန်းကြီး ၃ ဇွန်း
5. ကြက်သွန်နီ အသေး – ၆ လုံး
6. ကြက်သွန်ဖြူ အတက်ကြီး – ၉ တက် (ဆီသတ်ရန်)
7. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
8. ငါးငံပြာရည် – ထမင်းစားဇွန်း ၄ ဇွန်း
9. အရသာမှုန့် – ချိန်ဆပြီးထည့်ပေးပါ။
10. ခရမ်းချဉ်သီး အသေး – ၇ လုံး
11. အုန်းနို့ – ဟင်းခပ်ဇွန်းကြီး ၂ ဇွန်းခွဲ (ထမင်းစားဇွန်း ၁၅ ဇွန်းခန့်)
12. ရေ – 1/4 cup (60 ml)

ကြက်သွန်ဖြူ ၉ တက် နှင့် ကြက်သွန်နီကို ရောပြီး ညက်အောင်ထောင်းထား ပါ။

ခရမ်းချဉ်သီးကို နူးအောင်ပြုတ်ကာ အခွံခွါထားပါ။

ကြက်သွန်ဖြူ ၄ တက်စီကို ညက်အောင်ထောင်းပြီးလျှင် ငါးဖယ်ခြစ် (၃ ပုံ ၁ ပုံ) နှင့် ဆား (လက်ဖက် ရည်ဇွန်း တစ်ဝက်) ထည့်၍ ငါးဖယ်ခြစ်စေးကပ်လာအောင်ထောင်းကာ ဖယ်ထားပါ။

ကျန်ငါးဖယ်ခြစ်များကိုလည်း ထိုနည်းအတိုင်း ဆက်ထောင်းပေးပါ။

အားလုံးထောင်းပြီးလျှင် အလုံးကြီးကြီး ၆ လုံး လုံးကာ ခပ်ပြာပြားဖြစ်အောင်ဖိပြီး အပြင်သားတင်းရုံ ၂ မိနစ်ခန့် ကြော်ပေးပါ။

ကြော်ပြီးလျှင် အတုံးကြီးကြီးလှီးထားပါ။

ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ဆီပူထဲထည့်ပြီး ဆီသတ်ပေးပါ။

ကြက်သွန်များ ရွှေဝါရောင်ပြောင်းလာလျှင် အရောင်တင်မှုန့် ထည့်ကာ ၃၊၄ ခါမွှေကြော်ပေးပါ။

ပြီးလျှင် ငါးငံပြာရည်၊ အရသာမှုန့် နှင့် ပြုတ်ပြီးအခွံခွါထားသော ခရမ်းချဉ်သီးကို ထည့်ကာ ခရမ်းချဉ် သီးများကြေသွားအောင် မွှေကြော်ပေးပါ။

ခရမ်းချဉ်သီးများကြေသည်နှင့် ငါးဖယ်ဆုပ်ကြော်၊ အုန်းနို့ နှင့် ရေ ကိုထည့်ကာ ငါးဆုပ်ကျက်ပြီး၊ အုန်းနို့ဆီပြန်လာအောင်ချက်ပြီးနောက် ငါးဖယ်ဆုပ် အုန်းနို့ချက်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...