တဏှာစွန့်ရင် ဘ၀ညွန့်တယ်

★ ငြိမ်းအေးသော ဘ၀ပိုင်ရှင် တစ်ယောက် ဖြစ်ဖို့အတွက် အဓိက အကျဆုံး အရည်အသွေး ကတော့ 'တဏှာ ကင်းစင်ခြင်း' ဆိုတဲ့ အရည် အသွေးပါ။ ဒီနေရာမှာ တဏှာကင်းရင် ငြိမ်းတယ်
လို့မြတ်စွာ ဘုရားက ရိုးရိုးလေး ဟောမထားဘဲနဲ့ '၀ီတတဏှော ပုရာဘေဒါ = မသေခင်မှာ တဏှာ ကင်းရင် ငြိမ်းအေးတယ်။' ဒီနေရာမှာ' မသေခင်= ပုရာဘေဒ' ဆိုတဲ့ စာလုံးလေး အပိုထည့်ပြီး ဘုရားက မိန့်တယ်။ အဓိပ္ပာယ်က ဘုရားရှင်ရဲ့ တရားတွေဟာ သေပြီးနောက်မှ အကျိုးရနိုင်တဲ့ တရားမျိုးတွေ မဟုတ်ဘူး ဒီဘ၀ ဒီခန္ဓာမှာပဲ အကျိုးရနိုင်တဲ့ တရားဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြတယ်။

တောင့်တတယ် ၊ငြိကပ်တယ် စသည်ဖြင့် အမျိုးမျိုး အဓိပ္ပာယ်တွေနဲ့ ပြောဆိုကြတယ်။ ဒါပေမယ့် အဲ့ဒီ အဓိပ္ပာယ်တွေဟာာ တဏှာဆိုတဲ့ စကားလုံးက တိုက်ရိုက်လာတဲ့ အဓိပ္ပာယ်တွေ မဟုတ်ဘူး။ တဏှာ ဆိုတဲ့ စကားလုံးရဲ့ တိုက်ရိုက် ထွက်တဲ့ အဓိပ္ပယ်ကတော့ 'တဿတိ ပရိတဿတီတိ တဏှာ' ဆိုတဲ့ အတိုင်း ဆာတတ်တဲ့ တရားကို တဏှာလို့ ခေါ်တာပါ။ တဏှာဆိုတဲ့ ပါဠိစကားလုံးက ဆာခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ ဘာတွေကို ဆာလဲ ဒါဆိုရင်။

★ မျက်စိက အဆင်းအာရုံ အမျိုးမျိုးကို ဆာတဲ့ ရူပတဏှာ၊ နားက အသံအမျိုးမျိုးကို ဆာတဲ့ သဒ္ဒတဏှာ၊ နှာခေါင်းက အနံ့အမျိုးမျိုးကို ဆာတဲ့ ဂန္ဓတဏှာ၊ လျှာက အရသာ အမျိုးမျိုးကို ဆာတဲ့ ရသတဏှာ၊ ကိုယ်က လည်း အထိအတွေ့ အမျိုးမျိုးကို ဆာတဲ့ ဖောဋ္ဌဗ္ဗတဏှာ၊ သဘောတရား အာရုံအမျိုးမျိုးကို ဆာတဲ့ ဓမ္မ တဏှာ၊ လို့ခေါ်တဲ့ တဏှာဆိုပြီး တဏှာ ၆ မျိုး ရှိပါတယ်။ ဆာလောင် မွတ်သိပ်တဲ့ တဏှာကို အကြောင်း ပြုပြီးတော့ အဆာပြေရာပြေကြောင်း အာရုံအမျိုးမျိုးကို ရှာဖွေပေးနေရတဲ့ 'ပရိယေသနဒုက္ခ= ရှာဖွေခြင်း ဆင်းရဲ ' နဲ့လည်း လူသားတွေ ပင်ပန်း ဆင်းရဲနေကြတယ်။ ကိုယ်ဆာတဲ့အချိန်မှာ အဆင်သင့် စားနိုင်ဖို့ အတွက် မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ထားရတဲ့ 'အာရက္ခဒုက္ခ= စောင့်ရှောက်ရခြင်း ဆင်းရဲ' နဲ့လည်း လူသားတွေ ပင်ပန်း ဆင်းရဲနေကြတယ်။ ကိုယ်ဆာနေတဲ့ အချိန် သုံးဆောင် စားသုံးဖို့ ရှာထားတဲ့ အာရုံလေး ကိုယ်မသုံးဆောင်ခင် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့ အခါမှာ မသုံး ဆောင်လိုက်ရလေခြင်း ဆိုပြီးတော့ '၀ိပရိဏာမဒုက္ခ= ပျက်စီးခြင်းဆင်းရဲ' နဲ့လည်း လူသားတွေ ပင်ပန်း ဆင်းရဲနေကြတယ်။

★ ဒီဒုက္ခသုံးမျိုးဟာ အာရုံတွေကို ဆာလောင်မွတ်သိပ်တဲ့ တဏှာရှိသူတိုင်း အမြဲဖိစီး နိပ်စက်တတ်တဲ့ အခြေခံ အကျဆုံး ဒုက္ခတွေပါပဲ။ အာရုံတစ်ခုကို ဆာလောင်တိုင်း ဒီဒုက္ခသုံးမျိုး ၀ိုင်ရံနေတယ်ဆိုတာ အမြဲ သတိပြုရပါမယ်။ ဆာလောင်တဲ့ တဏှာကြောင့် ပူလောင်တဲ့ သောကဖြစ်ရတယ်။ ဆာလောင်တဲ့ တဏှာ ကြောင့် ဆင်းရဲတဲ့ ဘေးဒုက္ခဖြစ်ရတယ်။ ဆာလောင်တဲ့ တဏှာမှ လွတ်မြောက်သူ တဏှာ ကင်းစင်သူ မှာတော့ ပူလောင်တဲ့ သောကလည်း လုံးဝမရှိ။ ဆင်းရဲတဲ့ ဘေးဒုက္ခလည်း လုံးဝမရှိ ပကတိ ငြိမ်းအေးလှ ပါတယ်။

★ ယနေ့ ကမ္ဘာအ၀ှမ်းမှာ စီးပွားရေး အဆင်မပြေလို့ စိတ်ညစ်စိတ်ဆင်းရဲ နေကြတယ်။ စီးပွားရေး အဆင် မပြေတာဟာ ဘယ်သူ့ကြောင့်ပဲ ဘယ်ဝါကြောင့်ဘဲ ဆိုပြီးတော့ တွေးမိတတ်ကြတယ်။လက်ညိုး ထိုးမိကြတယ်။ အသိဉာဏ်ရှိတဲ့ သူတော်ကောင်း ပုဂ္ဂိုလ်ကတော့ ပြဿနာရဲ့ အရင်းအမြစ်ကို စနစ်တကျ စိစစ်တတ်သူပီပီ ခုလိုတွေးတယ်။ အော် စီးပွားရေး အဆင်မပြေလို့ စိတ်ညစ်ရတာဟာ ဘယ်သူ့ကြောင့် မှ မဟုတ်ဘူး။ လက်စသတ်တော့ တဏှာကြောင့် ပါလား။ ဒီစီးပွားဥစ္စာတွေ ဖြစ်ပေါ်လာမယ့် ခံစားမှုတွေ ဒါတွေအပေါ် ဆာလောင် မွတ်သိပ်တဲ့ တဏှာကြောင့် အခုလို စိတ်ညစ်နေရ တာပါလား အဲ့ဒီလိုတွေး လိုက်တယ်။

★ အဲ့ဒီလို တွေးလိုက်တော့ သူတစ်ပါးအပေါ် အပြစ်လည်း မတင်တော့ဘူး။ တဏှာအဆာ ဓာတ်လည်း အထိုက်အလျောက် ပြေပျောက်သွားတယ်။ 'ဆင်းရဲဒုက္ခတွေ အားလုံးဟာ အဆာမပြေသမျှ တာရှည်ရဦး မှာ ပါလား ' ဆိုတာ နက်နက်နဲနဲ သိလာတော့ ဆင်းရဲဒုက္ခအားလုံး အကြောင်းရင်းဖြစ်တဲ့ တဏှာ အဆာ ဓာတ်ကို ပယ်သတ်ချင်ကြတဲ့ ကုသိုလ် ဆန္ဒစိတ်လည်း ပေါ်လာတယ်။ ဒီတော့ တဏှာဆိုတာ နေရင်း ထိုင်ရင်းနဲတော့ အလိုအလျောက် ကင်းမသွားနိုင်ပါဘူး။ တဏှာကင်းကြောင်း အကျင့်မြတ်ကို ကျင့်မှ တဏှာက ကင်းသွားမှာပါ။ တဏှာကင်းကြောင်း အကျင့်က သုံးမျိုးရှိပါတယ်။ သီလအကျင့်၊ သမာဓိ အကျင့် ၊ပညာအကျင့်လို့ သုံးမျိးရှိပါတယ်။ အဲ့ဒီ အကျင့်သုံးပါး သိက္ခာသုံးပါးဟာ တဏှာကင်းကြောင်း အကျင့်ကောင်းပါပဲ။

သီလအကျင့် ၊သမာဓိအကျင့်၊ ပညာအကျင့်၊ အကျင့်သုံးမျိုးက ပယ်နိုင်တဲ့ တဏှာ၊ပယ်နိုင်တဲ့ အမျိုးအစားကို မူတည်ပြီးတော့ တဏှာ အမျိုးအစားလည်း သုံးမျိုး ကွဲပါတယ်။ ၀ီတိက္ကမတဏှာ၊ ပရိယုဋ္ဌာနတဏှာ၊ အနုသယတဏှာ ဆိုပြီးတော့ သုံးမျိုးရှိပါတယ်။

★ ပစ္စည်းဥစ္စာ တစ်ခုခုကို လိုချင်တဲ့ တဏှာဖြစ်တယ်။ အဲ့ဒီကိုယ်လိုချင်တဲ့ ပစ္စည်းလေးတစ်ခု ရဖို့အတွက် သူ့အသက်ကို သတ်တယ်။ သူများဥစ္စာကို ခိုးတယ်။ ဒါဆိုရင် ကာယကံမြောက် ကျူးလွန်မိပြီး။ ကိုယ် လိုချင်တာရဖို့အတွက် လိမ်ညာပြီးတော့ ပြောဆိုမိတယ်။ ကုန်းတိုက် စကားတွေ ပြောဆိုမိတယ်။ ဒါဆို ရင် ၀စီကံမြောက် ကျူးလွန်မိပြီ။ ဒီလိုတဏှာကို ၀ီတိက္ကမတဏှာ လို့ခေါ်တယ်။ အဲ့ဒီဝီတိက္ကမ တဏှာကို သီလအကျင့်နဲ့ ပယ်ရပါတယ်။ သီလဆိုတာ ကာယကံနဲ့ ၀စီကံကို စောင့်ထိန်းတဲ့ အလုပ်ပါ။ ကိုယ်နဲ့ မလုပ်သင့် တာကို ရှောက်ကြဉ်တာ။ နှုတ်နဲ့မပြောဆိုသင့်တဲ့ စကားကို မပြောဘဲ ရှောင်ကြဉ်တာ သီလလို့ ခေါ်တယ်။ ကိုယ်နဲ့နှုတ်ကို စောင့်ထိန်းနိုင်ပြီးဆိုရင် ၀ီတိက္ကမ တဏှာကို ပယ်ပြီးသား ဖြစ်သွားတယ်။ စိတ် ထဲကတော့ လိုချင်တယ်ပေါ့။ ဒီပစ္စည်းလေး လိုချင်တယ်ပေါ့။ စိတ်ထဲက ဒီပစ္စည်းလေး ရဖို့အတွက် သတ် ချင် ခိုးချင် လိမ်ညာချင်ပေမယ့် ကာယကံမြောက် သတ်ခြင်း ခိုးခြင်း လိမ်ညာခြင်းမပြုဘူး အဲ့ဒီလိုဆိုရင် လွန်ကျူးကြောင်း ၀ီတိက္ကမတဏှာကို သီလနဲ့ ပယ်ပြီးသား ဖြစ်သွားပြီ။

★ စိတ်ထဲမှာ ထကြွနေတဲ့ တဏှာကိုတော့ ပရိယုဋ္ဌာန တဏှာလို့ခေါ်တယ်။ ဒီပစ္စည်းလေးကို လိုချင်တယ် သုံးချင်တယ် ရချင်တယ်။ အဲ့ဒီလို စိတ်ထဲမှာပဲ သာယာနှစ်သက်နေတဲ့ တဏှာကို ပရိယုဋ္ဌာနတဏှာလို့ ခေါ်တယ်။ အဲ့ဒီတဏှာကို ကျတော့ သမာဓိအကျင့် နဲ့ပယ်ရတယ်။ ဘုရားဂုဏ်တော် ပွားတာတို့ မေတ္တာ ဘာဝနာပွားတာတို့ ကသိုဏ်းရှုတာတို့ စသည်ဖြင့် အာရုံတစ်ခုမှာ စူးစိုက်ပြီး ထားရတဲ့ သမာဓိအကျင့်
သမထ အကျင့်ကိုကျင့်ရင် လိုချင်တပ်မက်တဲ့ တဏှာဟာ စိတ်ထဲမှာ ထကြွပြီးတော့ မဖြစ်တော့ဘူး။

★ စိတ်ထဲမှာတော့ ပစ္စည်းတစ်ခုကို မြင်ပေမယ့် လိုချင်တဲ့စိတ်လည်းမဖြစ်ဘူး။ တပ်မက်တဲ့ စိတ်လည်း မဖြစ်ဘူး။ ဒီပစ္စည်းလေး သုံးချင်တဲ့ စိတ်လည်းမဖြစ်ဘူး ကိုယ်နဲ့ မဆိုင်သလိုပါပဲ။ ဒါပေမယ့် လောလော ဆယ်မှာတော့ ဒီပစ္စည်းအပေါ် တပ်မက်တဲ့ တဏှာမဖြစ်ပေမယ့် အကြောင်း ညီညွတ်တဲ့ အချိန် အခွင့် သာတဲ့အချိန် ဖြစ်ဖို့ရန်အတွက် စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ တဏှာ ဆိုတာကတော့ ရှိသေးတယ်။ အခု မလိုချင်ပေမယ့် နောင်တစ်ချိန်မှာ လိုချင်ရင် လိုချင်လာနိုင်တဲ့ တဏှာမျိုးဖြစ်တယ်။

★ ဆိုကြပါဆို့ ထမင်းစားပြီးခါစ ဆိုရင် ဗိုက်ကပြည့်နေပြီ ကိုယ်သိပ်ကြိုက်တဲ့ မုန်ပဲသရေစာတွေ ဟင်း လျာတွေ ရှေ့မှာလာချပြီး ကျွေးပေမယ့် တော်ပြီ မစားချင်ဘူး။ စိတ်ထှဲာ စားချင်တဲ့ စိတ်ထကြွပြီးဖြစ် မနေပါဘူး။ အဲ့ဒီအချိန်မှာ ဗိုက်ကပြည့်နေပြီကိုး။ ဒါပေမယ့် မစားချင်တော့ဘူးပြောလို့ ဒီလူမှာ ဒီအစာ ကိုတပ်မက်တဲ့ တဏှာ ကင်းသွားပြီး ဆိုရင်တော့ မကင်းသေးပါဘူး။

နောင် ဗိုက်ဆာလာတဲ့ အချိန် နောင်အကြောင်း ညီညွတ်တဲ့ အချိန် ဒီအစားအစားကို စားချင်တဲ့ တဏှာ ပြန်ဖြစ်ဦးမှာပါပဲ။ အဲ့ဒီလိုတဏှာမျိုး လောလောဆယ်တော့ လိုချင်တပ်မက်တဲ့ စိတ်ဖြစ်မနေပေမယ့် အကြောင်းညီညွတ်တဲ့ အခါမှာ ဖြစ်လာခွင့်ရှိတဲ့ နှလုံးသားထဲမှာ အတွင်းသန္တာန်ထဲမှာ နက်ရှိုင်းစွာ ငုပ်လျိုး ကိန်းဝပ်နေတဲ့ တဏှာမျိုးကို အနုသယ တဏှာလို့ခေါ်ပါတယ်။

★ အဲ့ဒီ အနုသယ တဏှာကိုတော့ ပညာကျင့်စဉ်နဲ့ ပယ်သတ်ရပါတယ်။ ပညာဆိုတာ ၀ိပဿနာပညာ မဂ်ပညာပါပဲ။ အဲ့ဒီ အနုသယ တဏှာမှာလည်း အာရမ္မဏနုသယ တဏှာ၊ သန္တာနာနုသယ တဏှာ ဆိုပြီးတော့ နှစ်မျိုးရှိတယ်။ အာရမ္မဏနုသယ တဏှာဆိုတာ အာရုံပေါ်မှာ ကိန်းနေတဲ့ တဏှာပါ။ အဆင်း အာရုံတစ်ခုကို မြင်လိုက်တဲ့အခါ အဲ့အဆင်းအာရုံကို နည်းမှန်လမ်းမှန် မရှုမှတ်မိလိုက်ဘူးဆိုရင် အဲ့ဒီ အဆင်အာရုံပေါ်မှာ တဏှာဖြစ်လာတယ်။ လူတစ်ယောက်ကို မြင်တဲ့အချိန်မှာ သတိပဋ္ဌာန်နည်းအတိုင်း မြင်တယ် မြင်တယ် စသည်အားဖြင့် မရှုမှတ်လိုက်တဲ့ အတွက်ကြောင့် အဲ့ဒီလူအပေါ် တပ်မက်စိတ်လေး ဖြစ်သွားတယ် ဆိုပါတော့။ နောင်တစ်ချိန် အဲ့ဒီ လူအကြောင်းပြန်ပြီးတော့ သတိရတဲ့အခါ စမြင်တုန်းက ရှုမှန်မှုမပါဘဲ ကြည့်ခဲ့အတွက် သူ့အကြောင်း ပြန်တွေးတဲ့အခါ တပ်မက်တဲ့ တဏှာလေး ပြန်ဖြစ်လာ တယ်။ အဲ့ဒီလို မရှုမှတ်လိုက်မိတဲ့ အာရုံပေါ်မှာ နောက်ထပ် ဖြစ်ဖို့အတွက် ကိန်းသွားတဲ့ တဏှာကို
အာရမ္မဏနုသယ တဏှာ လို့ခေါ်တယ်။

★ အဆင်းအာရုံနဲ့ ကြုံတဲ့အခါတိုင်း မြင်တယ် မြင်တယ် အသံအာရုံတွေ ကြုံတဲ့အခါတိုင်း ကြားတယ် ကြားတယ် စသည်ဖြင့် ဒွါရခြောက်ပါးမှာ အာရုံခြောက်ပါး ထင်လာတိုင်း အဲ့ဒီအာရုံတွေကို ပစ္စပ္ပုန်ကျကျ ရှုမှတ် ပစ်လိုက်ရမယ်။ အရှိကို အရှိတိုင်း ရှုမှတ်ပစ်လိုက်ရမယ်။ အဲ့ဒိလို ရှုမှတ်လိုက်ရင်တာ့ ရှုမှတ် လိုက်မိတဲ့ အာရုံနဲ့ပတ်သက်ပြီးတော့ ရှုမှတ်လိုက်တဲ့ အခိုက်အတန့်နဲ့ ပတ်သက်တဲ့ အာရုံကို နောင်တစ် ချိန်ပြန်တွေးပေမယ့်လည်း တဏှာ မဖြစ်တော့ဘူး။ မရှုမှတ်လိုက်မိတဲ့ အာရုံကြောင့်တော့ ဖြစ်ကောင်း
ဖြစ်မယ် ရှုမှတ်မိလိုက်တဲ့ အာရုံကြောင့်တော့ တဏှာမဖြစ်တော့ဘူး။ ရှုမှတ်မှု တန်ခိုးကြောင့် အဲ့ဒီအာရုံ ကို စတွေ့စဉ်က တဏှာမှ ကိန်းမှမကိန်းခဲ့ဘဲ။ ဒါ့ကြောင့် အာရမ္မဏနုသယ တဏှာကို ၀ိပဿနာပညာနဲ့ ပယ်ရမယ်။ ဘယ်အာရုံနဲ့တွေ့တွေ့ ရှုမှတ်ပြီးတော့ ပဲနေရမယ်။

