မျိုးဗီဇ နှင့် ဂီတ

ကိုထိုက်
ဂီတနှင့် ပတ်သက်လျှင် လေ့ကျင့်ခြင်းဖြင့် ပြည့်စုံစေမည် ဟူသော စကားအခါ ခပ်သိမ်း မမှန်နိုင်ဟု စစ်တမ်းတစ်ရပ် က ဆိုလိုက်သည်။ မျိုးဗီဇ ကလည်း စကားပြောသည်။

နာရီတစ်သောင်းလောက် လေ့ကျင့်လိုက်လျှင် တယောကောင်းကောင်း ထိုးတတ်သွားမည်။ ထိုစကားသည် ဂီတ ဆရာများက တပည့်များကို ပြောလေ့ရှိသော လမ်းညွှန်ချက် ဖြစ်သည်။ မည်သည့် နယ်ပယ် ကဏ္ဍတွင်မဆို ကျွမ်းကျင် တတ်မြောက်သူ ဖြစ်လိုပါက နယ်ပယ် အလိုက် လိုအပ်သည့် အချိန်အား၊ လူအားစိုက်ထုတ်နိုင်သည်နှင့် ကျွမ်းကျင်သူဖြစ်လာမည်ဟု ပြောစမှတ်ရှိသည်။

စိတ်ပညာရှင်များ ကမူ ထိုအချက်ကို အပြည့်အ၀လက်မခံ။ အကြိမ်ကြိမ် အထပ်ထပ်လေ့ကျင့်ခြင်းသည် သာမန် ဂီတသမား တစ်ယောက်နှင့် ပါရမီရှင် ဂီတသမားကြား ကွာခြားသွား စေသည့် အချက် ဆိုသည်မှာ မငြင်းနိုင်သော အမှန်တရား ဖြစ်ကြောင်း၊ သို့သော် မျိုးဗီဇသည် လည်း များစွာ လွှမ်းမိုးမှု ရှိ နေကြောင်း ပညာရှင်များက ဆိုသည်။ ဂီတကို ခုံမင်မြတ်နိုးတတ်သည့် မျိုးဗီဇမျိုး မရှိပါက နာရီ တစ်သောင်းမ ကလို့ နှစ်သောင်းပင် လေ့ကျင့် ပါစေ ပါရမီရှင် ဂီတသမား တစ်ယောက်ဖြစ်လာဖို့ မလွယ်ကူဟု ပညာရှင်များ က ဆိုလိုက်ကြသည်။

အထက်ပါ ကောက်ချက် ထွက်စေခဲ့သော သုတေသန စစ်တမ်းကို ဆွီဒင်နိုင်ငံ ကာရိုလင်စကာ အင်စတီကျုမှ စိတ်ပညာရှင် ဒေါက်တာ မာရီယမ် မိုဆင်းနှင့် အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သုတေသန တွေ့ရှိချက်ကို စိတ်ပညာ သိပ္ပံဆိုင်ရာ ဂျာနယ် Psychological Science ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။ ဂီတကို ခုံမင်စေသည့် မျိုးဗီဇ အတွဲအစပ်မျိုး မရှိပါက သတ်မှတ်နာရီ ပြည့်အောင် လေ့ကျင့်သည့်တိုင် ဂီတကို တီးမှုတ်တတ်သူ ဖြစ်ချင်ဖြစ်လာမည်၊ ပါရမီရှင်တစ်ယောက်ကား ဖြစ်မလာနိုင်ဟု သုတေသနစစ်တမ်းက ဆိုလိုက်သည်။

ဒေါက်တာ မိုဆင်းသည် ဂီတနှင့် မျိုးဗီဇ ဆက်စပ်နေပုံကို ဖော်ထုတ်နိုင်ရန် အမြွှာများကို နှစ်ပေါင်းများစွာ အချိန်ယူ လေ့လာခဲ့သည်။ ဒေါက်တာ မိုဆင်းနှင့် အဖွဲ့သည် မျိုးဗီဇအားလုံး တူညီသည့် အမြွှာ (၁၂၁၁) စုံ ၊ မျိုးဗီဇ တစ်ဝက်သာ တူညီသည့် အမြွှာ (၁၃၅၈) စုံကို လေ့လာခဲ့သည်။ အမြွှာအား လုံးသည် ၁၉၅၉ ခုနှစ်မှ ၁၉၈၅ ခုနှစ်ကြား မွေးဖွားသူများ ဖြစ်သည်။ ဂီတဆိုင်ရာ အတီးအမှုတ်အဆိုများတွင် တက်ကြွစွာ လှုပ်ရှားမှုရှိ မရှိကို လေ့လာ စစ်တမ်းကောက်သည်။ ဂီတမှာ စိတ်ပါဝင်စားသည်ဟု ဖြေသော အမြွှာများကို ဆက်လက်ပြီး တစ်ပတ်ကို အချိန် မည်မျှ ဂီတနှင့် ပတ်သက်ပြီး လေ့ကျင့် ဖြစ်သနည်းဟု မေးမြန်းသည်။ အသက်အရွယ်အလိုက် ဂီတကို လေ့ကျင့်ဖြစ် လိုက်စားဖြစ်ခဲ့သည့် နာရီ အရေအတွက် ကိုပါ အနီးဆုံးခန့် မှန်း မှတ်တမ်း တင်သည်။ ထိုသို့ မှတ်တမ်းတင် ကောက်ယူထားချက်များ ပြည့်စုံသည့်အခါ အမြွှာတစ်စုံချင်း၊ တစ်ဦးချင်းစီသည် ဘ၀ တစ်သက်တာ ကာလအတွင်း ဂီတနှင့် ပတ် သက်ပြီး မည်မျှလုပ်ဆောင်ခဲ့ကြောင်းကို အမှတ်ပေးအဆင့်ခွဲကြည့်သည်။ အဆို အတီး အမှုတ်ဂီတ တစ်ခုမျှမလုပ်သည့် အမြွှာများ ကို အမှတ်သုည ပေးသည်။ များများလုပ်လေ အမှတ်မြင့်မြင့်ပေးထားလေ ဖြစ်သည်။

ထိုသို့ ဂီတနှင့် ဆက်စပ်လုပ်ကိုင်သော နာရီပိုင်းအလိုက် အမှတ်ပေးပြီးနောက် ဂီတလိုက်စားသည် ဆိုသော အမြွှာများ၏ ဂီတ စွမ်းရည်ကို ထပ်မံ အကဲဖြတ်ပြန်သည်။ ပုံမှန်အားဖြင့် ဂီတတူရိယာများ တီးခိုင်းသည်ကို နားထောင် အကဲဖြတ်နည်းကား ထိုလူများ အတီး ကောင်းမကောင်း၊ ကျွမ်းကျင် မကျွမ်းကျင် ကိုသာ ဆုံးဖြတ်နိုင်မည်။ ထိုလူသည် ဂီတပါရမီ မျိုးဗီဇရှိ သူဟုတ်မဟုတ် ဆုံးဖြတ်ရန်ကား ခက်ခဲမည်။ သို့ဖြစ်ရာ ဒေါက်တာ မိုဆင်းသည် အခြားတစ်နည်းကို အသုံးပြုသည်။ အဆင့်သုံးဆင့်နည်း ကို အသုံးပြုသည်။ ပထမအဆင့် အနေဖြင့် ဂီတသံများကြား အသံအနိမ့် အမြင့် ကွာခြားချက်ကို မည်မျှ ထောက်လှမ်းသိရှိ နိုင်ကြောင်း စမ်းသပ်စစ်ဆေးသည်။ အမြွှာများကို တေးသွား နှစ်ခုနားဆင်ခိုင်းသည်။ နှစ်ခုသည် တစ်ခုနှင့် တစ်ခု အသံအနိမ့် အမြင့်အနည်းငယ်စီ ကွာခြားသည်။ ပထမဖွင့်ပြသော တေးသွားသည် ဒုတိယ ဖွင့်ပြသော တေးသွားထက် အသံနိမ့်လား၊ မြင့်လား တူတူပဲလားကို ခွဲခြား စေကာ အဖြေများကို မှတ်တမ်းတင်သည်။

