'နင်စေရင်' မှာ ပရိသတ် အားပေးလို့ ကြိုးစားရကျိုး နပ်တယ်ဆိုတဲ့ ၀တ်မှုန်ရွှေရည်


‘နင်စေရင်’တွင် ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ရုပ်မှာ သရုပ်ဆောင်နေကျ ဇာတ်ရုပ် မဟုတ်သော်လည်း ပရိသတ်အားပေးမှု ရရှိသောကြောင့် ကြိုးစားရကျိုး နပ်ကြောင်း ၀တ်မှုန် ရွှေရည်ကပြောသည်။

‘‘နင်စေရင် ကားလေးကို စရိုက်ကတည်းက ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကြိုးစားခဲ့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ကစ်ကို ဂါဂါဆိုတဲ့ ဇာတ်ရုပ်ရယ်၊ ၀တ်ရည်ချို ဆိုတဲ့ ဇာတ်ရုပ်ရယ်နဲ့ တွဲမြင်သွားတယ်။ အသိအမှတ်ပြုတယ် ဆိုရင် ကြိုးစားရကျိုးနပ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ယင်းဇာတ်ကားနှင့် ပတ်သက်၍ ပရိသတ်အများစုက နင်စေရင် ဇာတ်ကားဖြင့် အကယ်ဒမီရနိုင်သည်ဟု ထင်ကြေးပေးပြောဆိုမှုများ ရှိသော်လည်း ၀တ်မှုန်ရွှေရည် က အကယ်ဒမီ ဆိုသည်မှာ နတ်ကြီးသောကြောင့် အများကြီးမျှော်လင့်မထား ကြောင်း ပြောသည်။

‘‘ဒီကားရိုက်တုန်းက ပင်ပန်းခဲ့ပေမယ့် အခုချိန်မှာ ပရိသတ်အားပေးတယ်ဆိုတာနဲ့တင် ပီတိဖြစ်ပါတယ်။ ပျော်လည်းအရမ်းပျော်ပါတယ်’’ ဟု ၎င်းက ပြောသည်။

နင်စေရင် ရုပ်ရှင်ဇာတ်ကားကို နေပြည်တော်တွင် ပထမဆုံး ရုံတင်ပြသခဲ့ရာ ယခင်ရုံတင်ခဲ့သည့် ရုပ်ရှင်များထက် ပရိသတ် အားပေးမှုရရှိခဲ့ပြီး ဇွန်လ နောက်ဆုံးပတ်မှစတင်၍ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရုံတင်ပြသလျက်ရှိသည်။


7day Daily No.432 Monday, July 7, 2014
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...