★ သန္တာနာနုသယ တဏှာဆိုတာ အခု အဆင်းအာရုံလေး တစ်ခုတွေ့ပေမယ့် တပ်မက်စိတ် မဖြစ်ဘူး။ အာရုံမှာ တဏှာ မကိန်းဘူး။ ဒါပေမယ့် နောင်တစ်ချိန် အကြောင်း ညီညွှတ်တဲ့အခါ ဖြစ်ဖို့အတွက် စိတ်ထဲမှာ အတွင်းသန္တာန်မှာ ကိန်းဝပ်နေတဲ့ တဏှာကို သန္တာနာနုသယ တဏှာလို့ ခေါ်တယ်။ အကြောင်း ညီညွတ်ရင် ဖြစ်ခွင့်ရှိတဲ့ အဲ့ဒီတဏှာကို မဂ်ပညာနဲ့ ပယ်သတ်ရပါမယ်။ ၀ိပဿနာရိုးရိုးနဲ့ ပယ် သတ် လို့မရပါဘူး။ အဲ့ဒီ မဂ်ပညာ ဆိုတာကလည်း ၀ိပဿနာပညာ အားကောင်းသွားမှ အထွတ်အထိပ် ရောက်သွားမှ ဖြစ်မှာဆိုတော့ အဲ့ဒီ မဂ်ပညာ ရဖို့အတွက် အဓိကကတော့ ၀ိပဿနာ အားထုတ်ဖို့ပါပဲ။
ဝိပဿနာဉာဏ် ရင့်ကျက်သွားလို့ မဂ်ဉာဏ်ဆိုဒ် ရောက်သွားပြီဆိုရင် အဲ့ဒီမဂ်ဉာဏ်ရဲ့ပယ်သိတ်ခြင်းကို ခံလိုက်ရတဲ့ တဏှာဟာ ဘယ်တော့မှ ဖြစ်ခွင့်မရှိတော့ ပါဘူး။

★ အာရုံပေါ် ဆာလောင်မွတ်သိပ်တဲ့ တဏှာကင်းတာနဲအမျှ အဲ့ဒီဆာလောင် မွတ်သိပ်မှုတွေရဲ့ နေရာမှာ ငြိမ်းအေးချမ်းသာမှု တွေသာ အစားထိုး ၀င်ရောက်လာမှာ သေချာပါတယ်။ ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်ချင်ရင် သီလကျင့်စဉ်နဲ့ ကိုယ်ထိ နှုတ်ရောက် တဏှာကို ပယ်သတ်ရမယ်။ သမာဓိကျင့်စဉ်နဲ့ စိတ်တွင်း ဖြစ် တဏှာကို ပယ်သတ်ရမယ်။ ပညာကျင့်စဉ်နဲ့ ငုပ်လျှိုးအောင်း တဏှာကို ပယ်သတ်ရမယ်။ တဏှာ ကင်းပြီ ဆိုတော့ဖြင့် ကျန်တဲ့ ဒေါသ ဣဿာ မာန မစ္ဆရိယစတဲ့ ကိလေသာတွေ အားလုံးပဲ ကင်းသွားပါပြီး။တဏှာကင်းရင် ကိလေသာ ကင်းပါတယ်။ ကျင့်စဉ်သုံးပါးနဲ့ တဏှာသုံးပါးကို အမြစ်ပြတ် ပယ်သတ်နိုင်ပြီိ ဆိုရင်တော့ ဧကန်မုချ ငြိမ်းအေးသော ဘ၀ပိုင်ရှင် အစစ်ဖြစ်ပါပြီ။

{အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)}

(ငြိမ်းအေးသောဘ၀ပိုင်ရှင် တရားတော်မှ ကောက်နှုတ်ချက်)

ဓမ္မမိတ်ဆွေသူတော်စင်များ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ

https://www.facebook.com/photo.php?fbid=262690007269990&set=a.107803712758621
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...