အနာဂတ်၏ Nokia Lumia စမတ်ဖုန်းများတွင် Canon ၏ ကင်မရာ နည်းပညာများ ပါဝင်လာဖွယ်ရှိ

မိုက်ခရိုဆော့ဖ်သည် Cannon ကုမ္ပဏီ နှင့် မူပိုင်ခွင့်များနှင့် ပတ်သက်ကာ ပူးတွဲ လိုင်စင်ပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ကုမ္ပဏီ နှစ်ခုစလုံးအနေဖြင့် တစ်ဦးနှင့်တစ်ဦး မိမိတို့ မူပိုင်ခွင့် တင်ထားသည့် နည်းပညာများနှင့် ပတ်သက်ကာ မျှဝေ သုံးစွဲသွားနိုင်ရန် ခွင့်ပြုခဲ့ကြသည်။ ထို့ကြောင့် အနာဂတ်တွင် ထွက်ပေါ်လာမည့် Nokia Lumia စမတ်ဖုန်းများတွင် Canon ၏ ကင်မရာ နည်းပညာများ ကို ထည့်သွင်း သုံးစွဲသွားနိုင်ရန် အလားအလာများ ရှိနေသည်။

ယခုသဘောတူညီချက်များသည် များစွာသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အပေါ်တွင် လွှမ်းခြုံ သက်ရောက်သော်လည်း ယင်းသဘောတူညီချက်၏ ပင်မရည်ရွယ်ချက်မှာ ဆိုခဲ့သည့်အတိုင်း အနာဂတ်တွင် ထွက်ရှိလာမည့် Nokia Lumia စမတ်ဖုန်းများတွင် Canon ကင်မရာ မှန်ဘီလူးများ ထည့်သွင်း အသုံးပြုသွားနိုင်ရန် အတွက်ဖြစ်သည်။

“Canon နှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်မှု ကနေပြီး ကမ္ဘာတလွှားမှာ ရှိနေကြသော သုံးစွဲသူများအ တွက် တီထွင်ဖန်တီးမှုရှိသော နည်းပညာရပ်များကို ထုတ်လုပ် ဖန်တီးပေးနိုင်စေမှာ ဖြစ်ပါတယ်” လို့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ တီထွင်ဖန်တီးမှုနှင့် မူပိုင်ခွင့်ဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်း ရဲ့ မူပိုင်ခွင့် လိုင်စင် များဆိုင်ရာ အထွေထွေ မန်နေဂျာဖြစ်သူ Nick Psyhogeos ကပြောကြားခဲ့သည်။ “မိုက်ခရိုဆော့ဖ်က ယုံကြည်တာက လိုင်စင်များအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဟာ မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများကို လျှော့ချနိုင်စေဖို့အတွက် များစွာ အထောက်အကူပြုစေပြီး တီထွင်ဖန်တီးမှုများကို အရှိန်အဟုန်ပြင်းပြင်း လုပ်ဆောင်နိုင်စေဖို့ ထိရောက်သော နည်းလမ်းတစ်ရပ် လည်းဖြစ်ပါတယ်” လို့ ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအခါမှာ Lumia စမတ်ဖုန်းများတွင် ပါဝင်သော စမတ်ဖုန်း ကင်မရာများသည် ရုပ်ထွက် အမြင့်မား ဆုံဖြစ်နေပြီး Nokia Lumia 1020 သည် 41-megapixel ပမာဏရှိသည်။ ယင်းစမတ်ဖုန်းသည် ဒုတိယ်မျိုးဆက် OIS နည်းပညာ၊ မှန်ဘီလူး ၆ လုံး ၊ Carl Zweiss နည်းပညာများနှင့်အတူ သင့်အနေဖြင့် ပုံတစ်ပုံကို ရိုက်ယူပြီးပါက ရိုက်ချက်များရဲ့ ဆုံချက်ကို ပြန်လည်ဖြတ်နိုင်မည့် လုပ်ဆောင်နိုင်စွမ်းများကို ပိုင်ဆိုင်ထားသည်။

သို့ရာတွင် အဆိုပါ ကင်မရာအနေဖြင့် မိုက်ခရိုဆော့ဖ်မှာ အသစ်ရယူလိုက်ခဲ့သော Cannon ကင်မရာ နည်းပညာများဖြစ်သည့် ၄င်း၏ အလင်းနည်းပညာများနှင့် Canon DIGIC ပုံရိပ်လုပ်ဆောင်မှုအင်ဂျင် နည်းပညာ လုပ်ဆောင်မှုများကြောင့် ပိုမို ကောင်းမွန် တိုးတက် လာနိုင်မည်ဖြစ်သည်။

“ယခုသဘောတူညီမှုဟာ ကျွန်တော်တို့အနေနဲ့ မိုက်ခရိုဆော့ဖ်နဲ့ ရေရှည်လက်တွဲ ပူးပေါင်းဆောင်ရွက် သွားနိုင်ရန် ဆက်လက်တိုး ချဲ့သွားမည်ဖြစ်ပြီး တီထွင်ဖန်တီးမှုရှိသော နည်းပညာများကို ဆက်လက် ဖန်တီးသွားနိုင်မှာဖြစ်ပါတယ်” လို့ Canon Inc ရဲ့ မူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ဥပဒေရေးရာ ဌာနရုံးချုပ်မှာ အကြီးတန်း အထွေထွေ မန်နေဂျာဖြစ်သူ Hideki Sanatake ကပြောကြားခဲ့သည်။
မိုက်ခရိုဆော့ဖ်အနေဖြင့် Sony နှင့် အခြားသော အမှတ်တံဆိပ်များ နည်းတူ Sony QX100 ကဲ့သို့သော ဖြုတ်တပ်ရသော စမတ်ဖုန်း မှန်ဘီလူးများ ထုတ်လုပ်ဖို့အတွက်လည်း ခြေရာလိုက်နင်း လာဖွယ်ရာ ရှိသည်။

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်လိုက်ခြင်းက အနာဂတ်၏ Nokia Lumia စမတ်ဖုန်းများအပေါ် များစွာ လွှမ်းမိုးမှုရှိပြီး မိုက်ခရိုဆော့ဖ် ကယင်းတို့ကို အနာဂတ်ရဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာစေဖို့ ဆုံးဖြတ်ထားသည်။


Nyein Chan (TSJ Tech Team)
TechSpace Journal
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...