နည်းနည်း စဉ်းစားကြည့်သင့်တယ်...
အလုပ် တစ်ခုကို မဖြစ်ဖြစ်အောင် တုန်း တိုက်တိုက် ကျား ကိုက်ကိုက် လုပ်တတ်တဲ့ အလေ့ အကျင့်ဟာ ကောင်းသလား ဆိုရင် သူ့နေရာနဲ့ သူ တော့ ကောင်း တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အခက်အခဲ တွေကို ကိုယ် အား၊ ဉဏ်အား၊ လုံ့လ၀ီရိယအား၊ ငွေကြေး အင်အားတွေနဲ့ မဖြစ်ဖြစ်အောင် ဖြေရှင်းပြီး မိမိ သူတစ်ပါး နှစ်ဦးသား အကျိုးရှိတဲ့ နည်းလမ်းနဲ့ အောင်မြင်မှုကို အရယူနိုင်မယ် ဆိုရင် ကောင်း တာပါပဲ။ ဒါပေမဲ့ တစ်ခါ တစ်ခါ ဖြေရှင်းရ ခက်တဲ့ ပြဿနာတွေကို သုံးနေကျ နည်းလမ်း မဟုတ်ဘဲ ဆန်းသစ် တီထွင်တဲ့ အများသူငါ မစဉ်းစားမိတဲ့ နည်းလမ်းတွေနဲ့ အလွယ် တကူ ဖြေရှင်းနိုင် တာလည်း ရှိတတ်ပါတယ်။ နောက်ပြီး သာမန် အလုပ် တွေကိုပဲ အများသူငါ လက်ခံထားတဲ့ နည်းလမ်းတွေကို မသုံးဘဲ ကြံကြံ ဖန်ဖန် စဉ်းစားပြီး ကြံကြံဖန်ဖန် လုပ်လိုက်လို့ ကြုံတွေ့နေကျ အခက်အခဲ တွေကို ရှောင်လွှဲ သွားနိုင်တာ မျိုးလည်း ရှိတတ် ပါတယ်။
အများလုပ်နေကျ နည်းလမ်းနဲ့ပဲ အင်အားစိုက်ထုတ်၊ အချိန်ပေး၊ အပင်ပန်းခံ အနာခံ ဒုက္ခခံပြီး မဖြစ်ဖြစ် အောင် လုပ်မလား၊ နည်းလမ်း သစ်ကို တွေးတော ရှာကြံစမ်းသပ် လုပ်ကြည့်မလား ဆိုတာ သာမန် လုပ်ငန်း ခွင်မှာ ကြုံတွေ့ရဖို့ ခဲယဉ်းတဲ့ အခြေအနေမျိုးပဲလို့ ထင်မိတတ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်မျိုးက အလုပ်ကြီးကြီးလုပ်သူ၊ တာဝန်ကြီးကြီး ယူထားသူ၊ ရာထူးကြီးသူတွေသာ ချမှတ်ရတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်တယ်၊ တို့နဲ့မဆိုင်ဘူး လို့လည်း ထင်တတ်ကြပါတယ်။ အဲဒီလို ထင်မြင်ယူဆ ထားမယ်ဆိုရင် တော့ ကိုယ့်ရဲ့ ထင်မြင်ယူဆ ချက်ကြောင့်ဘဲ လုပ်ငန်းခွင်မှာ လုပ်စရာရှိ တာတွေလုပ်၊ ဖြေရှင်းစရာရှိတာတွေ ဖြေရှင်းတဲ့အခါ ဝေဖန်ပိုင်းခြား စိစစ်သုံးသပ်တဲ့အမြင်နဲ့ မကြည့်မိဘဲ ထုံးစံအတိုင်း လုပ်နေမိတတ်ပါ တယ်။ အဲဒါဆို သာမန်အနေအထားထက် ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ထွက်လာဖို့ ခက်မှာ ဖြစ်ပါ တယ်။
ငှက်ပျောသီးကို ဓားနဲ့ ကန့်လန့်ဖြတ် လှီးလိုက်ရင် ငှက်ပျောခွံရော ငှက်ပျောသားရော နှစ်ပိုင်း ပြတ်သွား ပါတယ်။ ဓားနဲ့ မလှီးဘဲ လက်နဲ့ ဖဲ့မယ်၊ သွားနဲ့ကိုက်မယ် ဆိုရင်လည်း ဒီအတိုင်းပါပဲ။ သပ်သပ်ရပ်ရပ် ပြတ်တာနဲ့ မသပ်မရပ် ပြတ်တာပဲ ကွာပါမယ်။ အဲဒီမှာ ငှက်ပျောခွံ နှစ်ပိုင်း မပြတ်ဘဲ တစ်ဆက်တည်း ဖြစ်နေပြီး အထဲက ငှက်ပျောသားကို နှစ်ပိုင်းပြတ်အောင် ဖြတ်နိုင်မလားလို့ မေးရင် မရနိုင်ဘူးလို့ ထင်ရပါ တယ်။ ဒါပေမဲ့ တကယ်တော့ ရပါတယ်။ အပ်တစ်ချောင်းနဲ့ အပ်ချည် တော့လိုတယ်။ လုပ်ရမှာက အပ်ကို သုံးပြီး ငှက်ပျောခွံရဲ့အောက်၊ ငှက်ပျောသားရဲ့ အပေါ် ကြားထဲကနေ ငှက်ပျောသီးကို အပ်ချည်နဲ့ တစ်ပတ် ပတ်မိအောင် လေးငါးပေါက်လောက် ပတ်ခြာလည်လှည့်ပြီး ထိုးဖို့ ဖြစ်ပါတယ်။ အပ်နဲ့အတူ အပ်ချည်ပါသွားမှာမို့ နောက်ဆုံး အပ်ချည် ကို ဆွဲထုတ်လိုက်ရင် ငှက်ပျောသားကို ပိုင်းပြီးသား ဖြစ်သွား မှာပါ။ ငှက်ပျောသီးရဲ့ ဘေးဘက်ကနေ အပ်တစ်ချောင်းရဲ့ လေးပုံသုံးပုံလောက် ၀င်ရင် ထုတ်ချင်းခပ် ပေါက်နိုင်မယ့် နေရာမှာ တစ်ခြမ်းကပ်ပြီး အပ်ချည်ကို ဆွဲသွင်း၊ အပ်ထွက်လာတဲ့ အပေါက်ကနေ ချည်စ ထွက်လာတဲ့အထိ ဆွဲထုတ်၊ အဲဒီအပေါက်ကပဲ အပ်ကို ပြန်ထည့်၊ အဲဒီလို ငှက်ပျောသီးကို တစ်ပတ် ပတ်မိအောင် တစ်ဖြတ်ချင်း အပ်နဲ့ထိုးပြီး ပတ်သွားရင် ငှက်ပျော သီးအခွံမှာ အပေါက်ဘဲ မြင်ရပြီး အပ်ချည်နဲ့ ငှက်ပျောသီးအတွင်းသားကို တစ်ပတ် ပတ်မိပါလိမ့်မယ်။ နောက်ဆုံးတစ်ဖြတ်မှာ ပထမဆုံး အပ်ထိုး ခဲ့တဲ့ နေရာက အပ်ကို ပြန်ထုတ်နိုင်အောင် ချိန်ပြီး တစ်ပတ်ပတ်ရမယ်။
ငှက်ပျောခွံနဲ့ ငှက်ပျောသား ဒီလောက် ကပ်နေတာတောင် အပေါ်က အုပ်ထားတဲ့ ငှက်ပျောခွံ ကိုလည်း မခွာဘဲ၊ နှစ်ပိုင်းလည်း မပြတ်စေဘဲ အထဲက ငှက်ပျောသားကို နှစ်ပိုင်း ပိုင်းလို့ရသေးရင် အကောင်း အဆိုး ဒွန်တွဲနေတဲ့ လောကကြီးထဲမှာ ဉဏ်ကို လွှာသုံးပြီး အဆိုးကိုဖယ်၊ အကောင်းကို အရယူနိုင်ရမယ် လို့ စဉ်းစားမိပါတယ်။ ဥပမာ စည်းကမ်းပျက်တဲ့ လူကို စည်းကမ်းပျက်တယ် ဆိုပြီး တိုင်လိုက်လို့ အဲဒီလူ အရေးယူခံရပြီး စည်းကမ်းလိုက်နာ သွားနိုင်ပေမယ့် တိုင်တာကို အကြောင်းပြုပြီး အဲဒီလူနဲ့ ဆက်ဆံရေး ပျက်ပြား သွားမယ်ဆိုရင် ငှက်ပျောသီးကို ဓားနဲ့ ကန့်လန့် ဖြတ်လှီး လိုက်သလိုများ ဖြစ်နေမလားလို့ စဉ်းစား မိပါတယ်။ လိုချင်တဲ့ ရလဒ်ကို အရယူလိုက်တာမှာ အရေးမကြီးဘူးလို့ ထင်ရတဲ့ ထိခိုက်မှု ဆုံးရှုံးမှုတွေ ရှိနေတဲ့အခါ ရလဒ်ကောင်းတဲ့အတွက် ပေးဆပ်ရမှာပဲလို့ အလောတကြီး မဆုံးဖြတ်သေးဘဲ ငှက်ပျောသီးကို ဓားနဲ့ဖြတ်မယ့်အစား အပ်နဲ့အပ်ချည်သုံးပြီး ဖြတ်သလို သမားရိုးကျ မဟုတ်တဲ့၊ သာမန် အားဖြင့် မစဉ်းစားမိတဲ့ နည်းလမ်းနဲ့ လုပ်လို့ရမလား နည်းနည်းစဉ်းစားကြည့်သင့် ပါတယ်။
အလုပ်ရှာနေဆဲ အခါမှာပဲ ဖြစ်ဖြစ်၊ အလုပ်ရပြီးလို့ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ လက်ရှိ အလုပ်ကို သဘောမကျလို့ အလုပ်ပြောင်းမလို့ စဉ်းစားနေတဲ့ အခါမှာပဲဖြစ်ဖြစ် ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ လက်ငင်း လုပ်ရမယ့် အလုပ်တွေဟာ သမားရိုးကျတွေ၊ ဘာမှမထူးဆန်းတာတွေ ဖြစ်နေသည့်တိုင် ထူးထူးခြားခြား တစ်သက်မှာ တစ်ခါတွေ့ရတဲ့ အခြေအနေတွေ အလုပ်တွေလို သဘောထားပြီး ဘက်ပေါင်းစုံက စဉ်းစားတွေးတော သုံးသပ်ကြည့်မယ်ဆိုရင် အမြဲတမ်းမဟုတ် တောင် တစ်ခါတစ်ခါ ထူးခြားဆန်းသစ်တဲ့ အတွေးအမြင်တွေ၊ နည်းလမ်း တွေ၊ စိတ်ကူးစိတ်သန်းတွေ ပေါ် လာနိုင်တယ်လို့ ထင်ပါတယ်။ အဲဒီပေါ် လာတဲ့ အတွေးအမြင်တွေ၊ နည်းလမ်းတွေ၊ စိတ်ကူးစိတ်သန်း တွေဟာ အားလုံးကောင်းလိမ့်မယ်လို့လည်း မဆိုနိုင်ပါဘူး။ တစ်ခါတစ်ခါ ထိုင်နေ အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလို ကိုယ့်ရဲ့ ထူးခြားဆန်း သစ်တဲ့ အတွေးအမြင်တွေ၊ နည်းလမ်းတွေ၊ စိတ်ကူး စိတ်သန်းတွေကို ကိုယ့်ဖာသာ သဘောကျပြီး လက်တွေ့ကျင့်သုံးလိုက်တော့မှ ပြဿနာ တွေ တက်သွား တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သာမန်ဘ၀မှာ သာ မန်အလုပ်တွေကိုပဲ လုပ်နေရလို့ ပျင်းစရာ ကောင်းလိုက်တာ လို့တော့ ထင်တော့မှာ မဟုတ်ပါဘူး။ အဲဒီလို ပျင်းရိ ငြီးငွေ့ခြင်း အလျဉ်းမရှိ တက်ကြွပြီး အရာရာကို စိတ်ဝင်တစားနဲ့ နက်နက်နဲနဲ စူးစမ်းလေ့လာ သုံးသပ် ဆင်ခြင်နေတဲ့ စိတ်ဟာ အင်မတန် အားကောင်းပါတယ်။ မထင်မှတ်တဲ့ အခြေအနေကနေ အောင်မြင်မှုကို အံ့သြစရာ ကောင်း လောက်အောင် ဆောင်ကြဉ်းပေးတတ် ပါတယ်။

ဆရာသုတ
JOB seekers Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook