Mercedes-Benz က ကျည်ကာကား ထုတ်လုပ်
Mercedes-Benz က ကျည်ဒဏ်နှင့် အခြား ထိခိုက်မှု ဒဏ်များကို ခံနိုင်ရည် ရှိသော S600 Guard Sedan တန်ဖိုးကြီးကားကို ပြသလိုက် ပါသည်။ အပြင်ပန်းအရ ကျည်ကာ ကားသည် သာမာန် Mercedes Sedan ကား ကဲ့သို့ပင် ဖြစ်သည်။
ကား၏ ကျည်ကာ ကိုယ်ထည်သည် လက်တစ် ဖက်ကိုင် သေနတ်များထက် နှစ်ဆ ပြင်းအားရှိသော စစ်တပ်မှ ရိုင်ဖယ်သေနတ်များ၏ ကျည်ဆန်များကို ခံနိုင်ရည်ရှိပါသည်။ ထို့အပြင် လက်ပစ်ဗုံးများ၏ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသည်ဟု Mercedes က ပြော ပါသည်။
ယခင်ကမူ Sedan အမျိုးအစား Mercedes ကားပိုင်ရှင်များသည် ကျည်ဆန်များနှင့် ပေါက်ကွဲမှုဒဏ်များကို ခံနိုင်ရည် ရှိစေရန် သူတို့ကိုယ်တိုင် ကားကို သီးခြား အဆင့်မြှင့်ရခြင်း ဖြစ်ပါသည်။ ယခုကားအသစ် တွင်မူ အပြင်ကိုယ်ထည်နှင့် အတွင်းကိုယ်ထည်များကြားတွင် စတီး လုံခြုံရေးအလွှာ တစ်ထပ်ကို ထည့် သွင်းပေးထားပါသည်။ ထို့အပြင် အရှိန်နှုန်းမြင့်မားသည့် ကျည်ဆံ၏ သက်ရောက်မှုကို လျှော့ချရန်နှင့် ဗုံးဆံများကို တားဆီးရန် Polycarbonate ဖုံးအုပ်ထားသော ဖန်သားပြင်ကို ထည့်သွင်းထားပါသည်။
Mercedes-Benz က ကျည်ကာကား၏ ဈေးနှုန်းကို ကြေညာခြင်း မရှိသေးသော်လည်း သာမာန် S-600 ကားကို အမေရိကန်တွင် ဒေါ်လာ ၁၆၆ ၀၀၀ ဖြင့် ရောင်းချပေးနေပါသည်။ ကျည်ကာကားကို Mercedes-Benz ၀က်ဆိုက်တွင် မှာယူနိုင်ပြီဖြစ်သည်။

ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook