ဖုန်းယဉ်ကျေးမှု
ဆက်သွယ်ရေး ဝန်ကြီးဌာန၏ အစီအမံကြောင့် မြန်မာပြည်သူများ လူတန်းစားမရွေး၊ လူမျိုးမရွေး၊ အချိန်မရွေး နေရာတိုင်းတွင် တယ်လီဖုန်းများကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြ ပါပြီ။ လူမှုရေး ကိစ္စ၊ စီးပွားရေး ကိစ္စများကို လွယ်ကူ လျင်မြန်စွာ ဆောင်ရွက်နိုင် ကြပါပြီ။ ယခုလက်ရှိ အနေအထားအရ မြန်မာ့ ဆက်သွယ်ရေး ဖုန်းများသည် မည်သည့် နေရာ ကပြောနေသည်။ ပြောသူ၏ ဥပဓိရုပ်ပုံသည် မည်သို့ ရှိသည်ကို တိတိကျကျ ပုံဖော်နိုင်စွမ်း မရှိသေးပါ။ အသံဖြင့် အလုပ်လုပ်နေ ရသော အခါတွင် ပြောဆိုသူ တို့၏ စကားအရာ ပါးနပ်မှု၊ ယဉ်ကျေး ချိုသာမှုသည် အထူးအရေးကြီး လှပါသည်။
တစ်ယောက်စကား တစ်ယောက်နားမှာ
မခါးရအောင် သတိဆောင်၍ျ
မောင်တို့ဆိုလေ ပျားသကာသို့
ချိုလှစေ။ (ရှင်မဟာရဋ္ဌသာရ)
ကိုယ်တွေ့ အဖြစ်အပျက်တို့ကို တင်ပြလိုပါသည်။ ၂၀၀၆ ခုနှစ်၊ ကျွန်တော် ကျောင်းအုပ်ကြီး ဘဝဖြင့် နယ်မြို့ကြီး၌ တာဝန်ထမ်းဆောင်နေစဉ် မကွေးတိုင်းပညာရေးမှူးရုံးမှ ဖုန်းဝင်လာရာ ဖုန်းလက်ခံသူ ဝန်ထမ်းငယ်၏ အပြောအဆို မယဉ်ကျေးမှုကြောင့် ဆရာကြီးခမျာ တော်တော် မျက်နှာပူခဲ့ရပါသည်။
နောက်အဖြစ်အပျက်တစ်ခုမှာ ကျောင်းရုံးခန်းနှင့် ဆရာကြီးအိမ်ခန်းကို လိုင်းခွဲဖြင့် ဆက်သွယ်ထားပါ သည်။ တစ်ခုသော ညနေ ၆ နာရီခန့်တွင် Phone Duty ဝန်ထမ်းအား ပြန်နားစေ၍ ဖုန်းဝင်လာပါက ဆရာကြီးလက်ခံပါသည်။ ထိုစဉ်ဝင်လာသော ဖုန်းမှာ . . . . . . “ဟုတ်ကဲ့အမိန့်ရှိပါ။ ဟုတ်ကဲ့ပါ အ.ထ.က (၂) ကပါ။ အခုဖုန်းကိုင်တာဘယ်သူလဲ။ ဟုတ်ကဲ့ ဘာအတွက်ပါလဲခင်ဗျာ၊ အေးငါကဘယ် သူကွ၊ သင်္ဃန်းကျွန်းက ဆက်နေတာ ကျောင်းစောင့်အိမ်က တစ်ပေတက်နဲ့ စကားပြောချင်လို့ အခုခေါ် ပေးပါ။” အသံကအပေါ်စီးက မာရေကျောရောနဲ့ ကျွန်တော်လည်း တော်တော်တင်းသွားတယ်။ “ဟုတ် ကဲ့ အခု ဖုန်းကိုင်တာ ကျောင်းအုပ်ကြီးပါ။ ရုံးချိန်မဟုတ်တဲ့အတွက် အနားမှာ ခိုင်းစရာလူလည်းမရှိပါဘူး။ နောက် ဒီအချိန်ဆက်လည်း ခေါ်မပေးပါဘူး။ ရုံးချိန်ဆက်ရင်တော့ ဝန်ထမ်းတွေခေါ်ပေးကောင်းခေါ် ပေးပါလိမ့် မယ်” ဆိုပြီး ဖုန်းချလိုက်တော့တယ်။ ကျောင်းစောင့်ကိုလည်း ခေါ်ပြီး သတိပေးလိုက်ရပါတယ်။
အငြိမ်းစားယူပြီးနောက် ရန်ကုန်မှအဖြစ်အပျက်တစ်ခုကို တင်ပြလိုပါသည်။ ည ၉ နာရီခန့်မှာ သမီးဖုန်း သို့ဖုန်းအမှားတစ်ခုဝင်ပါသည်။ တစ်ဖက်ကပြောသော စကားကိုလုံးဝနားမထောင်၊ မူးနေသောအသံ ဖြင့် သူပြောချင်တာတွေ ဇွတ်ပြောနေသည်။ သမီးက ဖုန်းမှားနေပါတယ် ပြောရလည်းမရပါ။ နှစ်မိနစ်၊ သုံး မိနစ်ခြားတစ်ခါ သုံးကြိမ်လောက် ထပ်ဆက်နေပါသည်။ ကြားသော ဖအေလုပ်သူက မကြား ယောင်ပြု၍ မရတော့။ “ကဲ လူလေးမင်းကို ဖုန်းမှားနေတယ်လို့ပြောနေတာ၊ ဘာကြောင့်ခဏခဏ ထပ်ဆက်နေ တာလဲ၊ ကဲမင်းကိုသတိပေးလိုက်မယ် ဒီဖုန်းပိုင်ရှင်ဘယ်သူလဲဆိုတာ ငါနာရီဝက်အတွင်း ရှာနိုင်တယ်။ မင်းဘယ်နေရာက ဆက်နေတယ်ဆိုတာ ၄၅ မိနစ်အတွင်းသိအောင်လုပ်နိုင်တယ်။ ဒီတစ်ခါ သည်းမခံ တော့ဘူး” ဟု ပြောလိုက်မှ ဖုန်းသံတိတ်သွားပါသည်။
“နှုတ်ချို သျှိုတစ်ပါး” ဖြစ်ပါသည်။ ယဉ်ကျေးချိုသာစွာ ပြောဆိုခြင်းဖြင့် မိမိတွင်ဘာမျှ မနစ်နာနိုင်ပါ။ လူချစ်လူခင်ပေါများ၍ မိမိ၏ အလုပ်အကိုင်များသာ ချောချောမွေ့မွေ့ ပြီးစီးနိုင်မည်သာ ဖြစ်ပါသည်။
‘နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ’ ပါသည်။ ‘အမိယုတ်က နှုတ်သရမ်း၏’ မိမိ၏မယဉ်ကျေးမှု ကြောင့် မွေးမိခင်ပါ အစစ်ပါရတော့သည်။
အချို့ဖုန်းပြောသူတို့သည် နားထောင်ရသည်မှာ နားဝင်ချိုလှပေစွ။ တောင်းခံသည့် အကူအညီဖြစ်ပါက ချက်ခြင်းဆောင်ရွက် ပေးချင်စိတ်များပေါ်လာအောင် ‘နှုတ်မှုစွမ်းရည်’ ဖြင့် ပါးပါးနပ်နပ်ပြောဆိုနိုင်ကြ ပါသည်။
ယခုအခါ ဆင်းရဲချမ်းသာမရွေး၊ ရာထူးကြီးငယ်မရွေး တောရောမြို့ပါ Hand Phone များကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ နိုင်ငံကြီးသားပီပီ တရားတော်၏ အဆုံးအမတို့နှင့်အညီ ပီယဝါစာ ပြောဆိုကြမည်ဆိုပါလျှင် . . . .
ကြေးမုံသတင်းစာ
သြဂုတ် (၂) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook