စက်ရုပ်တွေကြောင့် လူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်မှာလား

ဟိန်းထက်
ကားမောင်း တာမျိုး၊ သက်ကြီးရွယ်အို ပြုစု စောင့်ရှောက် တာမျိုးတွေမှာ နောင်ဆို လူသားတွေ အစား စက်ရုပ်တွေ ၀င်လုပ် ကြတော့မည်။ စက်ရုပ်တွေက လူသားတွေဆီက အလုပ်တွေ လုယူကြတော့ မည်ဟု ဆိုနေကြပြီ။ စက်ရုပ်များနှင့် လူသားများ၏ အနာဂတ် ဆက်ဆံရေး အပေါ် အကောင်းမြင် သူများလည်း ရှိ သလို အဆိုးမြင် သူများလည်း ရှိနေသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ယနေ့ လူသားများ မည်သို့ သဘော ထားကြောင်း သိနိုင်စေရန် အမေရိကန်နိုင်ငံမှ စစ်တမ်း ကောက်ယူရေး လုပ်ငန်းကြီး Pew Research Centerက သုတေသန စစ်တမ်းတစ်ခု ကောက်ထားသည်ကို အကျယ်တ၀င့် တင်ပြသွားပါမည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် စက်ရုပ်များကြောင့် လူသားများ အတွက် အလုပ်ရှား သွားမလား သို့မဟုတ် အလုပ်သစ်များပင် ပို များများ ထွက်ပေါ်လာမည် လားဟူသော မေးခွန်းကို မေးသည်။ အမေရိကန် နိုင်ငံ တစ်ဝန်းမှ စက်မှု လုပ်ငန်းကဏ္ဍ၊ ဇာကြီးသူများ၊ ပညာ ရပ်ဆိုင်ရာ အသိုင်းအ၀ိုင်းမှ လူများနှင့် လူမှုစီးပွား နယ်ပယ်မှ ကျွမ်းကျင်သူ စုစုပေါင်း (၁၈၀၀) ၏ သဘောထားများကို တောင်းခံခဲ့သည်။

စစ်တမ်းကို နောက်ဆုံး ကောက်ချက်ချ ကြည့်သည့်အခါ စက်ရုပ်များက လူသားများ၏ အလုပ်များကို ၀င်လုပ်လာကြခြင်းကြောင့် လူသားများ အလုပ်ရှားပါးက အလုပ်လက်မဲ့ ဖြစ်ကုန်ကြမည်ဟု သဘောထား ဖော်ပြသူ ထက်ဝက်ရှိနေသလို၊ စက်ရုပ်များ၏ လုပ်အား ကြောင့်လုပ်ငန်းများ ပိုတိုးတက်ကာ နောက်ထပ် အလုပ်အကိုင် နယ်ပယ်သစ်များ ပိုထွက်ပေါ်လာပြီး လူသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပို၍ ပင်များလာ ဦးမည်ဟု သဘောထားပေးသူကလည်း ထက်ဝက်ခန့်ရှိနေသည်။

စစ်တမ်းသည် အလုပ်အကိုင် နယ်ပယ်အမျိုးမျိုးမှ လူများကို မေးမြန်းထားသည်ဖြစ်ရာ အနာဂတ် စက်ရုပ်နှင့် လူသား ဆက်ဆံ ရေးကို ပိုကျယ်ကျယ်ပြန့်ပြန့် မီးမောင်းထိုးပြ နိုင်ကြောင်း စစ်တမ်း အဖွဲ့ခေါင်းဆောင် အေရွန်စမစ် က ပြောသည်။ မစ္စတာစမစ်သည် Pew Research Center ၏ အင်တာနက် ပရောဂျက် အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သည်။

အကောင်းမြင်သူများ၊ အဆိုးမြင်သူများ

စက်ရုပ် နည်းပညာဖြင့် သွားလာမည့် မောင်းသူမဲ့ ကားများ၊ ကျန်းမာရေး စောင့်ရှောက် စက်ရုပ်များ၊ ဒစ်ဂျစ်တယ် အသိဉဏ် ဖြင့် အလုပ်လုပ်မည့် အကူ စက်ရုပ်များလာမည့် ဆယ်စုနှစ်တစ်ခု အတွင်းမှာ ပင်တွင် ကျယ်လာတော့မည်။ စက်ရုပ်များ တိုးလာခြင်းက လူသားများအပေါ် ကောင်းဆိုး သက်ရောက် မှုနှင့် ပတ်သက်ပြီး အမြင်နှစ်မျိုး ကွဲလျက်ရှိသည်။

စက်ရုပ်များကြောင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပို၍ပင် ပေါများလာမည်ဟု သဘောထား ဖော်ပြ သူက (၅၂) ရာခိုင် နှုန်းရှိသည်။ သမိုင်းကို ပြန်ကြည့်လျှင် နည်းပညာ သစ်တိုင်းသည် လူသားများ ၏ အလုပ်နေရာများကို လုယူခဲ့ကြသည့်တိုင် ထိုနည်း ပညာသစ်များကြောင့် ထွက်လာသော အလုပ် အကိုင် အခွင့်အလမ်းသစ် ပမာဏက၊ လုယူ လိုက်သည့် ပမာဏထက် အဆများစွာပိုများ စမြဲဖြစ် ကြောင်း တွေ့နိုင်သည်ဟု အကောင်းမြင်သူများက ထောက်ပြသည်။

နည်းပညာကြောင့် သမားရိုးကျ အလုပ်ခွင်တွေ ကနေ အလုပ်အကိုင် နေရာ အများအပြား ပျောက်ဆုံး သွားကြတာ အမှန်ပါပဲ။ ဒါပေမဲ့ နည်းပညာသစ်ကြောင့် ထပ်ထွက်လာတဲ့ အလုပ်အကိုင် အခွင့်အလမ်း သစ်က ပိုများစမြဲဆိုတာလည်း အားလုံးအမြင်ပါပဲဟု မိုက် ခရိုဆော့ဖ် ကုမ္ပဏီမှ သုတေသန အဖွဲ့မှူး ဂျော်နသန်ဂရူဒင် ကသုံးသပ် ပြောကြားသည်။

စဉ်းစားတွေးခေါ်ရန်များစွာ မလိုဘဲ ခိုင်းထားလျှင် ခိုင်းထားသည့် အတိုင်း လုပ်နိုင်သော အလုပ်များကို စက်ရုပ်များက ၀င်လုပ် လာခြင်းဖြင့် လူသားများသည် စဉ်းစားရ၊သုံးသပ်ရ၊ ဖန်တီးရ၊ စာနာရ၊ ချင့်ချိန် ရသည့် ပိုတန်ဖိုးရှိသော အလုပ်များကို အချိန်ပေးလုပ်ကိုင် နိုင်လာကာ လူသားတစ်ဦးချင်း၏ ထုတ် လုပ်နိုင်မှု တန်ဖိုးသည်ပင် ပိုမြင့်တက်လာဦး မည်ဖြစ်ကြောင်း အကောင်းမြင်ဘက်က ကျွမ်းကျင် သူများက သုံးသပ်သည်။

လူသားများ၏ နေ့စဉ် အလုပ်များကို စက်ရုပ်များက ၀င်လုပ်ပေးလာကြပါက လူသားများသည် ပုံမှန် သမားရိုးကျ အလုပ်များကို ဆုံးရှုံးကြရမည်ဖြစ်သော်လည်း လူသားသာ လုပ်နိုင်သည့် ဖန်တီးမှု လိုအပ် သော အလုပ်များမှာ ယခုထက်ပို အားစိုက်နိုင်ကြကာ အလုပ် အကိုင်သစ်ပေါင်း များစွာ ပေါ်ပေါက်နိုင် သည်။ နောက်ဆို ကိုယ်တိုင်လုပ် လက်မှု ပစ္စည်းလုပ်ငန်းက ပိုတွင်ကျယ်လာ နိုင်တယ်။ စက်ရုပ် တွေ မလုပ်နိုင်ဘဲ လူတွေ ကိုယ်တိုင်သာ ထုတ်လုပ်နိုင်တဲ့ လက်မှု ပစ္စည်းဈေးကွက်နဲ့ ရှေးဟောင်း ပစ္စည်း ဈေးကွက်မျိုးတွေမှာ အလုပ် အကိုင်သစ်တွေ အများကြီးပေါ်လာနိုင်တယ် ဟု အကောင်းဘက်က ထောက်ခံသော ကျွမ်းကျင်သူတစ်ဦး ကလည်း ဆိုသည်။ အနာဂတ် စက်ရုပ်များအပေါ် အကောင်းမြင် သူများ ရှိသလို အဆိုးမြင် သူများလည်း ရှိနေသည်။

အလုပ်လုမည့် စက်ရုပ်တွေ

ကမ္ဘာလုပ်သား ထုနယ်ပယ်ထဲမှာ စက်ရုပ် အင်အား များသထက် များလာနေခြင်းကို စိုးရိမ်မကင်း ဖြစ်နေသူ ကလည်း စစ်တမ်း ဖြေဆိုသူ၏ (၄၈) ရာခိုင်နှုန်း ရှိသည်။ တစ်ခြားမကြည့်နဲ့၊ မောင်းသူမဲ့ ကားတွေ ပေါ်လာမယ် ဆိုရင် အမေရိကန်က တက္ကစီ သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး ထမင်းငတ်ပြီ (အမေရိကန်တွင် အမျိုးသားများကို အလုပ်အကိုင် အများဆုံး ပေးထားသည်မှာ တက္ကစီလုပ်ငန်း နယ်ပယ် ဖြစ်သည်)ဟု ဆန်ဖရန် စစ္စကို အခြေစိုက် သုတေသနလုပ်ငန်း GigaOM အကြီးတန်း သုတေသန ပညာရှင် စတိုဝီဘွိုက်ဒ်က ပြောသည်။

သမိုင်းကိုကြည့်လျှင် နည်းပညာ တိုးတက်မှုကြောင့် ကော်လာပြာ လုပ်သား (ကာယလုပ်သား) များ အလုပ်အကိုင် ဆုံးရှုံးခဲ့ကြ ရသလို၊ မဝေးတော့သော အနာဂတ်တွင်လည်း ကော်လာဖြူ လုပ်သား (ဉာဏ လုပ်သား) များပါ စက်ရုပ်များကြောင့် အလုပ်အကိုင် ဆုံးရှုံးရလိမ့်မည်ဟု (၄၈) ရာခိုင်နှုန်းဘက်မှ ကျွမ်းကျင် သူများက သုံးသပ်ကြပြန်သည်။

စက်ရုပ်ခေတ်တွင် စက်ရုပ်ထက် ပိုတော်အောင် လုပ်နိုင်သည့် လူတစ်စု လောက်သာ စက်ရုပ်များ အထက်က နေနိုင်ကာ ၀င်ငွေကောင်းကြမည်ဖြစ်ပြီး ကျန်လူများစုကြီးကား စက်ရုပ်များနှင့် ယှဉ်မလုပ်နိုင် သဖြင့် စက်ရုပ်များပင် မလုပ်သော ၀င်ငွေအလွန် နည်းသည့် အလုပ်များကို လုပ်ကိုင်ကာ ဘ၀ကို ဆင်းရဲနိမ့်ကျစွာ ဖြတ်သန်းကြရဖွယ် ရှိကြောင်းလည်း ဆိုကြသည်။ ပိုကံဆိုးသော သူများကား ၀င်ငွေ နိမ့်သော အလုပ်ပင် လုပ်စရာ ရှာမရနိုင်သဖြင့် ရာသက်ပန် အလုပ်လက်မဲ့ဘ၀နှင့် ခေါင်းချရဖို့ ရှိကြောင်းလည်း ဝေဖန်ထားကြပြန်သည်။

ဘယ်လို ပြင်ဆင်ထားမလဲ

လက်ရှိ ကမ္ဘာ့ ပညာရေးစနစ်သည် ကလေးများကို အနာဂတ် စက်ရုပ်ခေတ် အတွက် လုံလောက်အောင် ပြင်ဆင်ပေးနိုင်ခြင်း မရှိဟု ကျွမ်းကျင်သူ အများစုက ဆိုသည်။ လာမယ့် (၁၀) နှစ်၊ အနှစ် (၂၀) အတွင်း မှာ ကိုပဲ ပညာသိပ်တော်တဲ့ လူတွေ လောက်သာ စက်ရုပ်တွေကို ယှဉ်ပြိုင်အနိုင် ယူနိုင်တော့မယ် ဟု အင်တာနက် လူမှုဗေဒပညာရှင်လည်းဖြစ်၊ စာရေးဆရာ အလုပ်ဖြင့် ရပ်တည်နေသူ လည်းဖြစ်ကာ ပညာရေး အကြံပေး အတိုင်ပင်ခံ အဖြစ်လည်း ဆောင်ရွက်နေသော ဟိုးဝဒ်ရိန်းဂိုးလ်ဒ်က ပြောသည်။

ကျောင်းတွေကို ကြည့်လေ။ ကလေးတွေကို အတန်းလိုက် အကန့်လိုက် ထိုင်ခိုင်းပြီး ဆရာသင်တာ လိုက် မှတ်ခိုင်းနေတုန်းပဲ။ ဒါမျိုးက (၂၀) ရာစု စက်မှုခေတ် စက်ရုံတွေကို လုပ်သားတွေ စည်းကမ်းတကျ ၀င် လုပ်ကိုင်နိုင်အောင် အကွက်ချခဲ့တဲ့ ပညာရေး ပုံစံပဲ။ ဒါမျိုး ပုံစံနဲ့ (၂၁) ရာစု စက်ရုပ်ခေတ်မှာ ၀င်တိုးဖို့ မလွယ်တော့ဘူး ဟု ၎င်းက ဆက်လက် သုံးသပ်ပြသည်။

ကမ္ဘာ့ နိုင်ငံများ ပညာရေးကဏ္ဍကို အနာဂတ်နဲ့ လိုက်ဖက်အောင် ပြုပြင်ပြောင်းလဲရန် နိုင်ငံရေးအရ ခေါင်းမာနေမှု၊ စီးပွားရေး အရ အမြင်တိုနေကြမှုကြောင့် မကြာမီ ရောက်လာတော့မည့် စက်ရုပ် နည်း ပညာ ခေတ်အတွက် ကျောင်းသားလူငယ်များအား အသင့်ပြင် ပေးဖို့ တာဝန် ပျက်ကွက်နေကြကြောင်း မစ္စတာ ရိန်းဂိုးလ်ဒ်က ထောက်ပြသည်။ အမေရိကန်တွင် ပြီးခဲ့သည့် နှစ်ပိုင်းက ဖြစ်ပွားခဲ့သော ဝေါစထရိ သိမ်း ဆန္ဒပြမှုများနှင့် ကမ္ဘာတစ်ဝန်းက လူထု ဆန္ဒပြပွဲများကို ကြည့်လျှင် ဆင်းရဲ၊ ချမ်းသာ ကွာဟချက် ကြီးမားလာခြင်းသည် မကျေနပ်မှု မြင့်တက်စေသော အရင်းခံ အကြောင်းရင်း ဖြစ်သည်ကို မြင်နိုင် ကြောင်း ၎င်းကဆိုသည်။ ရှေ့ဆက်ပြီး စက်ရုပ်လုပ်သားများ တိုးလာလျှင် အလုပ်လက်မဲ့သူ တိုးလာကာ ဆင်းရဲ၊ ချမ်းသာ ကွာဟချက် ပိုမြင့်လာပြီး မကျေနပ်မှုများ ပိုပြင်း ထန်လာလိမ့်ဦးမည်ဟု မစ္စတာ ရိန်းဂိုးလ်ဒ် က သုံးသပ်သည်။ ကမ္ဘာ့ လုပ်သားထုထဲ စက်ရုပ်လုပ်သားတွေ ၀င်လာတော့မှာကို ဘယ်လို ရင်ဆိုင် ကြမလဲဆိုတဲ့ ကိစ္စကို ယနေ့လူ့အဖွဲ့အစည်းဟာ ဆွေးနွေးငြင်းခုံဆဲပဲ ရှိပါသေးတယ် ဟု ၎င်းက ဆိုသည်။

သို့သော် အားလုံးတွင် တူညီမှု တစ်ချက်တော့ တွေ့ရကြောင်း စစ်တမ်း အဖွဲ့ခေါင်းဆောင် အေရွန်စမစ် ကဆိုသည်။ စက်ရုပ် များကြောင့် လူသားများ အလုပ်ရှားမည်ဟု ဆိုသူ များရော၊ အလုပ်ပိုပေါလာမည်ဟု ဆိုသူများပါ သဘော တူညီသော တစ်ချက်ကား သမိုင်း တစ်လျှောက်နှင့် လက်ရှိ ပစ္စုပ္ပန်ထိ လူသား ဂုဏ်ရည်ကို လူသားများ ကသာ ဆုံးဖြတ်ပြ ဋ္ဌာန်းခဲ့ကြသည့်နည်းတူ၊ အနာဂတ်တွင် လည်း စက်ရုပ်များ မည်မျှပင် တွင်ကျယ်လာပါစေ လူသားကို စက်ရုပ်များ လွှမ်းမိုးခြင်း မရှိနိုင်ဘဲ လူသား ဂုဏ်ရည်ကို လူသားများက သာ ဆက်လက်ပြဋ္ဌာန်း သတ်မှတ်ဦးမည်သာဟု စစ်တမ်းဖြေဆိုသူ အားလုံးက တစ်ညီ တည်း သဘောထားပေးထားကြသည်။

Ref: The Robot Economy: Will Machines Take Your Job by 2025? By Tanya Lewis (Livescience.com)

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...