ကင်ဆာလူနာဦးရေ မြင့်တက်နေပြီး ဆးကုသမှုခံယူရန် လူနာများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရ

ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းတွင် တက်ရောက် ကုသနေသည့် ဝေဒနာရှင် တစ်ဦးအား တွေ့ရစဉ်..

လက်ရှိ မြန်မာနိုင်ငံတွင် ကင်ဆာဝေဒနာရှင် ဦးရေ မြင့်တက်နေပြီး ဓာတ်ရောင်ခြည် ဆေးကုသဌာန၌ ဆေးကုသမှု ခံယူရန် လူနာများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းအပေါ် သက်ဆိုင်ရာ တာဝန် ရှိသူများ အနေဖြင့် မဖြေ ရှင်းနိုင်သေးကြောင်း ကျန်းမာရေး ပညာရှင် များနှင့် လူနာရှင်များက သုံးသပ်ပြောကြားခဲ့ သည်။

ကင်ဆာ ရောဂါများအနက် မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး ကင်ဆာများမှာ အဆုတ်၊ သားအိမ်ခေါင်းနှင့် ရင်သားကင်ဆာများဖြစ်ပြီး ကျန်းမာရေးဦးစီးဌာန၊ ကင်ဆာရောဂါ တိုက်ဖျက်ရေးစီမံချက်မှ သုတေသန ပြုလုပ်ချက်များအရ ကင်ဆာဖြစ်ပွားသူ အချိုးတွင် အမျိုးသမီးအချိုးမှာ အမျိုးသားများထက် ပိုမို များပြားနေကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကင်ဆာဝေဒနာရှင် များအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့များရှိ ပြည်သူ့ဆေးရုံများတွင် ဓာတ်ရောင်ခြည်ကုဌာနများ ဖွင့်လှစ်ထားပြီး ကင်ဆာ ဝေဒနာရှင်များ ဓာတ်ရောင်ခြည်ဖြင့် ဆေးကုသမည်ဆိုပါက စောင့်ဆိုင်းရသည့်အချိန်မှာ တစ်လခွဲမှ လေးလခွဲခန့် ကြာမြင့်ကာ ယင်းသို့ စောင့်ဆိုင်းနေရခြင်းမှာ ကင်ဆာဝေဒနာရှင်များ တိုးတက် များပြားလာခြင်း၊ ဓာတ်ရောင်ခြည်စက်များ၏ စွမ်းအားကျဆင်းလာခြင်း၊ ဓာတ်ရောင်ခြည်စက်များ လိုအပ်မှုတို့ဖြစ်ကြောင်းနှင့် ယင်းကိစ္စအပေါ် အပြည့်အ၀ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ကင်ဆာလူနာက တစ်နေ့တခြား ပိုပိုများလာတယ်။ ရန်ကုန်မှာဆို အရင်ကတစ်နေ့ကို လူနာ ၃၀ ၀န်းကျင်ပဲ ကုနိုင်တယ်။ အခု နောက်ပိုင်း စက်သစ်တွေရောက်လာမှ တစ်နေ့ကို လူနာ ၁၀၀ ၀န်းကျင် ကုနိုင်လာတာပါ။ ရန်ကုန်တောင် တစ်နေ့မှ ရာဂဏန်းပဲ ကုနိုင်တာဆိုတော့ တခြားနယ်တွေမှာဆို ဒီထက်ဆိုးတာပေါ့။ ပုဂ္ဂလိကကဏ္ဍမှာ စက်တွေရှိပေမယ့် လူနာအများစုက ဆေးကုသစရိတ် ၀န်ပိတာကြောင့် မကုနိုင်တာများတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည်ကုဌာနတွင် တာဝန်ထမ်းဆောင်ဖူးသည့် ဆရာဝန်တစ်ဦးက ဆိုသည်။

မြန်မာအပါအ၀င် အာဆီယံဒေသတွင်းနိုင်ငံများတွင် နှစ်စဉ်ကင်ဆာရောဂါ ခုနစ်သိန်းနှင့်အထက် ဖြစ်ပွားနေပြီး အသက် ၄၀ နှင့်အထက် နောက်ဆုံးအဆင့် ကင်ဆာလူနာများတွင် သေဆုံးမှုနှုန်း မြင့်မားနေကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ခန့်မှန်းခြေ လူဦးရေ တစ်သိန်းတွင် ကင်ဆာဖြစ်ပွားသူ ၁၅၀ ခန့်ရှိနေပြီး မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးသူဦးရေမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းတွက်ချက်မှုများအရ လူဦးရေ သုံးသန်းအထက်တွင်ရှိနေကြောင်း သိရသည်။


Eleven Daily News
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...