အောင်မြင်ရေး စိတ်စွမ်းအင်(၄)
ဆွဲဆောင်ခြင်း နိယာမ
ဆွဲဆောင်ခြင်း နိယာမတရား (Law of Attraction) ဟာ ဘ၀ အောင် မြင်မှုအတွက် အင်မတန် အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက် ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီနိယာမဟာ ကျွန်တော်တို့ ဘ၀မှာ လိုချင်တဲ့၊ ဖြစ်ချင်တဲ့ အရာအားလုံးကို ကိုယ့်ဘ၀ထဲ ရောက်လာအောင် ဆွဲဆောင် ညှို့ယူနိုင်စွမ်းရှိတဲ့ အမှန်တရား တစ်ခုပါပဲ။ ဒါကြောင့် ဆွဲဆောင်ခြင်း နိယာမလို့ ခေါ်တာဖြစ် ပါတယ်။
ဒီနိယာမ တရားဟာ စကြာဝဠာကြီး တစ်ခုလုံးကို ကြီးစိုးထားတဲ့ လောကနိယာမ ပဲဖြစ်ပါတယ်။ သင်ဟာ ဘယ်လိုလူပဲ ဖြစ်ဖြစ်၊ ဘယ်မှာပဲ နေနေ၊ ဘာအလုပ်ပဲလုပ်လုပ် ဒီနိယာမဟာ လူသားတွေရဲ့ ဘ၀တစ်ခု လုံး ကို ပုံသွင်းပေးနိုင်စွမ်းရှိပါတယ်။ လောကမှာ ဘယ်လောက်ပဲ ကြီးမားတဲ့ အောင်မြင်မှု၊ ချမ်းသာမှု ပဲဖြစ်နေပါစေ ဒီနိယာမကို စနစ်တကျသုံးတတ်ရင် ဆွဲဆောင်ယူနိုင်စွမ်း ရှိပါတယ်။
စာဖတ်သူဟာ ဒီဆွဲဆောင်ခြင်းနိယာမတရားကို ကိုယ့်ရဲ့ အတွေး တွေကနေ စတင်အသက်သွင်း အသုံး ချနိုင်ပါတယ်။ နိယာမရဲ့ အလုပ် လုပ်ပုံကတော့ သင်ဘာတွေးတွေး သင့်တွေးတဲ့အရာတွေကို ဆွဲငင်ယူ ဆောင်တတ်တဲ့ သဘောတရား ရှိနေပါတယ်။ ဘယ်အတွေးတွေမဆို တန်ပြန်သက်ရောက်နိုင် တဲ့ ဆွဲငင် အားတွေ ရှိနေပါတယ်။ သင်ဟာ ကောင်း တဲ့အရာတွေကို တွေးနေရင် ကောင်းတာတွေကို ဆွဲဆောင် နေတာပါ။ မကောင်းတာတွေ တွေးနေရင်တော့ မကောင်းတာတွေကို ဆွဲငင်နေ တာပါပဲ။
နိယာမ တရားဟာ သင့်ရဲ့ အတွေးတွေပေါ်မှာ မူတည်ပြီး အချိန် တိုင်းဆွဲငင်နေတာဖြစ်ပါတယ်။ ဘယ်တော့မှလည်း မရပ်ပါဘူး။ အတွေး တွေရှိနေသမျှ ကာလပတ်လုံး အမြဲတမ်း ဆွဲငင်နေမှာဖြစ်ပါ တယ်။ ဒီဆွဲ ဆောင်ခြင်းနိယာမကို နားလည်ဖို့ဆိုရင် မိမိကိုယ်ကို သံလိုက်တုံး တစ်တုံးလို့ ရှုမြင် ကြည့်နိုင် ပါတယ်။ သံလိုက်မှန်ရင် သံတွေကို ဆွဲငင်တတ်ပါတယ်။ ရိုးရိုးသံတုံးဟာ သံတွေကို မဆွဲငင်နိုင်ပေမယ့် သံလိုက်ဓာတ်ရှိတဲ့ သံတုံးဆိုရင် ဆွဲငင်နိုင်ပါတယ်။
လူဟာလည်း သံတုံးကြီးလိုပါပဲ။ ဒီအတိုင်းနေရင်တော့ ဆွဲငင်ဓာတ် မရှိပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အတွေးတွေနဲ့ စိတ်ခံစားချက်တွေ ကတော့ သံလိုက်ဓာတ်လိုပါပဲ။ သံလိုက်ဓာတ် အားပြင်းရင် ပြင်းသလို ဆွဲငင်အားပြင်းပါတယ်။ ဒီလိုပါပဲ။ လူတွေရဲ့ အတွေးတွေနဲ့ စိတ်အားတွေ ပြင်းထန်ရင် ပြင်းထန် သလောက် ဆွဲငင်အားဟာလည်း ပြင်းပါတယ်။
ဒီစကြာဝဠာလောကကြီးမှာ အားအကောင်းဆုံး သံလိုက်ဓာတ်ဟာ လူသားတွေမှာ ရှိနေပါတယ်။ အဲ့ဒီ ဆွဲအားဟာ ကမ်္ဘာပေါ်မှာ အားအကောင်းဆုံး လည်းဖြစ်ပါတယ်။ ဒီလိုဆွဲအားပြင်းတဲ့ ဆွဲဆောင် အားတွေက ဘယ်ကနေထွက်သလဲဆိုရင် လူသားတွေရဲ့ အတွေးတွေကနေ ဆွဲငင်အားတွေ ထုတ်လွှတ် နေတာဖြစ်ပါတယ်။ ဒီအတွေးတွေဟာ တူညီတဲ့ အရာတွေကို ဆွဲငင်ဖို့ အသင့်ဖြစ်နေပါတယ်။
ဆွဲဆောင် ခြင်းနိယာမ တရားဟာ တူရာတူရာကို ဆွဲငင်တတ်တဲ့ သဘောသဘာဝ ရှိနေပါတယ်။ ဒီတော့ တစ်ခုခုကို တွေးတယ် ဆိုပါတော့။ အဲ့ဒီအတွေးရဲ့ နောက်ဆက်တွဲ အတွေးတွေဟာ တသီတတန်းကြီး ပါလာ အောင် ဆွဲယူလိုက်မှာပါပဲ။ စာဖတ်သူက မပျော်ရွှင်နိုင်တဲ့ အကြောင်းကို တွေးလိုက်ပြီဆိုတာနဲ့ အဲ့ဒီဆိုးရွားတဲ့ အတွေးတွေဟာ တစ်ဆက်တည်း စီကာစဉ်ကာ ဆက်တိုက် ပါလာတော့တာပါပဲ။ ဒီ မပျော်ရွှင်နိုင်တဲ့ အတွေး တွေကို ဆက်တွေးလေလေ ပိုပြီး စိတ်ဆင်းရဲ စရာကောင်းလေ၊ စိတ်ညစ် စရာကောင်းလေ ဖြစ်တော့မှာပါပဲ။ မပျော်ရွှင်နိုင်တဲ့အတွေးဟာ မပျော် ရွှင်စရာတွေကိုပဲ ဆွဲငင်ပေးလိုက် လို့ ဖြစ်ပါတယ်။
ဒီလို တွေးနေတဲ့အချိန်မှာ အဲ့ဒီအတွေးနဲ့ တူညီမျှတဲ့ ဆွဲငင်ဓာတ် တွေက လှိုင်းတွေအနေနဲ့ ထွက်နေမှာ ဖြစ်ပါတယ်။ စိတ်ညစ်စရာတွေ တွေးရင် စိတ်ညစ်တဲ့ လှိုင်းတွေထွက်လာပါတယ်။ ပျော်စရာတွေးရင် ပျော်ရွှင်တဲ့ လှိုင်းဓာတ်တွေ ထွက်နေမှာပါ။ ဒေါသဖြစ်စရာတွေ တွေးရင် ဒေါသလှိုင်းတွေ ထုတ်လွှတ်ပေး နေမှာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ဆွဲငင်လှိုင်းဓာတ်တွေဟာ ကိုယ်တွေးနေတဲ့အတိုင်း ကိုယ့်ဘ၀ထဲကို ဆွဲ ဆောင်ယူငင်ပေးပါတယ်။ ဒါဟာ ဆွဲဆောင်ခြင်း နိယာမရဲ့ အလုပ်လုပ်ပုံ ပါပဲ။
သင်ဘာတွေးနေသလဲ အခုပဲစဉ်းစားကြည့်လိုက်ပါ။ တွေးတဲ့ အတွေးတွေအတိုင်း လက်တွေ့ဘ၀မှာ အမှန်တကယ်ဖြစ်လာမှာပါပဲ။ အတွေးတိုင်းဟာ ဆွဲငင်ယူဆောင်တတ်တယ်ဆိုတာ မမေ့ပါနဲ့။ လူတွေ၊ အရာဝတ်္ထုတွေ၊ အဖြစ်အပျက်တွေ အားလုံးကို တွေးလို့ရသလို တွေးတဲ့ အတိုင်းလည်း ဆွဲငင်နေတော့ တာပါပဲ။
သင်ဟာ လိုချင်တဲ့အရာတစ်ခုရှိရင် အဲ့ဒီအရာကိုပဲ တွေးပါ။ ကိုယ် လိုချင်တဲ့ အရာပေါ်မှာပဲ စိတ်အာရုံတွေ ကို စူးစိုက်ထားပါ။ ဒီအရာကိုယ့် ဘ၀ထဲကို ရောက်လာတယ်လို့ ခံစားပါ။ တွေးတောပါ။ ဒါဟာ ကိုယ် လိုချင်တဲ့ အရာကို ညှို့ငင်ဆွဲယူတာနဲ့ အတူတူပါပဲ။ ဒီတော့ သင်ဘာတွေး မလဲ။ ဖြစ်ချင်တာတွေးရင် ကိုယ်ဖြစ်ချင်တဲ့ အခြေအနေကို ဆွဲဆောင်တာ ဖြစ်ပြီး မဖြစ်ချင်တာတွေ တွေးရင် ကိုယ်မဖြစ်ချင်တဲ့ အရာ ကို ဆွဲဆောင် နေတာဖြစ်ပါတယ်။
ဆွဲဆောင်ခြင်းနိယာမကို သိလို့ဖြစ်စေ၊ မသိလို့ပဲဖြစ်စေ၊ ယုံတာဖြစ် စေ၊ မယုံတာဖြစ်စေ တွေးရင် တွေး တဲ့ အတိုင်း ဆွဲဆောင်နေမှာသဘာဝ ပါပဲ။ သင်ဟာ နောက်ကျနေတဲ့အခါ နောက်ကျတာကိုပဲ တွေးပြီး စိတ်ပူ ပင်နေမယ်ဆိုရင် နောက်ကျခြင်းတွေကို ဆွဲဆောင်မိပြီး ပိုနောက်ကျစေမယ့် အခြေအနေ တွေဖြစ် လာတော့တာပါပဲ။ ဒီတော့ ဘယ်လိုတွေးမလဲ။ သင်စောရောက်ဖို့၊ အချိန်မီရောက်ဖို့ကိုသာ တွေးပါ။ ပြောချင်တာက သင်ဖြစ်ချင်တာသာ သင်တွေးပါ။ သင်မဖြစ်ချင်တာ သင်မတွေးပါနဲ့။ ဘာလို့လဲ ဆိုတော့ သင်ဘာတွေးတွေး အမှန်တကယ်ဖြစ်လာမှာ မို့လို့ပါပဲ။
သင်ဟာ အကြွေးတွေရှိနေတာနဲ့ ပတ်သက်လို့တွေးပြီး ကြွေးပူမိနေရင် အကြွေးတွေကိုပဲ ဆွဲဆောင်ထား ပြီး အကြွေးနွံထဲက ထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါဆိုဘာလုပ်ရမလဲ။ သင့်အတွေးကို ပြောင်းလိုက်ရုံပါပဲ။ အကြွေး တွေ ပြန်ဆပ်နိုင်ဖို့တွေးပါ။ အကြွေးတွေ မရှိချင်ရင် အကြွေးကင်းနေတယ် လို့တွေးပါ။ ငွေကြေး တွေ ပေါများကြွယ်ဝ နေတယ်လို့တွေးပါ။ ငွေကြေး အပူအပင် ကင်းနေတယ်လို့ တွေးပါ ခံစားပါ။ ဒါဆို ဘာဖြစ်လာမလဲ။ ဆွဲဆောင်ခြင်း နိယာမက သူ့သဘာဝအတိုင်း အလုပ်လုပ်ပေးနေပါ လိမ့်မယ်။
သင်ဟာ ဆင်းရဲတာကို မလိုချင်ရင် ဆင်းရဲခြင်းကို တွေးနေတာ ရပ်ပြီး ကြွယ်ဝချမ်းသာ တာကိုသာ တွေး ဖို့လို အပ်ပါတယ်။ သင်ဟာ အောင်မြင်မှုတွေရချင်တယ်ဆိုရင် အောင်မြင်မှုကိုသာ အာရုံစိုက်ပြီး အောင် မြင်ကြောင်းကိုသာ တွေးရပါလိမ့်မယ်။ သင်ဟာ ကျန်းမာခြင်းတွေကို ပိုင်ဆိုင်ချင်ရင် ကျန်းမာသန်စွမ်း နေတာကိုသာ တွေးပြီး ရောဂါဝေဒနာ အကြောင်းတွေကို တွေးတာ ရပ်ပစ် ရပါလိမ့်မယ်။ ပျော်ရွှင်မှုတွေ လိုချင်ရင် ပျော်ရွှင်ကြောင်းတွေ ကိုသာ တွေးပါ။ ချစ်ခင်မှုတွေ လိုချင်ရင် ချစ်ခင်မှု တွေရနေ ပြီလို့ကို တွေး ပါ။
သင်ဟာ လုပ်နိုင်တယ်လို့ တွေးရင် သင်ဘာမဆို လုပ်နိုင်နေပါ လိမ့်မယ်။ မလုပ်နိုင်ဘူးလို့ တွေးရင် ဘာမှ ဖြစ်အောင် မလုပ်နိုင်ပါဘူး။ လုပ်မှ လုပ်နိုင်ပါ့မလားလို့ သံသယ၀င်နေရင် အောင်မြင်မှုဟာလည်း ဝေးနေ မှာဖြစ်ပါတယ်။ ဒီတော့ သင့်အတွေးဟာ အရမ်းအရေးကြီးတယ်။ ဆွဲဆောင်အားပြင်းတယ်။ တူညီတဲ့ အရာကို ဆွဲငင်တတ်တဲ့ သဘော ရှိတယ်။ ဒါကြောင့် သင့်အတွေးတွေကို သတိထားပါ။
သင်တွေးတဲ့အတွေး (Thought) တွေဟာ သင့်ရဲ့ စိတ်ခံစားချက် (Feeling) တွေကို ဖြစ်စေပါတယ်။ သင့်ရဲ့ အတွေးတွေနဲ့ စိတ်ခံစားချက် (ဇော) တွေတိုင်းမှာ ဆွဲအားပြင်းတဲ့ လှိုင်းဓာတ်တွေရှိနေပါတယ်။ သင် တွေးနေတဲ့ အချိန်၊ သင်ခံစားနေတဲ့အချိန်မှာ ဒီလှိုင်းတွေဟာ စကြာဝဠာ လောကကြီးထဲကို လွှင့်ထုတ် နေပါတယ်။ ပြီးတော့ ဒီလှိုင်းတွေဟာ သင် တွေးနေတဲ့အရာတွေကို လောကကြီးဆီကနေ သင့်ဆီကို ပြန်လည်ဆွဲငင် ယူဆောင်လာတော့မှာဖြစ်ပါတယ်။
အတွေးတွေဟာ အင်မတန် အစွမ်းထက်မြက်ပါတယ်။ အတွေးတွေ ကြောင့် ဖြစ်လာတဲ့ စိတ်ခံစားချက် (Feeling) ဇောတွေဟာလည်း အလွန်တန်ခိုး စွမ်းအားပြင်းထန်လှ ပါတယ်။ ဒီဆွဲဆောင်ခြင်းရဲ့ အခြေခံ သဘောတရား ကတော့ အရမ်း ရိုးရှင်းလှပါတယ်။ ကျွန်တော်တို့ တွေးတဲ့ အတွေးတွေအတိုင်း အမှန် တကယ်ဖြစ်လာတယ် ဆိုတာပါပဲ။
ဒီတော့ ဒီနိယာမတရားကို လက်ကိုင်ထားပါ။ ယုံကြည်ပါ။ သင့် အနာဂတ်ဟာ သင်အခု ဘာတွေးနေ တယ်ဆိုတဲ့ ပေါ်မှာ မူတည်နေပါတယ်။ သင်အခုတွေးနေတဲ့ အရာရာတိုင်းဟာ သင့်အနာဂတ်ကို ပုံဖော် ဆောင်မယ့် မျိုးစေ့တွေပဲဖြစ်ပါတယ်။ သင့်ကံကြမ်္မာဟာ သင့်လက်ထဲမှာပါ။ သင့်ဘ၀ကို သင်ကိုယ်တိုင် ဖန်တီးတည်ဆောက်ယူလို့ ရပါတယ်။ သင့်အတွေးကို သင်ပိုင်နေတာပဲ။ သင်ဘာတွေးမလဲဆိုတာ သင့် အလုပ်ပါပဲ။
ဒါကြောင့် သင့်အနေနဲ့ ဒီဆွဲဆောင်ခြင်းရဲ့ နိယာမသဘောကို နားလည်သွားပြီဆိုရင် ဒီနေ့ကစတင်ပြီး သင့်အတွေးနဲ့ သင့်ဘ၀ အလုံးစုံကို ကောင်းသထက် ကောင်းအောင် ဖန်တီးနိုင်ပါပြီ။
သင်ဟာ အောင်မြင်နေတယ်လို့ တွေးထားပါ။
သင်ဟာ စည်းစိမ်ဥစ်္စာ ပေါကြွယ်ဝနေတယ်လို့ တွေးထားပါ။
သင်ဟာ လူချစ်လူခင် ပေါများနေတယ်လို့ တွေးထားပါ။
သင်ဟာ ဆွဲဆောင်မှု ရှိတယ်လို့ တွေးထားပါ။
သင်ဟာ ဘာမဆို စွမ်းဆောင်နိုင်တယ်လို့ တွေးထားပါ။
သင်ဟာ အခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်တယ်လို့ တွေးထားပါ။
သင်ဟာ ဒေါင်ဒေါင်မြည် ကျန်းမာသန်စွမ်းနေတယ်လို့ တွေးထားပါ။
သင်ဟာ ခွန်အားတွေ စွမ်းအားတွေ အပြည့်ရှိနေတယ်လို့ တွေးထားပါ။
ဖြစ်ချင်တဲ့အရာတွေကိုပဲ တွေးပါ။ ပိုင်ဆိုင်ချင်တဲ့ အရာတွေကိုပဲ တွေးပါ။ တွေ့ကြုံလာစေချင်တဲ့ အခြေအနေကို တွေးထားပါ။ လွယ်လွယ်လေးပါ။ သင့်အတွေးလေးကနေ စတင်လိုက်ရုံပါပဲ။ အခုပဲ သင့်ရဲ့ အနာဂတ်ဘ၀ သာယာလှပမှုကို တွေးတောပြီး သင့်ကိုယ်ထဲက စွမ်းအားပြင်းတဲ့ ညှို့ငင် လှိုင်းဓာတ်တွေကို ထုတ်လွှတ်ကာ ဆွဲဆောင်ယူလိုက်ပါတော့။
ဖူးကျော်ဇင်(Future Wave)

JOB Seeker Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook