သွေးတိုးရောဂါ
သွေးတိုးရောဂါဟာ လူတွေအတွက် အသက် ၄၀ ကျော်လာရင် အဖြစ်များလာကြတဲ့ ရောဂါတစ်မျိုး ပါပဲ။ ဆီးချိုသွေးချို ရောဂါလိုပါပဲ။ သူကနေ တစ်ဆင့် ဖြစ်ပွားလာနိုင်တဲ့ ဆင့်ပွားရောဂါ ဥပဒ္ဒဝေါတွေ အများကြီး ရှိနေပါတယ်။ ကံကောင်းတာ တစ်ခုက သူ့ကို လွယ်လွယ်နဲ့ ကုသ ထိန်းချုပ်နိုင်တဲ့ အချက်ပါပဲ။ ဆေးမှန်မှန် သောက်ပြီး မသင့်တဲ့ အစားအသောက်၊ အမူအကျင့်၊ အနေအထိုင်တွေ ထိန်းချုပ် လိုက်တာနဲ့ အလွယ်တကူ သွေးတိုးကျလာနိုင် ပါတယ်။
သွေးတိုးစေအောင် အားပေးတဲ့ အရာတွေလည်း ရှိနေပါတယ်။ အဲဒါတွေ ကတော့-
၁။ အိမ်သုံးဆား၊ ဆော်ဒါ၊ အချိုမှုန့် များများစားခြင်း။
၂။ ပိုတက်စီယမ်ဓာတ် ချို့ငဲ့ခြင်း(ကယ်စီယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ် များပါတွဲပြီး ချို့ငဲ့တတ်ပါတယ်)။
၃။ စိတ်ဖိစီးမှုများခြင်း၊ ဘ၀မှာ အပြိုင်အဆိုင်များခြင်း။
၎။ အ၀လွန်ခြင်း။
၅။ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း။
၆။ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ အညောင်းထိုင်ခြင်းများ တို့ပါပဲ။
သွေးတိုးရောဂါ ရှိတဲ့အတွက် ဖိအားများတဲ့ သွေးတွေဟာ နှစ်ရှည်လများ အဟုန်ပြင်းပြင်းနဲ့ စီးဆင်းတဲ့ ဒဏ်ကြောင့် သွေးကြောကြီးတွေရဲ့ နံရံတွေ၊ နှလုံးသွေးကြောနဲ့ အခန်းနံရံတွေ၊ ကျောက်ကပ်၊ ဦးနှောက် စတဲ့ အဂါင်္တွေကို ပျက်စီးစေပါတယ်။ အဲဒီဖိအားကပဲ သွေးထဲမှာ ပေါလောမျောနေတဲ့ အဆီဥတွေကို သွေးကြော နံရံတွေမှာ ပို့စေပါတယ်။ ဒီလိုနဲ့သွေးကြောက တဖြည်းဖြည်း ကျဉ်းလာရပါတယ်။ ကြာတော့ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးငတ်တဲ့ရောဂါ၊ နှလုံးသွေးကြောပြတ်ပြီး ကြွက်သားတွေ သေသွားတဲ့ရောဂါ (Myocardial Infaret) နဲ့ လေငန်း ရောဂါတွေပါ ဖြစ်လာရပါတယ်။ သွေးတိုးကြောင့် မျက်လုံး၊ ကျောက်ကပ်နဲ့ ဦးနှောက် စတာတွေထဲက နုနယ်တဲ့ သွေးကြောတွေ ပေါက်ကွဲပြီး သွေးယိုစီးနိုင် တာမို့ အချိန်မီမကုစားနိုင်ရင် အသက်ကို အန္တရာယ်ပြုနိုင်ပါတယ်။
သွေးတိုးနဲ့ ပတ်သတ်လို့ သက်ဆိုင်ရာ ဆရာဝန်တွေအနေနဲ့ သွေးချိန်တိုင်းရုံသာမက ECG၊ ဆီးစစ်ခြင်း၊ ဆီးပိုးမွေးခြင်း၊ ရင်ဘတ်ကို ဓာတ်မှန်ရိုက်ခြင်း၊ မျက်လုံးထဲကြည့်တဲ့ ကိရိယာနဲ့ကြည့်ခြင်း၊ သွေးထဲက အဆီဓာတ်တိုင်းခြင်း၊ နှလုံးကို တယ်လီဗေးရှင်းရိုက်ခြင်း စတဲ့ စမ်းသပ်စစ်ဆေးမှု အဖုံဖုံကို လိုအပ်သလို လုပ်ပါလိမ့်မယ်။
လူတစ်ယောက် သွေးတိုးနေပြီဆိုရင် ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ရင်တုန်၊ အသက်ရှူမ၀ဖြစ် တာနဲ့အတူ သွေးလေးပြီး နေ့ခင်းဘက် အိပ်ချင်စိတ် သိပ်ဖြစ်တတ်ပါတယ်။ ညဘက်မှာတော့ စိတ် လှုပ်ရှားပြီး အိပ်မပျော်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ လန့်တတ်ထိတ်တတ်ခြင်း၊ လန့်ပြီးရင် ဒေါသထွက်ပြီးရင် တော်တော်နဲ့ အမောမပြေနိုင်ခြင်း ဖြစ်တတ်ပါတယ်။သွေးတိုးဝေဒနာ ကြာရှည်လာရင်တော့ နာတာရှည်သဘော ဖြစ်လာပြီး မျက်စိတွင်းက သွေးကြောလေးတွေနဲ့ အာရုံကြော လေးတွေကို ထိခိုက်ပြီး အမြင်အာရုံ ချို့ယွင်းလာရပါတယ်။ မောလွယ်လာတတ်ပါတယ်။ ခေါင်းထဲမှာ မကြည်ဘဲ စိတ်တိုလွယ်တတ်ပါတယ်။ ဆင့်ပွားရောဂါတွေအနေနဲ့ မျက်စိကွယ်ခြင်း၊ လေငန်းရောဂါ ဖြစ်ခြင်း၊ နှလုံးကြီးခြင်း၊ သွေးကြောတွေ ကြီးလာပြီး ပေါက်ကွဲခြင်း ဆိုတာတွေ ဖြစ်လာတတ်ပါတယ်။
သွေးကိုတိုးစေတတ်တဲ့ ဆားများတဲ့ဟင်းတွေ၊ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်နဲ့ ငန်ပြာရည်တွေ၊ အချိုမှုန့် များများပါတဲ့ အစားအသောက်တွေ၊ အဆီအစေးများပြီး ပိတ်ဆို့တတ်တဲ့ ငါးသလောက်၊ ငါးသေတ္တာ၊ အုန်းနို့၊ ဒညင်းသီး၊ ဒူးရင်းသီးစတဲ့ အစားအစာတွေ၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်း ဆီထမင်း တို့ကို လည်း ရှောင်သင့်ပါတယ်။
သွေးတက်ခြင်းကို လျော့နည်းပျောက်ကင်းစေတဲ့ ဒန့်ဒလွန်သီး၊ ဒန့်သလွန်ရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှမ်းနံနံ၊ တရုတ်နံနံ၊ ဥသျှစ်ရွက်တွေအပြင် ၀မ်းနဲ့ဆီးကို ရွှင်စေတတ်ပြီး ကြေညက်လွယ်တဲ့ သားငါးသီးနှံတွေကို စားသင့်ပါတယ်။
ကြက်သွန်ဖြူဟာ ၀ါယုလေဓာတ်ကို နိုင်လှတဲ့အတွက် သွေးတိုးရောဂါအတွက် အကောင်းဆုံး ဆေး တစ်လက် ဖြစ်ကြောင်း ရှေးဟောင်း အာယုဗ္ဗေဒ ဆေးကျမ်းကြီးတွေမှာ ဖော်ပြထားပါတယ်။ ကြက်သွန်ဖြူ ကို သူ့ချည်းဖြစ်စေ၊ နွားနို့နဲ့ရောကြိတ် လို့ဖြစ်စေ ရှေးဦးစွာ တစ်နေ့ ၁ ပဲသား ကုန်အောင် သောက်ရပါ တယ်။
ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပြီး ဆေးလည်းမှန်မှန်မှီဝဲရင် သွေးတိုးရောဂါကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပါ မယ်လို့ တင်ပြလိုက်ရပါတယ်။
(မှတ်ချက်။ ဒေါက်တာအောင်နိုင်(ဆေးသုတေသန)ရေးသားသော ရောဂါသုတ ဆေးသုတ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)
ref;MOI Webportal Myanmar

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook