အသား စားသုံးမှုနှင့် ကမ္ဘာကြီး ပူနွေးမှု
By ဟန်လင်းအောင်
အသားစားသူသည် ကမ္ဘာကြီးပူနွေးအောင် လုပ်နေသူဟု ဆိုနိုင်ပြီ။ မကြာသေးမီက ထွက်ပေါ် လာသော အသား ထုတ်လုပ်ရေး လုပ်ငန်းများ နှင့် သဘာဝ သယံဇာတ ရင်းမြစ် သုံးစွဲနှုန်းများ ဆက်စပ်မှု ဆိုင်ရာ လေ့လာမှု တစ်ရပ်အရ အမဲသား ထုတ်လုပ်ရခြင်းသည် အခြား ကြက်သား၊ ၀က်သားများ ထုတ်လုပ်ရခြင်း ထက်ပင် ပို၍ သဘာဝ သယံဇာတ ပစ္စည်း အကုန်အကျများ စေကြောင်း သိရသည်။ အသားငါးများ ထဲတွင် အမဲသားသည် ဖန်လုံအိမ် ဓာတ်ငွေ့ အထွက်စေဆုံး အသားလည်း ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းလို သူများ အနေဖြင့် အမဲသား အပါအ၀င် အသားစားသုံးမှုကို တတ်နိုင်သမျှ နည်းနည်းစီ လျှော့ချသင့်ကြောင်း စစ်တမ်းက အကြံပြုဖော်ပြသည်။ မီးခိုးထွက်သော ကားတွေ လျှော့ သုံးခြင်းထက် အသားလျှော့စားကြ ခြင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာပို ထိရောက်ကြောင်း စစ်တမ်းက အကြံပြု တိုက်တွန်းသည်။
အသား ထုတ်လုပ်ရေး လုပ်ငန်းများက ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင် အပေါ် ဖိအားသက်ရောက် စေကြောင်း ယခင်ကလည်း အကြမ်းဖျင်း လက်ခံထားကြပြီး ဖြစ်သည်။ သို့သော် သုတေသနစစ်တမ်းနှင့် တကွ စနစ်တကျထောက်ပြမှု မရှိခဲ့။ ယခုမှဦးဆုံး အကြိမ်အဖြစ် ရှင်းလင်းစွာ ထောက်ပြ နိုင်ခြင်း ဖြစ်သည်။ ယခု စစ်တမ်းက အမဲသားကို အဓိက ဇောင်းပေးဖော်ပြ ထားသည်။ အမဲသားသည် ၀က်သား၊ ကြက်သားများထက် သဘာဝ သယံ ဇာတ အဆပေါင်းများစွာပို သုံးစွဲနေသည်ကို တွေ့ရသည်။ ၀က်၊ ကြက်မွေးမြူရခြင်း ထက် နွားမွေးမြူရခြင်းက မြေဧရိယာ (၂၈) ဆ ၊ ရေ (၁၁)ဆ ပိုကုန် ကျကြောင်း စစ်တမ်းက ဖော်ပြသည်။ ကမ္ဘာကြီး ပူနွေးစေသော ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုက ငါးဆထိပိုများသည်။
အာလူး၊ ဂျုံ၊ ဆန် စသည့် စိုက်ပျိုးထွက်ကုန်များနှင့် နှိုင်းယှဉ်ပါက အမဲသား၏ သဘာဝ ပတ်ဝန်းကျင်အပေါ် ဖိအားက အဆများစွာ ပိုများနေ သည်ကိုလည်း တွေ့နိုင်သည်။ အမဲသား တစ်ကီလိုဂရမ် ထုတ်လုပ်ရန် သုံးလိုက် ရသော မြေဧရိယာသည် စိုက်ပျိုး ထွက်ကုန် တစ်ကီလိုဂရမ် ထုတ်လုပ်ဖို့ သုံးလိုက်ရသည့် မြေဧရိယာထက် အဆပေါင်း (၁၆၀) ပိုများသည်။ ဖန်လုံအိမ် ဓာတ်ငွေ့ထွက်ရှိ နှုန်းက (၁၁) ဆ ပိုများ ပြားသည်။
