မိဘနှင့် ဆရာ

Written by ခင်မောင်ဌေး (ပညာရေး)

စာရေးသူ၏ ပညာရေး လုပ်သပ် တစ်လျှောက် လုံးတွင် သတင်းစာမျက်နှာပေါ်၌ ပထမဆုံး ဖတ်ရသည့် သတင်းပင်ဖြစ်မည် ထင်ပါသည်။ ထိုသတင်း မှာမြို့ကြီးပြကြီးမှ သတင်းလည်း မဟုတ်။ နယ်သတင်း တစ်ပုဒ်ဖြစ်နေသည်။ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ တစ်စောင်တွင် ဖတ်ရခြင်းဖြစ်သည်။

သတင်းအချုပ်မှာ ဆရာမကပြင်ပတွင်ကျူရှင်သင်သည်။ ကလေးက ဆရာမထံတွင်ကျူရှင်မတက်ပါ။ သင်္ချာအဖြေလွှာ မှန်သော်လည်း အမှတ်ပေးမထားပါ။ မိဘက ဆရာမကိုအမှတ်မပေးဘဲထားခြင်း၊ အတန်းထဲတွင် ဆက်ဆံရေးမပြေမလည်ဖြစ်နေခြင်းများကို အချက်အလက်အခိုင်အမာသက်သေပြု ကာတိုင်းတန်း၏။ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးက မိဘနှင့်ဆရာမကြား ပြေလည်မှုရှိစေရန် ထိုဆ ဆရာမအား အရေးယူဆောင်ရွက်သည့်အနေဖြင့် ယင်းအတန်းမှ အတန်းပိုင်ပြုလုပ်ခြင်း၊ ဘာသာရပ် သင်ကြားခြင်းများကိုလျှော့ချကာ အခြားအဆင့်နိမ့်အတန်းသို့ ပြောင်းရွှေ့တာဝန်ပေးလိုက်ကြောင်း သိရသည်။

စာရေးသူတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ် လျှောက်လှမ်းနေသည်မှာ သုံးနှစ်ကျော်ကာလသို့ပင် ကျော်လွန်ခဲ့ပြီဖြစ်၏။ ပြုပြင်ပြောင်းလဲရေး အစီအမံများ ချမှတ်ဆောင်ရွက်နေသည်မှာလည်း မှန်၏။ ယခုဆိုလျှင် တတိယလှိုင်း (Third Wave) အဖြစ်တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တာဝန်သိမှုစသည့် အပိုင်းတို့တွင် ထင်သာမြင်သာရှိလာစေရန် ပို၍တွန်းအားပေးဆောင်ရွက်နေချိန်ဖြစ်၏။

ပညာရေးဝန်ထမ်းများသည် ပြင်ပတွင်ကျူရှင်သင်ကြားခွင့် မရှိပါ။ သို့သော်လည်း ပညာရေးဝန်ထမ်း များ၏ လုပ်ခလစာနှင့် အခြေအနေအကြောင်းအမျိုးမျိုးတို့ကြောင့် အပိုဝင်ငွေအဖြစ် ရှာမည်ဆိုလျှင် လည်း ရှာနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပင် စာနာနားလည်စွာဖြင့် ထုတ် ဖော်ပြော ဆိုခဲ့သည်။ သို့သော် အပိုဝင်ငွေရှာရာတွင် အဂတိတရားမဖက်ဖို့လိုကြောင်းလည်း ထပ်ဆင့် ပြောကြား သွားခဲ့သေးသည်။ မကြာသေးမီကပင် အခြေခံပညာဦးစီးဌာနမှ ပညာရေးဝန်ထမ်းများ ကျူရှင်မသင်ရန် ထပ်မံသတိပေးကြေညာခဲ့ကြောင်း သိရ၏။ အကယ်၍ တိုင်တန်းသူများရှိပါက ဥပဒေ နှင့်အညီ အရေးယူ မည်ဖြစ်ကြောင်းဖော်ပြထားသည်ကို တွေ့ရ၏။

ဆရာ၊ ဆရာမများသည် ပညာရေး၏ ပဲ့ကိုင်ရှင်များဖြစ်ကြပါသည်။ အဓိကအချက်မှာ ကလေးများ စာပေ တတ်မြောက်ရန် သင်ကြားပေးခြင်း၊ ကလေးတို့၏ စိတ်နှလုံးသားများ နူးညံ့ပျော့ပြောင်းလာ အောင် စိတ်ကိုပြင်ခြင်းဆိုသည့် လုပ်ငန်းတာဝန်များရှိနေ၏။ ကျောင်းတွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ မိမိ တို့၏ တပည့်သားမြေးများအပေါ် မြင့်မြတ်ဖြူစင်သောစိတ်ဖြင့် ပြုပြင်ထိန်းကျောင်းပေးနိုင်လျှင် မည်သို့ သောပြဿနာမှ ပေါ်ပေါက်လာနိုင်မည်မဟုတ်ပေ။

သို့သော်လည်း မိမိတို့၏အတ္တလွန်ကဲမှုကြောင့် ခွဲခြားဆက်ဆံသည့် အပြုအမူများ တွေ့ရသောအခါ မဖြစ်သင့်သည့် ပြဿနာများနှင့်ရင်ဆိုင်ဖြေရှင်း ရနိုင်ပါသည်။ မိမိအိမ်ရှိကျူရှင်သို့ လာတက်မှ၊ လာဘ် လာဘရရှိမှဆိုသည့်စိတ်များ မကင်းစင်နိုင်သေးသောကြောင့် မိမိကျူရှင်တက်မှ အမှတ်ကောင်းရခြင်း၊ အဆင့်မြင့်မြင့်ရခြင်း၊ အတန်းထဲတွင် ဆရာ၊ ဆရာမ၏အလေးပေးမှု၊ ဦးစားပေးမှုကိုခံရခြင်း စသည်တို့ မှာ ကျောင်းကြီးကျောင်းငယ်မရွေး ကြုံနေရဆဲဖြစ်၏။

ယခုအချိန်အခါတွင် ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပြီဖြစ်၏။ အထူးသဖြင့် စာမေးပွဲ စစ်ဆေးအကဲဖြတ်ရာတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းများသည် မြို့နယ်၊ ခရိုင်စသည်ဖြင့် အဆင့်မြှင့် တင်စစ်ဆေးတော့မည် ဖြစ်၏။ ထို့ကြောင့်မိဘများကိုယ်တိုင်ကလည်း မိမိတို့၏သားသမီးများ ပိုမိုထူး ချွန်နိုင်စေရန် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်၏ အတန်းပိုင်ဆရာမထံတွင် လုံးဝပုံအပ်၍သင်ချင်မှလည်း သင်မည်ဖြစ်၏။

ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ အပိုဝင်ငွေရရှိရန် ပြင်ပတွင်ကျူရှင်သင်နေမှုများသည် တရား မဝင်ပါ။ သို့သော် ကျောသားရင်သားမခွဲခြားဘဲ စေတနာသန့်သန့်ဖြင့် သင်ကြားပြသမှုများအပေါ်တွင် မိဘများကိုယ်တိုင်ကလည်း ငြိုငြင်ကြမည်မဟုတ်ပါ။ မိမိတို့၏သားသမီးများ ပိုမို၍လိမ္မာရေးခြားရှိစေ ရန် ဆရာ၊ ဆရာမများထံတွင် ယုံကြည်ကိုးစားစွာဖြင့် အပ်နှံကြပါသည်။ ဆရာ၊ ဆရာမများသည် ထိုကဲ့သို့သော မိဘများ၏ ယုံကြည်အားထားမှုကို လေးစားတန်းဖိုးထားရမည် ဖြစ်သည်။ မိမိတို့၏အတ္တ ကို ရှေ့တန်းတင်ကာ မတော်လောဘတက်ကြလျှင် ဆရာနှင့်မိဘကြား မလိုလားအပ်သည့်အမှု ကိစ္စ များပေါ်လာနိုင်ပါသည်။

ထို့ကြောင့် စာပေသင်ကြားပြသခြင်း၊ တပည့်များလိမ္မာရေးခြားရှိအောင် ဆိုဆုံးမခြင်းသည် ဆရာ၊ ဆရာမတိုင်း၏ တာဝန်ဖြစ်သည်။ ထိုတာဝန်ကိုထမ်းပိုးရာတွင် မိမိ၏တပည့်သားမြေးများအား ဆူကြုံ နိမ့်မြင့် ဖြူစင်သောစေတနာမေတ္တာဖြင့်သာ ဆိုဆုံးမခြင်း၊ သင်ကြားပြသခြင်းပြုနိုင်ကြမည်။ မုဒိတာ ပွားနိုင်ကြမည်ဆိုလျှင် ဆရာနှင့်မိဘများအကြား အငြင်းပွားဖွယ်ရာများ ရှိနိုင်တော့မည်မဟုတ်ပေ။ မိဘနှင့်ဆရာ ပူးပေါင်းနိုင်မှသာ ကလေး၏ပညာရေးကောင်းနိုင်မည်ကို အစဉ်သတိချပ်သင့်လှပေသည်။ ။ 

ကြေးမုံသတင်းစာ
သြဂုတ် (၈) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...