မြွေဟောက်ဟင်း မရောင်းဟု ဗီယက်နမ်ဟိုတယ် ငြင်းဆို


မြွေဟောက်ဟင်းဟု အွန်လိုင်း စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ဟင်းပွဲပုံ (ဓာတ်ပုံ - shwemyanmar mediagroup)

ရန်ကုန် မြို့လယ်ကောင်ရှိ ဗီယက်နမ် ဟိုတယ်ဟု လူသိ များသော မစ္စတာလီ ဟိုတယ်တွင် ၅၅ ဒေါ်လာ တန် မြွေဟောက် ဟင်းပွဲများ ရောင်းချ နေသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဟိုတယ်က ငြင်းဆို လိုက်သည်။

လမ်းမတော်မြို့နယ်၊ လမ်း မတော်လမ်း၊ တိုက်နံပါတ် (၁၂၉)တွင် ဖွင့်လှစ် ထားသော မစ္စတာလီ ဟိုတယ် (Mr.Lee) တွင် မြွေဟောက် ဟင်းများ ရောင်းချ နေကြောင်း မြွေဟောက်ဟင်း ဓာတ်ပုံများ၊ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာ များတွင် ပျံ့နှံ့ခဲ့သည်။

မစ္စတာလီ ဟိုတယ်ပိုင်ရှင် ဦးမောင်မောင်က ‘‘သံဈေးက ဝယ်တဲ့ ငါးရှဥ့်ရယ်၊ ငါးရံ့အကြေးခွံနဲ့ အုပ်ထား တာပါ။ ဒါကိုမြွေလို့ ပြောကြတာပါ။ ဓာတ်ပုံကမှန်တယ်။ ခုလိုနားလည်မှု လွဲအောင် လုပ်လို့တောင် ဒေါသ ထွက်တယ်။ အခုအဲဒီမီနူးကိုလည်း ပြန်ဖြုတ်လိုက်ပါပြီ။ ဟိုတယ် မဖွင့်စေချင်လို့ မကျေနပ်တဲ့ လူတွေ လုပ်တာပါ’’ဟု ၎င်းက ဆိုသည်။

ဟိုတယ်တွင် မြွေဟောက် အရှင်များလှောင်ထားပြီး မြွေ ဟောက်ဟင်းများ ရောင်းချနေသည့် သတင်းများ ထွက်ပေါ်နေ သဖြင့် အနီးဝန်းကျင်တွင် နေထိုင် သူများက စိုးရိမ်နေပြီး တာဝန်ရှိ သူများကို စစ်ဆေးစေ လိုကြောင်း ယင်းဟိုတယ်အနီးသို့ သွား ရောက်မေးမြန်းမှုအရ သိရသည်။

‘‘မြွေတွေ မွေးထားတာ မဟုတ်ပါဘူး။ ငါးတွေပါ။ စားသုံးသူတွေမှာလို့ လုပ်ပေးရတာပါ။ မြွေပုံစံနဲ့တူတဲ့ ရှည်လမျောငါးမျိုးပါ။ သူတစ်မျိုးတည်း ရောင်းတာ မဟုတ်ပါဘူး။ တခြားဟင်းတွေလည်း ပါပါတယ်။ ထမင်းလည်းပါမှ ၅၅ ဒေါ်လာပါ’’ ဟု ဟိုတယ်၏ တာဝန်ရှိသူ ဦးနေလင်းအောင်က ပြောသည်။

‘‘ကားပေါ်ကနေ သယ်သယ် နေတာတော့တွေ့တယ်။ ဟိုတယ် ထဲမှာ မြွေဟောက် အရှင်တွေ လှောင်ထားတာလို့လည်း ကြားတယ်။ မတော်တဆမြွေတွေလွတ် ထွက်ပြီး အိမ်နီးနားချင်း တိုက်အိမ် တွေဆီရောက်မှာကိုပဲ ကြောက်နေတာ’’ဟု ယင်းဟိုတယ်အနီးရှိ တိုက်ခန်းတွင် နေထိုင်သူတစ်ဦး က ဆိုသည်။

ယင်းဟိုတယ်တွင် ဗီယက် နမ်လူမျိုးများနှင့် ဥရောပနိုင်ငံသားများ လာရောက်တည်းခိုမှု များပြီး တရုတ်နိုင်ငံသားအနည်း ငယ်သာ တည်းခိုကြောင်း ဦးမောင်မောင်က ပြောသည်။

၁၉၉၄ ခုနှစ် တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းကာ ကွယ်ရေးဥပဒေတွင် တောရိုင်း တိရစ္ဆာန်အမျိုးအစား သုံးမျိုးခွဲ၍ ကာကွယ်ပေးထားပြီး လုံးဝကာ ကွယ်ရမည့် ဆင်၊ ကျား၊ ကြံ့စသော တိရစ္ဆာန်များနှင့် အခြား အမျိုးအစားနှစ်ခုတွင် မြွေအမျိုး အစားများလည်း ပါဝင်ကြောင်း၊ တောရိုင်း တိရစ္ဆာန်များရောင်း ဝယ်ဖောက်ကားလျှင် အနည်းဆုံး ထောင်ဒဏ် ခုနစ်နှစ် အထက်နှင့် ဒဏ်ငွေ (သို့မဟုတ်) နှစ်မျိုးစလုံး ကျခံရနိုင်သည်။

‘‘တောရိုင်းတိရစ္ဆာန်တွေကို ဟင်းအနေနဲ့ ရောင်းလို့မရဘူး။ မြွေဟောက်မှ မဟုတ်ဘူး။ ဘယ် မြွေမဆို မိမိသဘောနဲ့ရောင်းဝယ် ဖောက်ကားခွင့် မရှိဘူး’’ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း ဒုဥက္ကဋ္ဌ ဦးသိန်းအောင်က ရှင်းပြသည်။

သိမ်းကြီးဈေး (C)ရုံတွင် တောတွင်း တိရစ္ဆာန်များဖြစ်သည့် လိပ်၊ ဖွတ်၊ တောကြောင်၊ မြွေမျိုးစုံ စသည့် တောတွင်း တိရစ္ဆာန်အစုံ ရောင်းချသည့် စားသောက်ဆိုင် အကြီးစားတစ်ခု ဖွင့်လှစ်ခဲ့ဖူးပြီး၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ပိတ်သိမ်းခဲ့ရသည်။ မြွေနှင့် မြွေဟောက်များကို တရုတ်နိုင်ငံသို့ တရားမဝင်သယ် ဆောင် မှုများကို မူဆယ်မြို့နယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ်များတွင် မကြာခဏဖမ်းဆီးရမိလျက် ရှိသည်။


7Day Daily
No.447 Tuesday, July 22, 2014 
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...