“ဆား” ပွင့်လေးရဲ့ အသုံးဝင်ပုံ

“ဆား” ဟု ကြား လိုက်သည်နှင့် တပြိုင်နက်တည်း အဖြူရောင် ခပ်ကြမ်းကြမ်း အမှုန့် လေးတွေကို မျက်လုံးထဲ မြင်ယောင်လာကာ “ငန်လိုက်တာ" လို့ သဘောပေါက် လေ့ ရှိကြပါတယ်။ ဆားကို ဓာတုဗေဒ နည်းဖြင့် ခွဲခြမ်း စိပ်ဖြာ ကြည့်ပါက၊ ကလိုရိုက် အိုင်းယွန်းနဲ့ ဆိုဒီယမ် အိုင်းယွန်းတို့  ပေါင်းစပ် ထားသော ဆိုဒီယမ် ကလိုရိုက် သတ္တုဓာတ်ပေါင်း ဖြစ်ပါတယ်။ ဆားကို အကြမ်းပြင်း အားဖြင့် (၁) ဆားကြမ်း (၂) စားပွဲတင် ဆား နှင့် (၃) အိုင်အိုဒင်း ဆား ဟူ၍ ၃မျိုး ခွဲခြား ထားပါတယ်။ ပင်လယ်ရေက ရရှိပြီး သဘာဝအတိုင်း မပြုပြင်ရသေးတဲ့ ခပ်ကြမ်းကြမ်း ရှတတ ရှိသော ဆားခဲကြီးကို ဆားကြမ်းလို့ ခေါ်ပါ တယ်။ အဲဒီဆားကြမ်း ခဲကြီးများကို အရောင် ချွတ်ဆေးသုံးပြီး ဖြူဖွေးသန့် စင်စေ ကာ ၊ နူးညံ့ မှုန့်ညက်နေအောင် စက်ဖြင့် ကြိတ်ထား တာကိုတော့ စားပွဲတင်ဆား လို့ ခေါ်ပါ တယ်။ ဆားငန်ရည် (သို့ ) ဆားကြမ်းကို အိုင်အိုဒင်းဓာတ် ဖြည့်စွက်ကာ၊ အဖြူရောင်/ ပန်းရောင် /မီးခိုးရောင်ဖျော့ဖျော့ ဆားပုံဆောင်ခဲ လေးတွေအဖြစ် ပြုပြင်ထား တာကို အိုင်အိုဒင်းဆားလို့ ခေါ်ပြီး၊ သူကတော့ စားပွဲတင်ဆား လောက် မနူးညံ့ပါဘူး။

သမိုင်းရာဇ၀င်များအရ၊ ကမ္ဘာပေါ်တွင် ဆား ပထမဦးစွာ ထွက်ရှိသောဒေသမှာ ရိုမေးနီးယားနိုင်ငံ Lunca ဒေသဖြစ်ပြီး၊ လွန်ခဲ့သော ၆၀၅၀-ဘီစီ ကတည်းကလို့  ဆိုပါတယ်။ အဲဒီကာလများမှာ ဆားဟာ တန်ဘိုးကြီး ရတနာဖြစ်လို့  ဆား (၁)အောင်စဟာ ရွှေစင် (၁)အောင်စ နဲ့ တန်ဘိုး တူပါတယ်တဲ့။ ရှေးယခင် အိန္ဒိယ နှင့် ကိုရီးယား နိုင်ငံများတွင် ဆားဟာ လွန်စွာ အဖိုးထိုက်တန် ရှားပါးလို့  ဆားကြောင့် စစ်ပွဲများ ဖြစ်ခဲ့ကြပါသတဲ့။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှေးယခင် ကာလကတည်းစလို့ ဆားကို ရိုးရာ ဘာသာရေး ထုံးတမ်း အစဉ်အလာ များအရ တွင်ကျယ်စွာ သုံးစွဲလာခဲ့ကြတာ ယနေ့ ထက်တိုင်အောင် ပါဘဲ။ အီဂျစ်မာမီးရုပ် အလောင်းများ မပုပ်သိုးအောင်ဆေးရည် စိမ်စီမံရာမှာ ဆားကို အသုံးပြုကြပါတယ်။ ဂျာမနီနိုင်ငံတွင် ကြင်စဦး