ဒုတိယ အဆင့်အနေဖြင့် တေးသွားများကို နားဆင်ကာ ခွဲခြားစေပြန်သည်။ တေးသွား တစ်ခုလျှင် ဂီတ သင်္ကေတလေးခု မှ ကိုးခုထိ ပါသော တေးသွားနှစ်ခုကို နှိုင်းယှဉ် နားဆင်ခိုင်းသည်။ တေးသွားချင်း ဆင်တူသယောင်ရှိ သော်လည်းအသံ အနိမ်အမြင့် အနည်းငယ် ကွာခြားချက်ရှိသည်ကို ဖော်ထုတ်စေသည်။ တတိယအဆင့်တွင်ကား စည်းဝါးကိုက်မှုကို နားလည်ခံစားနိုင်စွမ်း မည်မျှရှိ ကြောင်း စမ်းသပ်သည်။ ဂီတသင်္ကေတ ငါးခု မှ ခုနစ်ခုထိ ပါဝင်သော တေးသွားနှစ်ခုကို နှိုင်းယှဉ်နားဆင်စေသည်။ တေးသွားနှစ်ခုလုံးတွင် ပါဝင်သော ဂီတသင်္ကေတများကို အသံအနိမ့် အမြင့်တစ်ညီတည်း ဖြစ်အောင် တီးခတ်ထားသည်။ အသံအနိမ့် အမြင့်တူသော်လည်း ဂီတသင်္ကေတ တစ်ခုနှင့် တစ်ခုကြား အချိန်ခြားပုံချင်း အနည်းငယ်စီ ကွဲလွဲအောင် လုပ်ထားသည်။ ထိုသံစဉ် တေးသွားနှစ်ခုကြား ကာလအတိုအရှည် ကွာခြားချက် အနည်းငယ်ကို နားဆင်သူ အဩာများ ဖော်ထုတ်နိုင်ခြင်းရှိ မရှိ စစ်ဆေးသည်။

တကယ်တမ်း ဂီတကို စိတ်ဝင်စားပြီး ကျွမ်းကျင်သော ဂီတသမားများသည် အသံ အနိမ့်အမြင့်၊ တေးသွားနှင့် စည်းဝါး ကွာခြားချက်များကို အလွယ်တကူ ထောက်လှမ်းသိရှိ ကြကြောင်း တွေ့ခဲ့ရသည်။ လုံလောက်သည့် အချိန်ပေးပြီး လေ့ကျင့်သူတိုင်း ဂီတ ပညာရှင်ကောင်း တစ်ယောက် ဖြစ်နိုင်သည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းကို သုတေသနအရ ထင်ထင်ရှားရှား တွေ့ခဲ့ရသည်ဟု ဒေါက်တာ မိုဆင်းက ဆိုသည်။ ဒေါက်တာ မိုဆင်း တိုင်းတာခဲ့သော အချက်သုံးချက်သည် လေ့ကျင့်အားထုတ်မှု တစ်ခုတည်းဖြင့် ပြည့်စုံမလာနိုင်ဘဲ ကိုယ်တိုင်က မျိုးဗီဇ တိမ်းညွတ်ကာ စိတ်ပါဝင်စားမှုရှိမှ ဖြစ်နိုင်မည့် သုံးချက်ဖြစ်သည်။

မျိုးဗီဇချင်းတစ်ဝက် တူညီသည့် အမြွှာနှစ်ဦးမှာပင် ကိုယ်တိုင်က တိမ်းညွတ်ခြင်း မရှိသော အမြွှာတစ်ဦးသည် အခြားတစ်ဦးထက် နာရီများစွာ ပိုလေ့ကျင့်သည့်တိုင် အထက်ပါ စမ်းသပ်မှု သုံးရပ်တွင် ကျန်တစ်ဦးထက် ပိုထူးကဲခြင်းမရှိကြောင်း တွေ့ခဲ့ရ သည်။ အသိသာဆုံး ဖြစ်ရပ် အဖြစ် အမြွှာ တစ်စုံသည် အခြား အဩာတစ်စုံထက် ဂီတလေ့ကျင့်သည့် နာရီပေါင်း(၂၀၂၂၈)နာရီ ပိုသာလွန်နေသည့်တိုင် အထက်ပါ အချက်သုံးချက်ကို စစ်ဆေး သည်တွင်ကား ရလဒ် အတူတူသာ ထွက်ကြောင်း တွေ့ခဲ့ရသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင် ဂီတနှင့် ပတ်သက်လျှင် လေ့ကျင့်ရုံ တစ်ခုတည်းနှင့် မပြီး ဘဲ မျိုးဗီဇ တိမ်းညွတ်မှုရှိခြင်း မရှိခြင်းသည်လည်း များစွာ စကားပြောကြောင်း ထင်ရှားသည်။ အမြွှာစုံတွဲများကို စုပေါင်းလေ့လာ ကောက်ချက်ချထားချက် အရလည်း လေ့ ကျင့်မှုများသော အဩာများသည်ပင် လေ့ ကျင့်မှုနည်းသော အမြွှာများနှင့် အမှတ်တူ သာရရှိကြောင်း တွေ့ခဲ့ရသည်။ လေ့လာမှု အတွက် အမြွှာများကို အသုံးပြုရခြင်းမှာ မျိုးဗီဇတူ သူချင်း စွမ်းဆောင်ရည် ကွာခြားချက် မည်သို့ရှိကြောင်းကို သိနိုင်စေရန်ဖြစ် သည်။

ယခုလေ့လာမှုသည် အချိန်ပေးလေ့ကျင့် ခြင်း၏ တန်ဖိုးကို လျှော့တွက်ပြောဆိုသည့် သဘော မဟုတ်ကြောင်း ဒေါက်တာမိုဆင်း က ပြော သည်။ ဂီတတူရိယာ တစ်ခုကို ကျွမ်းကျင်စွာ တီးခတ်တတ်ဖို့၊ ကျွမ်းကျင်သော အဆိုရှင်တစ်ဦး ဖြစ်ဖို့သည် အကြိမ်ကြိမ် အထပ်ထပ် လေ့ကျင့်ခြင်း ဖြင့် သာ ရနိုင်သည်မှာ မမှားသော အမှန်တရားဖြစ်ကြောင်း ဒေါက်တာမိုဆင်း က ဆိုသည်။ ယခု စမ်းသပ်မှုသည် မျိုးဗီဇအရ ဂီတကို အလိုလို အားသန်နေမှု နှုန်းကို ဖော်ထုတ်မှတ်တမ်းတင်ခြင်း ဖြစ်ကြောင်း ဒေါက်တာ မိုဆင်းက ရှင်းပြသည်။ နဂို ဓာတ်ခံစိတ်ဖြင့် အသံအနိမ့် အမြင့်၊ တေးသွားနှင့် စည်းဝါးကွာ ခြားချက်များကို အလွယ်တကူ သိရှိတတ်သူများသည် လေ့ကျင့်မှုချင်းတူလျှင် အခြားသူများထက် ဂီတနှင့် ပတ်သက်ပြီး တီထွင် ဆန်းသစ်နိုင်စွမ်း မြင့်မား ကြသည်ကို ထောက်ပြလိုခြင်း ဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။ ဂီတကို ကျွမ်းကျင်စွာ တီးမှုတ် သီဆိုတတ်ဖို့သည် အကြိမ်ကြိမ် အထပ်ထပ် လေ့ကျင့်မှရသည်ကား မလွဲသော နည်းလမ်း ဖြစ်သည်။ သို့သော် ဂီတကို တမူထူးခြား ဆန်းသစ် ဖန်တီးတတ်ရန်မှာကား အကြိမ်ကြိမ် အထပ်ထပ် အားထုတ်ရုံ တစ်ခုတည်းဖြင့် မပြီးဘဲ နဂိုဓာတ်ခံကိုက ဂီတကို ကိုင်းညွတ်ခံစား တတ်သူများသာ တတ်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာ မိုဆင်းက ဆို သည်။ ဂီတကို ဖန်တီးနိုင်သည့် ပါရမီရှင်မျိုး ဖြစ်ဖို့ရာတွင် မျိုးဗီဇကများစွာ စကားပြောသည်ဟု ၎င်းက စစ်တမ်းကို ကိုးကား၍ ထောက်ပြသည်။