စိုက်ပျိုးမွေးမြူရေး ကဏ္ဍသည် ကမ္ဘာ ကြီးပူနွေးမှု ကိုဖြစ်စေသော အဓိကလက်သည် တစ်ခုဖြစ်သည်။ ကမ္ဘာ့ ဖန်လုံအိမ် ဓာတ်ငွေ့ထွက်ရှိမှု (၁၅) ရာခိုင်နှုန်းသည် စိုက်ပျိုး မွေးမြူရေးကဏ္ဍမှလာခြင်း ဖြစ်သည်။ (၁၅) ရာခိုင်နှုန်း၏ ထက်ဝက်မှာ မွေးမြူရေး ကဏ္ဍမှ ဖြစ် သည်။ ကျွဲ၊ နွားအပါအ၀င် မွေမြူရေး တိရိစ္ဆာန် များကို အစာကျွေးရာတွင် အသုံးချလိုက်ရသည့် ရေနှင့် အစားအစာ ပမာဏသည်လည်း ကမ္ဘာ့ စားနပ် ရိက္ခာဖူလုံရေးအတွက်ပါ စိုးရိမ် ရလောက်အောင် မြင့်မားနေသည်။ ၂၀၅၀ ရောက်လျှင် နောက်ထပ် တိုးလာမည့် လူသား သန်းနှစ်ထောင်ကျော်ကို လုံလောက်အောင် ကျွေးမွေးနိုင်ဖို့ရန် မှာ မွေးမြူရေး တိရိစ္ဆာန်များအတွက် စားကျက်အဖြစ် သုံးနေရသော စိုက်ပျိုးမြေများ ကိုပါ အသုံးချနိုင်မှ ဖြစ်မည်ဟု တွက်ချက်မှုများက ဖော်ပြနေသည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချနိုင်အောင် အသားလျှော့ စားကြဖို့၊ စိုက်ပျိုး သီးနှံများကို မွေးမြူရေး ကဏ္ဍတွင် အသုံးပြုနှုန်း လျှော့ချဖို့ ယခင်က ဆော်သြခဲ့ဖူး သော်လည်း လက်တွေ့တွင်ကား သိသာသော ထိရောက်မှု မပြသေး။
သက်ရောက်မှုကို ထင်ရှားအောင် သက်သေမပြနိုင်သေး လို့သာ လူတွေကို မစည်းရုံးနိုင် ဖြစ်နေသေး တာပါ။ အခုဆို ကျွန်တော်တို့ သေချာ သက်သေပြ နိုင်ပြီ။ တစ်ခြား အသားငါးတွေ ထက် အမဲသားက သက်ရောက်မှု ပိုပြင်းထန်တယ်ဆိုတာ စာရင်းဇယားတွေက ကောင်းကောင်းပြနေတယ် ဟု စစ်တမ်း အဖွဲ့ ခေါင်းဆောင် နယူးယောက်ပြည်နယ် ဘာ့ဒ်ကောလိပ်မှ ပါမောက္ခဂီဒန်ရှဲလ် က ပြောသည်။ အမဲသား ထုတ်လုပ်ရေး လုပ်ငန်းများကို အစိုးရက မူဝါဒအားဖြင့် ကျောထောက်နောက်ခံ ပေးထားမှုများ လျှော့ချလိုက်ရုံဖြင့် အမဲသားဈေးများ တက်သွားကာ စားသုံးမှုက အလိုလို ကျသွားပြီး အမဲသားကြောင့် ပတ်ဝန်းကျင် ထိခိုက်ရမှုကို လျှော့ချနိုင်မည်ဟု ပါမောက္ခ ရှဲလ်က အကြံပြုသည်။
အစိုးရတွေဟာ ပြည်သူတွေရဲ့ အာဟာရရရှိမှုနဲ့ ပတ်သက်ပြီး ထိန်းချုပ်ထားတာမျိုး မရှိပေမယ့် အစိုးရ တွေရဲ့ မူဝါဒတွေအရ ပြည်သူတွေဟာ အသား ပိုစားဖြစ်ကြအောင် လမ်းကြောင်းပေးထား သလို ဖြစ်နေပါတယ်။ အသား ထုတ်လုပ်ရေး လုပ်ငန်းတွေကို အစိုးရတွေက မူဝါဒအားဖြင့် ကျောထောက် နောက်ခံ ပေးထားတာတွေကို လျှော့ချလိုက်ရုံနဲ့တင် အမဲသားဈေးတွေ တက်သွားပြီး စားသုံးနှုန်း ကျိန်းသေပေါက် ကျသွားမှာပါဟု ပါမောက္ခရှဲလ်က ဆက်လက် ပြောကြားသည်။ ပါမောက်္ခ ရှဲလ်နှင့် အဖွဲ့သည် ကျွဲ၊ နွား၊ ကြက်၊ ငှက်၊ ၀က်၊ ကြက်ဥ ဘဲဥနှင့် နို့ထွက် ပစ္စည်းများ ထုတ်လုပ် ရာတွင် တစ်ခုချင်း အလိုက် အသုံးပြုလိုက်ရသော မြေဧရိယာ၊ ရေနှင့် အခြား အထောက်အကူ ပစ္စည်းများ မည်မျှသုံးစွဲရသည်ကို စာရင်းပြုစုကာ နှိုင်းယှဉ် ကြည့်ခဲ့ကြသည်။ ထိုအခါ နွားမွေးမြူရေးလုပ်ငန်းသည် အခြားလုပ်ငန်းများထက် သယံဇာတသုံးစွဲမှု အများဆုံး ဖြစ်ကြောင်း တွေ့ခဲ့ရသည်။