ဇနီးမောင်နှံတို့ အတွက် မကောင်း သောဂြိုလ်ဆိုးများ ပပျောက်ရန် အိမ်ခန်း ထောင့်များကို ဆားပုံထားကြရပါတယ်။ ဂျူးရိုးရာ Shabbat ဘာသာရေး အခမ်းအနား များမှာ ဆားနဲ့ ပေါင်မုန့် ဖြင့် ဧည့်သည်တော်များကို ဧည့်ခံလေ့ရှိကြပါတယ်။ ကက်သလစ် ဘုရားကျောင်း များမှာလဲ မကောင်း သောအညံ့ဆိုးတွေ ပြေပျောက်ဖို့  ဆားလက်တစ်ဆုပ် စာပမာဏဖြင့် ပုခုံးရဲ့ ရှေ့ ဘက်ကနေ အနောက်ဘက်သို့ ပက်ပေးရ ပတယ်။ ဂျပန်နိုင်ငံရှိ ဆူမိုနဘမ်းပွဲများမှာလည်း၊ ပြိုင်ပွဲဝင်များဟာ မကောင်း သော ကံများပျောက်ပြီးအနိုင်ရစေ ဘို့  ရည်ရွယ်ကာ ပွဲမစခင်ကြိုးဝိုင်းထဲမှာ ဆားကိုစက်ဝိုင်းပုံသဏ္ဌာန် ဖျန်းပက်ကြပါတယ်။ အာ ရှတိုက်နိုင်ငံအသီးသီးမှာလဲ ထိုနည်း၎င်းပါဘဲ။ အထူးသဖြင့် ကိုရီးယားနိုင်ငံမှာ မကောင်းဆိုးဝါးများကို မောင်းထုတ်သည့် အနေဖြင့် အမှောင့်ပယောဂ ပူးနေသည့် သူကို ဆားဖြင့် ဖျန်းပက် လေ့ရှိပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာလဲ၊ မြတ်စွာဘုရားရှင် လက်ထက်တော်ကာလ ကတည်းက ဆွမ်းပဒေသာပင် လှူဘွယ်ပစ္စည်းတို့ တွင် ဆားလည်း တစ်မျိုးအပါအ၀င် ဖြစ်ပါတယ်။ မြန်မာလူမျိုးများ ရှေးရိုးစွဲ အယူအဆ အရ၊ အိမ်သစ်တက် သောနေ့ တွင် အိမ်အ၀န်းအ၀ိုင်း တွင်း/ပြင် သို့ ဆားပက်ဖျန်းလေ့ရှိကြတာ ယနေ့  ထက်တိုင်အောင်ပါ။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆားကို ဟင်းခတ်ပေါင်ဒါမှုန့် အဖြစ် မဖြစ်မနေ သုံးစွဲလျှက်ကြသလို၊ မြန်မာပြည် မှာလဲ ကမ္ဘာ့နှင့်ရင် ဘောင်တန်းကာ ဆား စားသုံးမှုလက် မနှေးကြပါဘူး။ ဆားကိုမည်မျှ စွဲလန်းသလဲ ဆိုရင် “အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ၊ ဆားမပါတဲ့ ဟင်းလိုဘဲ” ဟု ဆား၏ အရေးပါပုံကို တင်စား ကြရပါတယ်။ ကျွန်မတို့ နေ့ တဓူဝ စားသောက် နေကြသော အကြော်/ အလှော်/အချက်/အပြုတ်/အသုပ်/ အကင်/ အဖုတ်/ ဟင်းချို/ ဟင်းခါး/ ချဉ်ရည်တို့ တွင် အငံဓာတ်ရှိသော ဆားပါမှ ဟင်းရဲ့ အချို ဓာတ် ဟာလဲ ပို၍လေးပင်လာမှာပါ။ မြန်မာ့ရိုးရာ မုန့် ပဲသွားရည်စာများမှာလဲ ဆား နဲ့ မလွတ်ကင်းကြ သလို၊ ယုတ်ဆွအဆုံး သစ်သီးဖျော်ရည် တို့ တွင် ဆားမှုန်နဲနဲထဲ့ပါမှ လေေ ကျစေပါတယ်။ “မြန်မာ့ငပိ၊ ကမ္ဘာကသိ” ဆိုရိုးစကားအတိုင်း ကမ္ဘာကျော် ငပိကလဲ၊ ငါးကိုရေဆေး၊ ဗိုက်ခွဲကာအူတွေထုတ်ပြီး၊ ဆားနဲ့ အပုပ်ခံလုပ် ထားတာပါဘဲ။