ဂီတကို လေ့ကျင့်သူချင်း တူတူမှာပင် မျိုးဗီဇရာနှုန်းပြည့် တူညီသော အမြွှာများသည် လေ့ကျင့်ရာ တွင်လည်း စိတ်ပါဝင်စားမှု၊ စိတ်အား ထက်သန်မှုချင်း တူညီကြသည်ကို တွေ့ရသည်။ စိတ်ပါလျှင်လည်း တူတူ၊ စိတ်မပါလျှင်လည်းတူတူ ဆိုတာမျိုး ဖြစ်တတ်ကြသည်ကို တွေ့ရသည်။ မျိုးဗီဇ တစ်ဝက်သာ တူသော အမြွှာများကား တစ်ဦးက ဂီတကို အားသန်သည့်တိုင် နောက်တစ်ဦးသည် ဂီတလေ့ကျင့်ရတာ ၀န်ထုပ်တစ်ခုလို ခံစားရခြင်း မျိုးရှိ ကြောင်း စစ်တမ်းကောက်ယူချက်များအရ သိရသည်။ ထိုအချက်ကို ကြည့်ရုံဖြင့် မျိုးဗီဇသည် လူတစ်ဦးချင်း၏ ဂီတအပေါ် တိမ်းညွတ်မှုကို လွှမ်းမိုး နေ ကြောင်း တွေ့ရသည်။ မျိုးဗီဇတူသော အမြွှာများစိတ်ပါတူတူ၊ စိတ်မပါတူတူ ဖြစ်တတ်ကြသော်လည်း မျိုးဗီဇတစ်ဝက်ကွဲနေသော အမြွှာများတွင်ကား တူတူလေ့ကျင့်နေသည့်တိုင် တစ်ယောက်က ၀န်ထုပ်တစ်ခုလို ခံစားနေရသည်ကို တွေ့ရှိခဲ့ရသည်။

ပြီးခဲ့သည့်အပတ်က အိမ်စာပေးလိုက်သော တယောလေ့ကျင့်ခန်းများကိုဘာကြောင့် ကျေညက်အောင် မလေ့ကျင့်ခဲ့သနည်းဟု သင်တန်း ဆရာက မေးပါကမ လေ့ကျင့်ခဲ့မိသော သင်တန်းသားများအနေဖြင့် လေ့ကျင့်ရမှာ အပျင်းထူသော စိတ်ကြောင့် မဟုတ်ဘဲ မျိုးဗီဇလွှမ်းမိုးမှုကြောင့်သာ မလေ့ကျင့်ဖြစ်ခြင်း ဖြစ်ကြောင်း မျိုးဗီဇကို ပြစ်တင်နိုင်ကြမည် ဖြစ်သည်။


Ref: Genetics and music (The Economist)

The Messenger
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...