ကျွဲ၊ နွားများကို ကောက်ပဲ သီးနှံများပါ ကျွေးသည့် ဓလေ့ရှိသော ဒေသများတွင် မြက်ခင်း စားကျက်မြေ၌ လွှတ်ကျောင်းသော ဒေသများမှာ ထက် သယံဇာတ ကုန်ကျနှုန်းသည် ပို၍ပင်များပြားကြောင်းလည်း တွေ့ရသည်။ သို့ဖြစ်သည့်တိုင် မြက်ခင်း စားကျက်မြေမှာ လွှတ်ကျောင်းသော ကျွဲ၊ နွားများသည်ပင် အခြား မွေးမြူရေး တိရိစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက သယံဇာတပစ္စည်း သုံးစွဲနှုန်းအဆများစွာ ပိုများနေဆဲ ဖြစ်ကြောင်း စစ်တမ်းက ထောက် ပြသည်။ ပါမောက္ခရှဲလ်နှင့် အဖွဲ့၏ စစ်တမ်းကို Proceedings of the National Academy of Sciences ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။
စစ်တမ်းအတွက် အသုံးပြုထားသော အချက်အလက်များသည် စိုက်ပျိုးရေးလုပ်ငန်း အောက်ခြေအဆင့် နယ်ကျဉ်းကျဉ်း ကောက်ထားသော အချက်အလက်များ မဟုတ်ဘဲ အမေရိကန်နိုင်ငံ အမျိုးသားအဆင့် အချက်အလက်များဖြစ်ရာ စစ်တမ်းသည် ယုံကြည်အားကိုးလောက်ကြောင်း ဗြိတိန် နိုင်ငံ လိဒ်တက္ကသိုလ် မှ ပါမောက္ခ တင်မ်ဘန်တန်ကလည်း ထောက်ခံထားသည်။ မွေးမြူရေး လုပ်ငန်းဟာ ကမ္ဘာကြီးကို ပူနွေးစေတဲ့ ကာဘွန်ထွက်နှုန်း တိုးစေတဲ့ အဓိကလုပ်ငန်း တစ်ရပ်ပါ။ လူတွေအနေနဲ့ မိမိတို့ကြောင့် ကာဘွန်ခြေရာ ထင်မကျန်စေဖို့ မော်တော်ယာဉ် အသုံးလျှော့ကြခြင်းထက် အသား စားနှုန်း လျှော့ကြ မယ်ဆိုရင် ကမ္ဘာကြီးပူနွေးမှုလျှော့ချရေး အတွက် ပိုလို့တောင် ထိရောက်ပါလိမ့်မယ် ဟု မစ္စတာ ဘန်တန်က ပြောသည်။
လူတွေ အမဲသား အပါအ၀င် အသားစားနှုန်းများ လျှော့လိုက်မည် ဆိုပါက အသားထုတ်လုပ်ရမှု ကျဆင်းပြီး စားကျက်မြေလွတ်များ ပေါ်လာ ကာ လူသားများ အတွက် စိုက်ပျိုးသီးနှံများပို ထုတ်လုပ်နိုင်ကာ စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာကိုပါ ဖြေရှင်းနိုင်မည်ဟု မစ္စတာ ဘန်တန်က ဆက်လက် ပြောကြား သည်။ သို့သော် အသားစား လျှော့ကြဖို့ ပြောရခြင်းသည် အမြဲတမ်း အငြင်းပွားအချင်းများရပြီး မထိရောက်သော အကြံပြုချက် ဖြစ်နေသေးသည် ဟုလည်း ၎င်းက ဆက်လက် ပြောကြားသွားသည်။
အမဲသား အပါအ၀င် အသားထုတ်လုပ်မှု လုပ်ငန်းစဉ် အဆင့်ဆင့်က ကမ္ဘာ့ သယံ ဇာတတွေကို အခြား စားနပ်ရိက္ခာ ထုတ်လုပ်ရေး လုပ်ငန်း များထက် ပိုကုန်ကျစေတယ်ဆိုတာ အစိုးရတွေ ကောင်းကောင်း သတိပြုမိကြဖို့ လိုပါတယ်။ အဲဒီလို သတိပြုမိမယ် ဆိုရင် သဘာဝ ပတ်ဝန်းကျင်အပေါ် ဖိအား သက်ရောက်မှု အနည်းဆုံးနဲ့ ထုတ်လုပ်နိုင်စွမ်း အမြင့်ဆုံးဖြစ် လာအောင် ဘယ်လို စီစဉ်ရမယ်ဆိုတာ စဉ်းစားဖြစ်လာကြမယ်။ အစိုးရတွေ သာမက စားသုံးသူ တစ်ဦးချင်း အနေနဲ့လည်း အမဲသားအပါအ၀င် အသားစားသုံးမှုကို အာဟာရ အတွက် လိုအပ်သလောက်ပဲ စားဖို့၊ မလိုအပ်ဘဲ အလဟဿ ဖြုန်းတီးမိတာမျိုး မဖြစ်အောင် ဂရုစိုက်ကြဖို့ လိုပါတယ် ဟု ပါမောက္ခ ဘန်တန်က တိုက်တွန်း ပြောကြားသည်။
နမူနာအနေနဲ့ အမေရိကနဲ့ ဥရောပ မွေးမြူရေးလုပ်ငန်းတွေကို ကြည့်ပါ။ ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်း အတွက် စားကျက်မြေတွေ အများကြီး သုံးပစ်နေကြတယ်။ ထိရောက်မှုနည်းတဲ့ မွေးမြူရေးပုံစံကို ခုထိ ကျင့်သုံးနေကြတုန်းပဲ။ ထိထိရောက်ရောက်သာ လုပ်ကြမယ်ဆိုရင် ကျွဲ၊ နွားတွေအစာ အတွက် သုံးနေ ရတဲ့ စားကျက်မြေ အများစုကြီးဟာ လူသားတွေ စားနပ်ရိက္ခာ အတွက် စိုက်မြေ၊ ပျိုးမြေတွေဖြစ်လာမယ် ဟု ၎င်းကဆက် ပြောကြား သည်။ ဗြိတိန်နိုင်ငံတွင် ပြုလုပ်ထားသော သီးခြား စစ်တမ်းတစ်ရပ်ကလည်း အထက်ပါ စစ်တမ်း ရလဒ်များကို ထောက်ခံနေသည်။ စစ်တမ်းက ဗြိတိန် နိုင်ငံတစ်ဝန်း ပြည်သူအများ အပြား၏ စားသုံးမှု ပုံစံများနှင့် ကမ္ဘာကြီးပူနွေးစေသော ဖန်လုံအိမ်ဓာတ်ငွေ့ထွက်နှုန်းကို နှိုင်းယှဉ် လေ့လာထားသည်။ ထိုအခါ အသားစားသူများကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်နှုန်းသည် သက်သက် လွတ်သာ စားသူများထက် နှစ်ဆပိုများကြောင်း တွေ့ရသည်။
လေ့လာမှု စစ်တမ်းကို အောက်စ်ဖို့ဒ် တက္ကသိုလ်မှ ပညာရှင်များက ပြုလုပ်ခြင်း ဖြစ်သည်။ စမ်တမ်းတွင် အသားစားသုံး မှုများသူ (၃၀၀၀၀)၊ အသီးအရွက် အစားများ သူ (၁၆၀၀၀)၊ ငါးအစားများသူ (၈၀၀၀) နှင့် အသားနှင့်ပတ်သက်လျှင် တိုက်ရိုက်ရော သွယ်ဝိုက် ဆက်စပ်ရော လုံးဝမစားသုံး သူ (၂၀၀၀) ပါဝင် သည်။ စစ်တမ်းအရ အသားပါဝင်မှုများသော စားသောက်မှုပုံစံ (တစ်နေ့ကို အသား ၁၀၀ ဂရမ်အထက်) ကြောင့် တစ်နေ့ကို ကာဗွန်ဒိုင် အောက်ဆိုက်ဒ် (၇ ဒသမ ၂) ကီလိုဂရမ် ထွက်ရှိကြောင်း တွေ့ရသည်။ ငါးနှင့် အသီးအရွက်သာ ပါသော စားသောက်မှု ပုံစံကြောင့် ကားတစ်နေ့ကို ကာဗွန်ဒိုင်အောက်ဆိုက်ဒ် (၃ ဒသမ ၈) ကီလိုဂရမ်သာ ထွက်ရှိသည်။ အသီးအရွက်သာ စားသောက်မှု ပုံစံကြောင့် ကား (၂ ဒသမ ၉) ကီလိုဂရမ်သာ ထွက်သည်။ အသား အများအပြား စားသုံးမှုပုံစံက အသီးအရွက်သာစားခြင်းထက် ကမ္ဘာကြီးပူနွေးစေသော ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထွက်နှုန်း နှစ်ဆ ကျော်ပိုများသည်ကို တွေ့နိုင်သည်။
Ref: Giving up beef will reduce carbon footprint more than cars by Damian Carrington (The Guardian)

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook