အခမဲ့ပညာရေး အထက်တန်းအထိ တိုးချဲ့မည်

ရန်ကုန်၊ ဇူလိုင် ၇
မူလတန်းနှင့် အလယ်တန်း အခမဲ့ ပညာရေး စတင်နေသော ပညာရေး ဝန်ကြီးဌာနက အခမဲ့ အထက်တန်း ပညာရေးအထိ ထပ်မံတိုးချဲ့ရန် စီစဉ်ထားကြောင်း ဇူလိုင်လ ၆ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပသော အခြေခံပညာရေး ဆွေးနွေးပွဲ၌ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားသည်။

အလယ်တန်းနှင့် အထက်တန်း ကျောင်းထွက်နှုန်း လျော့ကျစေရန် အခမဲ့ အထက်တန်း ပညာရေးကို ထပ်မံ အကောင်အထည် ဖော်သွားမည် ဖြစ်ပြီး ပညာရေး အသုံးစရိတ်များလည်း နှစ်စဉ် တိုးချဲ့လျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ပညာရေး ဝန်ကြီးဌာနက အခြေခံပညာ မူလတန်းအဆင့်၌ ကျောင်းလခ၊ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် ခြောက်အုပ်နှင့် ငွေကျပ်တစ်ထောင် အခမဲ့ ထောက်ပံ့ပေးပြီး အလယ်တန်းအဆင့်တွင် ကျောင်းလခနှင့် ပြဋ္ဌာန်းစာအုပ်များ ပံ့ပိုးပေးလျက် ရှိသည်။

သို့သော် ကျူရှင်လခ၊ ကျောင်းဝတ်စုံ၊ ကျောင်းရန်ပုံငွေကြေးနှင့် အခြားစာရေး ကိရိယာ ကုန်ကျစရိတ် များကြောင့် အပိုကုန်ကျငွေများ ရှိသေးကြောင်း ကျောင်းသားမိဘ အသိုင်းအဝိုင်းက ဆိုသည်။

အခမဲ့ပညာရေးတွင် နိုင်ငံတော်၏ ပံ့ပိုးမှုသည် ငွေကြေးတတ်နိုင်သော ကျောင်းသား၊ ကျောင်းသူများ အတွက် သိသာမှု မရှိသော်လည်း ငွေကြေးချို့တဲ့သော ကျောင်းသားမိဘများအတွက် ထိရောက်မှု ရှိကြောင်း၊ ယင်းကြောင့် လာမည့် ပံ့ပိုးမှုများတွင် ချို့တဲ့သူများအတွက် ပိုမို စဉ်းစားသင့်ကြောင်း ကျောင်းအုပ်ဆရာတစ်ဦးက The Voice သို့ ပြောကြားသည်။

“အခမဲ့ပညာရေးက ဆင်းရဲတဲ့ ကလေးတွေအတွက် သိသာပေမယ့် ချမ်းသာတဲ့သူတွေ အတွက်တော့ ဆင့်ပါးစပ် နှမ်းပက်တာလောက်ပဲ ရှိတယ်။ တချို့ဆို လာတောင် မထုတ်ကြဘူး” ဟု ၎င်းက ဆက်လက်ပြော ဆိုသည်။

ပညာရေး အသုံးစရိတ်နှင့် အခမဲ့ ပညာရေး အစီအစဉ်များ ပြုလုပ်လျက် ရှိသော်လည်း မသင်မနေရ အခမဲ့ပညာရေး ဥပဒေပြဋ္ဌာန်းရန် ရှိ၊ မရှိကိုမူ ပညာရေး ဝန်ကြီးဌာန အသိုင်းအဝိုင်းက ပြောကြားခဲ့ခြင်း မရှိချေ။

မြန်မာနိုင်ငံတွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် အခမဲ့ မူလတန်း ပညာရေးစနစ် သက်ဝင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေး စတင်ခဲ့သည်။

အခမဲ့ မူလတန်း ပညာရေး အစီအစဉ်ကို ပညာရေးဝန်ကြီး ဒေါက်တာမြအေး (ကွယ်လွန်) လက်ထက် တွင် ပထမဆုံး စတင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ တာဝန်ယူ ချိန်တွင် အလယ်တန်း အဆင့်ကို တိုးချဲ့ခဲ့ပြီး အထက်တန်း အဆင့်အထိ တိုးချဲ့ရန် စီစဉ်ခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီး ဒေါက်တာမြအေး (ကွယ်လွန်) ၏ လစ်လပ်နေရာအတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် သဘောတူညီချက်ဖြင့် ခန့်အပ်ခဲ့သည်။


The Voice Daily
8.7.2014
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...