ဆားကို နေရာဒေသမရွေး ဈေးပေါပေါနှင့် အလွယ်တကူ ၀ယ်ယူရရှိနိုင်လို့  သူ့ ရဲ့ ကောင်းကျိုးပြုပုံတွေကို သတိမထားမိကြ ပေမယ့်၊ သင့်တင့်လျောက်ပတ်စွာ အကျိုးရှိ ရှိသုံးတတ်ရင်တော့ အလွန်ဆေးဘက် ၀င်ပါတယ်။ ဒါကြောင့် မြန်မာ့ရိုးရာတိုင်းရင်း ဆေးဝါးများဖော်စပ်ရာမှာ၊ အသုံးပြုလေ့ရှိပါတယ်။ ဆေးသိပ္ပံ ပညာရှင်များရဲ့  သုတေသ နပြုချက်များအရ၊ သဘာဝပင်လယ်ရေမှ ချက်လုပ်သောဆားဟာ စားပွဲတင် ဆားထက် ပိုမိုဆေးဘက်ဝင်တယ်လို့  ဆိုပါတယ်။ crystal salt (ခေါ်) အိုင်အိုးဒင်းဆား ကတော့ အိုင်အိုဒင်း ဓာတ်ချို့ တဲ့သူများ အတွက်အထူးသင့်တော်ပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ် မှာ ရေဓာတ်နဲ့  အငန်ဓာတ်မရှိရင် အသက်မရှင်နိုင်ပါဘူး။ ဥပမာ သွေး၊ ချွေး၊ မျက် ရည်တွေဟာ အငန်ဓာတ်ရှိနေလို့ ၊ လူတစ်ဦးအနေဖြင့် တစ်နေ့တာ လိုအပ်တဲ့ ဆားပ မာဏဟာ အသက်အရွယ်အလိုက် ၁၅၀ဝ မီလီဂရမ်မှ ၂၃၀ဝ မီလီဂရမ်မျှလိုအပ် ပါတယ်။ ကဲ….ဆားပွင့်လေး မှ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ ? အောက်ပါအတိုင်း လေ့လာကြည့်လိုက် ကြရအောင်။

(၁) ဆားဟာ အပူဓာတ်အနေနဲ့ လူတွေကို ကောင်းကျိုးပြုနိုင်လို့ ၊ ဥပမာ မိုးမိ၍ခိုက် ခိုက်တုန်ချမ်း နေသူ များကို ဆားဖျော်ရည် တိုက်ခြင်းဖြင့် ချက်ချင်းဆိုသလို ခန္ဓာကိုယ် အနွေးဓာတ် ရရှိလာစေပါတယ်။
(၂)ဆားဟာ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေလို့ ၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး စတဲ့ ရာသီးဖျားများကို အလွယ်တကူ မကူးစက်စေနိုင်ပါဘူး။
(၃) ခေါင်းလျှော်တဲ့အခါ ရေထဲမှာ ဆားနည်းနည်း ထည့်လျှော်ပေးပါက၊ ဆံပင်ကျွတ်တာကို ကာကွယ်နိုင် သလို၊ ဗောက်များလဲ သေစေပါတယ်။
(၄) ခန္ဓာကိုယ်ထဲမှာ ဆားဓါတ်နည်းရင် အားအင်ကုန်ခမ်းပြီး မူးဝေတတ်တာကြောင့်၊ ချွေးထွက်များသော ကာယလုပ်သားများ၊ ၀မ်းလျှောသူများ၊ အာဟာရနည်းပြီး အားပြတ်သော လူမမာများနှင့် နွေရာသီလို အပူဓာတ်ပြင်းကာ ချွေးထွက်လွန်သူများ ဓာတ်ဆားရည်ကို သောက်ပေး သင့်ပါတယ်။
(၅) မြွေကိုက်ခံရပါက၊ ဆေးရုံ/ဆေးခန်းသို့  မသွားခင် အဆိပ်ရဲ့ စုဖွဲ့ မှုကိုအပူ နဲ့ တို က်ထုတ်သည့် အနေဖြင့် ဆားရည်ပျစ်ပျစ် ဖျော်သောက်ပေးရပါတယ်။ ဒါမှသာ အဆိပ်များပြန့် မလာတော့ဘဲ၊ အသက် ချမ်းသာရာ ရစေမှာပါ။
(၆) သွားကိုဆားနဲ့ ပုံမှန်တိုက်ပေးပါက၊ သွားပိုးမစာ/ သွားခိုင်စေသည့် အပြင်၊ ခံတွင်း ရနံ့ လဲ ရှင်းသန့် စေမှာပါ။ အာခံတွင်းနံ့  ဆိုးသူများ နှင့် တံတွေးမကြာခဏ ထွက်တတ် သူများသည် ဆားငံရည် ပလုပ်ကျင်း ပေးခြင်းဖြင့် သက်သာရာ ရစေပါတယ်။
(၇) ယားနာရှိသူများ၊ အသားရည်ခြောက်သွေ့ သူများ၊ ၀ဲနှင်းခူဝေဒနာသည်များ၊ သွေး မသန့် ၍ အရေပြား ယားယံကာ အဖုအပိမ့် ထွက်သူများသည် ဆားငံရည်ဖြင့် ရေချိုး သန့် စင်ပေးခြင်းဖြင့် သက် သာပျောက်ကင်းစေပါတယ်။
(၈) ဆားဟာ ချွေးပေါက်များပွင့်လာကာ၊ အရေပြားထဲရှိ သွေးလည်ပတ်မှု ပုံမှန်ဖြစ်စေ လို့  ၀က်ခြံပေါက် သူများ သနပ်ခါး ထဲမှာ ဆားရေကျဲရောစပ်လိမ်းပေးနိုင်ပါတယ်။ အ သားအရေကိုလဲ ချောမွေ့ လာစေ ပါတယ်။
(၉) လမ်းများများလျှောက်သူများ၊ မတ်တပ်အကြာကြီး ရပ်၍ အလုပ်လုပ်ရသောသူ များ နှင့် ခရီးရှည်သွား ပြီးနောက် ခြေထောက်များ သွေးကျပြီး ရောင်ရမ်းနာကျင်ပါက ဆားရည်စိမ်ပြီး အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် သက်သာလာ စေပါတယ်။
(၁၀) မွေးရာပါ မျက်စေ့မှုန်သူများ နှင့် အညောင်းထိုင်ကာ အပူခဲသူများသည် ညအိပ် ယာဝင်ခါနီး ဆားကြမ်းနင်းပေးပြီး၊ ဒူးခေါင်းအထက်မှ ရေလောင်းချကာ ပုံမှန်လုပ်ပေးခြင်းဖြင့် မျက်စေ့အမြင် ကြည်လင် စေပါတယ်။
(၁၁) မျက်သားတက်ကာ၊ မျက်စေ့ယားယံသူများအတွက် ဆားရည်ကြည်အနဲငယ်ကို မျက်စဉ်းခပ်ပေးနိုင် ပါတယ်။
(၁၂) သင်တစ်နေ့ တာစားလိုက်သော ဆားပမာဏ၏ ၁/၄ ပုံဟာ အရိုးထဲရောက် ရှိသွားပြီး၊ အရိုးကို သန်မာလာစေပါတယ်။ ဒါကြောင့် အရိုးကြွတ်ဆတ်ရောဂါရှိ သူများ အတွက် သင့်တင့်မျှတသော ဆားငံရည် သောက်သုံးပေးသင့်ပါတယ်။
(၁၃) ပင်လယ်ဆားငံရည်ထဲမှာ ခန္ဓာကိုယ်ထဲရှိ serotonin နှင့် melatonin ဟိုမုန်းများကို လှုံ့ ဆော်ပေး သောကြောင့်၊ ပင်လယ်လေ ရှုရိုက်ပေးပါက၊ စိတ်ကျရောဂါ မဖြစ်တော့ဘဲ လူကို လန်းဆန်းတက်ကြွ လာစေကာ၊ ညဘက်လဲ ကောင်းကောင်း အိပ်ပျော်စေပါတယ်။ ဒါ့ပြင် ပင်လယ်လေ ၀၀ရှုရှိုက်ပေးခြင်းဖြင့် အဆုတ်ကိုလည်း ကျန်းမာစေပါတယ်။ ထိပ်ကပ်နာရောဂါကိုလဲ ပျောက်စေနိုင်ပါတယ်။
(၁၄) ဆားဟာ ကိုယ်ခန္ဓာအလေးချိန်ကို ကျစေတယ်ဆိုတာကို ယုံမှားသံသယမဖြစ်ပါနှင့် အဘယ်ကြောင့် ဆိုသော်၊ ဆားဟာ အစာချေဖျက်မှုကို အားပေးပြီး၊ အူလမ်းကြောင်းကို အထောက်အကူပြုကာ ၀မ်းမချုပ် စေတဲ့အတွက် ကိုယ်အလေးချိန် တက်ခြင်းကို ဤနည်းဖြင့် တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးခြင်းပါဘဲ။
(၁၅) ဆားဟာ ကိုလက်စထရော ပမာဏကို လျော့ချပေးတာကြောင့်၊ နှလုံးသွေးကြောများ အဆီမပိတ် ဘဲ ပွင့်လန်းလာကာ နှလူံခုန်နှုန်းကို ပုံမှန်ဖြစ်စေလို့ ၊ နှလုံးကျ န်းမာစေပါတယ်။
(၁၆) ပန်းနာ ဝေဒနာသည်များ အလွန်အမင်းမွန်း ကြပ်လာပါက၊ ဆားမှုန်ကို လျှာပေါ် ပွတ်ပေးပြီး၊ ရေတိုက်ပေး သင့်ပါတယ်။
(၁၇) သင့်တင့်မျှတသော ဆားပမာဏဟာ ခန္ဓာကိုယ်ထဲရှိ အင်ဆူလင် ပမာဏကိုလျော့ချ၍၊ အချိုဓာတ် ပမာဏကို ထိန်းညှိပေး တာကြောင့် ဆီးချိုရောဂါသည်များ အားထားလောက်ပါတယ်။
(၁၈) ပိုတက်စီယမ် ဓာတ်ဟာ ကြွက်သားများကို ကောင်းစွာ အလုပ်လုပ်နိုင်စေရန် အထောက်အကူ ပေးတာကြောင့်၊ သဘာဝ ပိုတက်စီယမ် ကြွယ်ဝသော ပင်လယ်ဆား ကြမ်းရည်ကို သင့်တင့်လျောက် ပတ်စွာ သောက်သုံးခြင်းဖြင့် ကြွက်တက်ခြင်း မဖြစ်စေပါ။ ဒါ့ပြင် ကြွက်သားများကိုလဲ ခွန်အားဖြစ်စေ ပါတယ်။
(၁၉) အသံဝင် ချွဲသလိပ်ကပ်သူများ နှင့် အာသီးရောင်သူများ ဆားရည်နွေးနွေးဖြင့် အာသီးကို ပလုပ်ကျင်း ပေးနိုင်ပါတယ်။
(၂၀) ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော အက်ဆစ်များကို ဆီးအဖြစ် ထုတ်ပေးစေလို့ ၊ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ဒါ့ပြင် လိင်စိတ်ဆန္ဒကို တိုးမြှင့်ပေးပါတယ်။
(၂၁) အိုင်အိုဒင်းဆားဟာ ဦးနှောက်ဆဲလ်များကို ကောင်းကျိုးပြုစေလို့ ၊ ကိုယ်ဝန်ဆောင် မိခင်များ စားသုံး ပေးသင့်ပါတယ်။

ကျန်းမာရေးအပြင် အိမ်ရှင်မ များအတွက် ဆားရဲ့ အကျိုးပြုပုံတွေကတော့ (၁) ရေစိုနေတဲ့ ယမ်းမီးခြစ်ကို ဆားပေါ်မှာ တင်ထားရင် မိနစ်အနည်းငယ်အတွင်း ခြောက်သွေ့ လာနိုင်ပါတယ်။ (၂) ဘုရားစင်ပေါ်က ပန်းများကို ကြာကြာခံအောင် ပန်းအိုးထဲကရေကို ဆားနဲနဲ ခပ်ပေးရပါမယ်။ (၃) မီးဖိုချောင်သုံး ဓားကို ဆားရေနဲ့ သွေးပေးရင် ဓား ပိုထက်လာပါတယ်။ (၄) အိပ်ယာတွင် ဂျပိုးတွယ်ပါက၊ ခြင်ထောင် နဲ့ ဖျာတို့  ကို ဆားငန်ရေ လောင်းပေးနိုင်ပါတယ်။ (၅) အသစ်ဝယ်လာသော ဖန်ခွက်၊ ဖန်ပန်းအိုး၊ ဖန်ကန်း ပန်ပြား စသည့် ဖန်ထည်ပစ္စည်းတို့ ကို ဆားရည်ထဲမှာ ခေတ္တမျှစိမ်ထားခြင်းဖြင့် အလွယ်ကတူ အက်မကွဲနိုင်တော့ ပါ။

ကဲ…ဆားရဲ့ အသုံးဝင်ပုံ အဖုံဖုံကို အထက်ပါအတိုင်း သိမြင်ကြရပါပြီ။ လူတို့ အတွက် သာမက၊ သက်ရှိ တိရစ္ဆာန်များ နှင့် အပင်တွေ အတွက်လည်း အနည်းအကျဉ်းပမာဏ မျှရှိသော ဆားက မရှိမဖြစ် လိုအပ်တဲ့ အရာလေးပါဘဲ။ ဒါပေမယ့် ဆားအရေအတွက် များများကြီး စားမိပြီဆိုရင်တော့ သွေးတိုးရောဂါ အပြင်၊ သွေးတိုးရောဂါနှင့် ပတ်သက် စပ်ဆက်လျှက်ရှိတဲ့ နှလုံးရာဂါ၊ လေငန်းရောဂါတို့ ဖြစ်လာစေမှာ ဧကန်မလွှဲပါ။ ထို့ ပြင် ဆားအလွန်အကျွံ စားသုံးပါက၊ ကျောက်ကပ်ကိုလဲ ပျက်စီးစေပါ တယ်။ သွိုင်းရွို က် ဝေဒနာသည်များ အိုင်အိုဒင်းဆားကို အထူးရှောင်ရှား သင့်ပါတယ်။ ဆားအလွန် အကျွံ သုံးစွဲပါက၊ လူသာမက သက်ရှိတိရစ္ဆာန်များ နှင့် အပင်တွေကိုလဲ ဘေးထွက်ဆိုး ကျိုးများဖြစ်စေနိုင်လို့ ၊ သင့်တင့်မျှတရုံပမာဏ သုံးစွဲခြင်းဖြင့် ကျန်းမာသုခ ရနိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ရပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
ကိုးကား (encyclopedia : health benefits of salt)
-
promise.pauk
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...