G Pad 10.1 tablet ကို ကမ္ဘာတစ်ဝန်း ရောင်းချမည်ဟု LG ကြေညာ

အရွယ်အစားကြီးမားသည့် LG G Pad tablet ကွန်ပျူတာများကို ကမ္ဘာတစ်ဝန်း၌ ရောင်းချသွားမည်ဟု LG ကုမ္ပဏီက ကြေညာခဲ့သည်။

ဇွန်လက ဥရောပတွင် ရောင်းချမည်ဟု ကြေညာခဲ့သည့် ၇ လက်မ G Pad 7.0, ၈ လက်မ G Pad 8.0 နှင့် ၁၀.၁ လက်မ G Pad 10.1 တို့ကို လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ကမ္ဘာတစ်ဝန်းသို့ တင်ပို့ ရောင်းချမည် ဖြစ်ကြောင်းနှင့် အဆိုပါ LG G Pad tablet တွင် ကုမ္ပဏီ၏ စမတ်ဖုန်းမှ feature များပါဝင်လာကြောင်း တောင်ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီကြီးက ပြောကြားခဲ့သည်။

၎င်းတွင် 8,000mAh ဘက်ထရီ ပါဝင်လာပြီး စမတ်ဖုန်းပေါ်တွင် တွေ့မြင်ရလေ့ရှိသည့် KnockCode security feature ကိုလည်း ပေါင်းစပ်ထည့်သွင်းထားကြောင်း၊ KnockCode သည် သုံးစွဲသူများက ဖုန်းဖွင့်ခြင်းနှင့် unlock ပြုလုပ်ခြင်းတို့ အတွက် tap လုပ်ရုံဖြင့် ပြုလုပ်နိုင်ကြောင်း သိရသည်။ ထို့အပြင် G Pad tablet များသည် knock pattern လေးခုအထိ သိမှတ်နိုင်သောကြောင့် tablet တစ်လုံးကို လူ လေးဦးက ၎င်းတို့၏ လုံခြုံရေးစနစ် သတ်မှတ်ချက်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

LG G Pad တွင် Smart Keyboard feature ပါဝင်လာပြီး ၎င်းသည် သုံးစွဲသူများ စာရိုက်သည့်အခါ အမှားအယွင်း ဖြစ်မှုများ လျှော့ချပေးနိုင်မည်ဟု ဆိုသည်။ ထို့အပြင် tablet သစ်များတွင် LG G3 ၏ multitasking Dual Window mode ပါဝင်သည့်အတွက် screen တစ်ခုပေါ်တွင် app နှစ်ခုကို တစ်ပြိုင်နက် အသုံးပြုနိုင်မည် ဖြစ်သည်။

G Pad 10.1 တွင် 1.2GHz quad-core processor, 1GB RAM နှင့် 1,280x800 HD display တို့ပါဝင်ပြီး အနက်၊ အဖြူ၊ အနီ၊ လိမ္မော်၊ အပြာ စသည့် အရောင်ငါးမျိုးဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

ဈေးနှုန်းကိုမူ ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချချိန်တွင် ကြေညာမည်ဟု LG ကုမ္ပဏီက ပြောကြားခဲ့သည်။


Ref: CNET
Internet Journal
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...