မားကက်တင်းဆိုတာ ဘာလဲ



လူတော်တော်များများက ရောင်းတာ၊ ကြော်ငြာတာလောက်ကိုပဲ မားကက်တင်းလို့ ထင်ကြတယ်။ ဒီလို ထင်တာကလည်း သိပ်တော့ အံ့သြစရာ မရှိပါဘူး။ နေ့တိုင်းလိုလိုပဲ လူတွေဟာ ကြော်ငြာတွေ၊ အရောင်း အဖွဲ့တွေနဲ့ တရစပ် ထိတွေ့နေရတာ မဟုတ်လား။ တစ်ယောက်မဟုတ် တစ်ယောက်က ကျွန်တော်တို့ တစ်တွေကို တစ်ခုခုရောင်းဖို့ ကြိုးစားနေကြတယ်။ (အိုနာသေဘေးရယ်၊ အခွန်ရယ်၊ အရောင်းရယ်ကို ကျွန်တော်တို့ ရှောင်လွှဲလို့မရ)

Telling and Selling

တကယ်တော့ ရောင်းခြင်း၊ ကြော်ငြာခြင်း Selling and advertising ဆိုတာ မျောနေတဲ့ မားကက်တင်း ရေခဲတုံးကြီးရဲ့ ထိပ်ဖျားလေးပါပဲ။ ဒီနှစ်ခုဟာ အရေးကြီးပေမဲ့ မားကက်တင်း အလုပ်စဉ်ကြီးရဲ့ အစိတ်အ ပိုင်းတွေပါ။ (ဒါပေမဲ့ အရေးအကြီးဆုံးတွေတော့မဟုတ်) ဒီကနေ့ ခေတ်မှာကျတော့ မားကက်တင်းဆိုတာ ရောင်းရုံ (telling and selling) မဟုတ်တော့။ ဒါက အယူအဆ ဟောင်းကြီးဖြစ်သွားပြီ။ ဖောက်သည်ရဲ့ အလိုကို ဖြည့်ဆည်းပေးရမယ်ဆိုတဲ့ အမြင်နဲ့ မားကက်တင်းကို ကြည့်ရမယ်။ စားသုံးသူရဲ့ လိုအပ်ချက်ကို တကယ်သိမယ်၊ သူတို့တွေအတွက် အကျိုးရှိမယ့် ပစ္စည်းတွေထုတ်မယ်၊ ဈေးနှုန်းသင့်တင့် ဖြန့်ဖြူးမှု ကောင်းပြီး အရောင်းမြှင့်တင်ရေးထိ ရောက်မယ်ဆိုရင် ပစ္စည်းတစ်ခုဟာ အလွယ်တကူနဲ့ ရောင်းချနိုင် လိမ့်မယ်။

မားကက်တင်းဆိုတာ

Chartered Institute of Marketing က မားကတ်တင်းကို “အမြတ်ယူပြီး စားသုံးသူတွေရဲ့ လိုအပ်ချက် ကို ဖြည့်ဆည်းပေးတာ” လို့ အဓိပ္ပာယ် ဖွင့်ခဲ့တယ်။ ဆိုလိုတာကတော့ မားကက်တင်းဆိုတာ Management Function တစ်ခုဖြစ်တယ်။ ဒါကြောင့် ဖောက်သည်တွေရဲ့ အကြိုက်ကိုသိအောင်လုပ်၊ အဲဒီအကြိုက်ကို ဆောင်ပေးနိုင်ရင် လုပ်ငန်းရော ဖောက်သည်ပါ အကျိုးအမြတ်ရမယ်။

အကန့်အသတ်မရှိတဲ့ လိုအင်များ

လူတွေမှာ မြားမြောင်ထွေပြားတဲ့ လိုအင်တွေရှိကြတယ်။ စားဝတ်နေရေးဆိုတဲ့ အခြေခံဇီဝကမ္မ လိုအင် တွေရှိသလို စိတ်ပိုင်းဆိုင်ရာ လိုအင်တွေလည်း ရှိတယ်။ ဒီလိုအင်ဆန္ဒတွေကို မားကက်တင်းသမားတွေ က ဖန်တီးထားတာမဟုတ်။ လိုအင်တစ်ခုရှိလာရင် လူတစ်ယောက်ဟာ ဒီလိုအင်ကို ပတ်သက်ဖို့ကြိုးစား မယ်။ ဒါမှမဟုတ် ဒီလိုအင်ကို ဖြည့်ဆည်းပေးနိုင်မယ့် အရာကိုလိုက်ရှာမယ်။ လူတွေဟာ သူတို့ရဲ့ လိုအင် ဆန္ဒတွေကို Products တွေနဲ့ ဖြည့်ဆည်းကြတယ်။ လူတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အရာတွေကို Products လို့ခေါ်တယ်။ များသောအားဖြင့် Products ဆိုတာ ကားလို၊ တီဗီလို၊ ဆပ်ပြာခဲ လို ဒြပ်ရပစ္စည်းတွေကို ခေါ်တာ။ ဒါပေမဲ့ Products ဆိုတဲ့စကားလုံးက ဒြပ်ရှိပစ္စည်းတွေတင် မကဘူး၊ လူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ပေးနိုင်တဲ့ အရာမှန်သမျှဟာ Products ဖြစ်တယ်။ မားကက်တင်းသမား တွေက ဒြပ်ရှိနဲ့ ဒြပ်မဲ့ပစ္စည်းတွေကို ခွဲခြားဖို့ ကုန်စည် (goods) နဲ့ ဝန်ဆောင်မှု (Services) ဆိုပြီး သုံးနှုန်းကြတယ်။ ဒီ goods တွေ Service တွေအပြင် လူတွေရဲ့ လိုအင်ဆန္ဒတွေက တခြားအရာတွေ ကလည်း ဖြည့်ဆည်းပေးနိုင်တယ်။ အဲဒါတွေက တီဗီမှာ ဘယ်သရုပ်ဆောင်ကို ကြည့်မလဲ။ အားလပ် ရက်မှာ ဘယ်နေရာကိုသွားမလဲ။ ဘယ်အဖွဲ့အစည်းကို ထောက်ခံမလဲ၊ ပံ့ပိုးမလဲ။ ဘယ်အိုင်ဒီယာကို ကျင့်သုံးမလဲ။ ဒါကြောင့် product ဆိုရင် လူတွေရဲ့ လိုအင်ဆန္ဒက ဖြည့်ဆည်းနိုင်မယ့် ဒြပ်ရှိပစ္စည်းတွေ၊ ဒြပ်မဲ့ဖြစ်တဲ့ ဝန်ဆောင်မှုတွေ၊ အခြားအရာတွေ ပါပါတယ်။

မှန်းချက်နဲ့ နှမ်းထွက်

ဖောက်သည်တစ်ယောက်ရဲ့ စိတ်ကျေနပ်မှုဟာ မျှော်မှန်းချက် (expectation) နဲ့ အမြင်သဘောထား (perception) ပေါ်မှာ မူတည်တယ်။ နှမ်းထွက် (expectation) ဟာ မှန်းချက် (perception) အတိုင်းဖြစ် ခဲ့ရင် ဖောက်သည်တစ်ယောက်ဟာ စိတ်ကျေနပ်မှာဖြစ်ပြီး ပိုခဲ့ရင်တော့ ပျော်ရွှင်နှစ်ထောင်း အားရဖြစ် မယ်၊ လျော့ခဲ့ရင်တော့ စိတ်ကျေနပ်မှုရမှာ မဟုတ်တော့။ တွင်းရေလောက်သာ သောက်ဖူးတဲ့ ကျွန်တော့် လို လူတစ်ယောက်ကတော့ ကျွန်တော်တို့ မြို့ကထုတ်တဲ့ ရေသန့်ဘူးလေးကို သောက်ရရင် စိတ်ချမ်းသာ တာပဲ။ ကျွန်တော့်ရဲ့ expectation က ပုလင်းထဲကို ရေထည့်ပြီး တံဆိပ်ကပ်လိုက်ရင် ရေသန့်လို့မြင်ထား တယ်။ ဒါပေမဲ့ နိုင်ငံခြားသားတစ်ယောက်ကတော့ အဲဒီရေသန့်ကို မသောက်ဘူးဗျ။ ကွာလတီ မကောင်း လို့တဲ့။ ရာနှုန်းပြည့် ရေသန့်မဟုတ်လို့တဲ့။ သူ့ရဲ့အမြင် (expectation) က သိပ်မြင့်နေတာကိုး။

တီကျူအမ်

ဖောက်သည်တွေ စိတ်ကျေနပ်မှုဟာ ကွာလတီနဲ့ ဆက်နွှယ်နေတယ်။ ဒါကြောင့် လုပ်ငန်းအတော်များများ က အလုံးစုံအ ရည်အသွေးစီမံခန့်ခွဲမှု (Total Quality Management -TQM) ကို သုံးလာကြတယ်။ တီကျူအမ်ဆိုတာ Product တစ်ခုရဲ့ ကွာလတီကို စဉ်ဆက်မပြတ် အရည်အသွေး ကောင်းအောင်လုပ်တဲ့ ပရိုဂရမ်တစ်ခုပါပဲ။ ကွာလတီဟာ Product တစ်ခုရဲ့ ပါဖောင်းမန့်အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိ တယ်။ ဆိုလိုတာက ကွာလတီကောင်းရင် ပါဖောင်းမန့် ကောင်းမယ်။ ပါဖောင်းမန့်ကောင်းရင် ဖောက် သည်တွေ စိတ်ချမ်းသာမယ်၊ လုပ်ငန်းလည်း အမြတ်ရမယ်။

မားကက်တင်းဘယ်မှာသုံး

မားကက်တင်းကို ကုန်စည်တွေ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေကသာ သုံးကြတာမဟုတ်။ ဘဏ္ဍာ ရေး အဖွဲ့အစည်းတွေ၊ ဆံပင်ညှပ်ဆိုင်တွေ၊ စာရင်းကိုင်လုပ်ငန်းတွေလို ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ တက္ကသိုလ်တွေ၊ ပရဟိတလုပ်ငန်းတွေ၊ ဆေးရုံတွေ၊ စစ်တပ်တွေလို အမြတ်ကို ရှေးမရှုတဲ့ အဖွဲ့အစည်း တွေကလည်း မားကတ်တင်း လုပ်ကြတယ်။


By HR Journal
မောင်စိုင်း
------------------------------------------------- 
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...