စိတ်ချောက်ချားပြီး ဇနီးနှင့်မြေးဖြစ်သူကို လည်ပင်းညှစ်သတ်၍ နှစ်လောင်းပြိုင်သေဆုံး



အမျိုးသားတစ်ဦး စိတ်ချောက်ချားပြီး ထင်ယောင်ထင်မှားဖြစ်ကာ ၎င်း၏ ဇနီးသည်နှင့် မြေးဖြစ်သူကို လည်ပင်း ညှစ်သတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း ဇွန်လ ၃၀ ရက်၊ ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု လားရှိုးမြို့မရဲစခန်းက တာဝန်ကျ ရဲတပ်သားတစ်ဦးက ပြောသည်။

ဖြစ်ပွားပုံမှာ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာတွင် နေထိုင်သည့် ဦးညွန့်မောင်က ၎င်း၏ဇနီးသည်နှင့် အသက် (၁၆)နှစ် အရွယ်မြေးဖြစ်သူကို လည်ပင်းညှစ်သတ်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ကိုယ်တိုင်က စိတ်ဖောက်ပြန်၍ ထင်ယောင်ထင်မှားဖြစ်ကာ သတ်မိခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းတွင် ၀န်ခံထားသည်။

ခင်ပွန်းဖြစ်သူ၏ လည်ပင်း ညှစ်သတ်မှုကြောင့် ဇနီးသည် ဒေါ်ညို (၆၂)နှစ်သည် နှာခေါင်းသွေးထွက် ဒဏ်ရာဖြင့် အိပ်ခန်းအတွင်းရှိ ခုတင်ပေါ်တွင် သေဆုံးနေခြင်းဖြစ်ပြီး မြေးဖြစ်သူ မချစ်ငြိမ်းသူ (၁၆)နှစ် မှာ အိမ်ရှေ့ ဘုရားစင်အောက်ရှိ အိပ်ရာခင်းပေါ်၌ နှာခေါင်းသွေးထွက် ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ် သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ဦးညွန့်မောင်ကို အရေးယူပေးပါရန် ၎င်း၏တူတော်စပ်သူ အီနိုင်းကျေးရွာ သူကြီး ဦးစိုင်းထွန်းကျော်၏ တရားလိုပြု တိုင်တန်းချက်ကို လားရှိုးမြို့မရဲစခန်းက (ပ)၁၈၀/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။


Mizzima News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...