ယူတတ်လျှင် တရား...

တစ်ရက် မနက် ငါးနာရီခွဲခန့် တီဗီဖွင့်၍ ခဏတဖြုတ် တရားနာဖြစ်သည်။ ပါမောက္ခ ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏ တရား တစ်ပိုင်းတစ်စကို နာဖြစ်သည်။ မြတ်စွာဘုရား လက်ထက် အဂ္ဂသာဝကကြီး တစ်ပါးဖြစ်သော ရှင်သာရိပုတ္တရာ၏ ဘုရားထံ လျှောက်တော် မူသော အချို့လျှောက်ထားချက် ဖြစ်သည်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက ... ““တပည့် တာ်၏ စိတ်သည် နွားလား ဥသဘ၏ ခယကျိုးနွံ သောစိတ် မျိုးဖြစ်ပါသည်””ဟု လျှောက်ထားသည်။ ဆရာတော် ဘုရားကြီး၏ ထိုဥပမာကို ရှင်းပြပေးတော်မူသည်။ 

ဟိန္ဒူအယူဝါဒ သြဇာကြီးမားသော အိန်္ဒိယ၌ နွားလားဥသဘသည် ကိုးကွယ်မှုထဲမှ တစ်ခုဖြစ်သည်။ နွားလား ဥသဘတို့သည် နုနယ်စဉ်က ခွန်အားပြည့်စုံသော်လည်း၊ အရွယ်ရလာသောအခါ ၎င်းင်းတို့၏ ခွန်အား ဖြစ်သော ဦးချိုတို့ ကျိုးပဲ့၍ အရာရာကို မာန်၊ မာန လုံးဝမထား လျော့ချ သော အခြေအနေကို ဆိုလိုကြောင်း ရှင်းပြတော်မူသည်။

ကျူရိုးတို့ ထောင်လွှားကြသည်

ဆရာတော်၏ တရားတွင် ပညာနည်းသောသူ၊ ပညာမဲ့သော သူတို့ ၏ စိတ်ဓာတ်ကို ကျူရိုး၊ ကျူပင်တို့နှင့် လည်း နှိုင်းယှဉ်ပေးခဲ့သည်။ ကျူပင် ကျူရိုးတို့တွင် အနှစ်အသားမရှိ၊ ကျူရိုးအလယ်သည် “ခေါင်းပွ” သာ ဖြစ်သည်။ ခေါင်းပွဖြစ်သော်လည်း ကျူရိုး၊ ကျူပင်တို့မှာ အခြားအပင် များထက် ထိုးထိုးထောင်ထောင် ရှိလျက် နေကြသည်။ ပညာမဲ့တို့၏စိတ်ကို ဆရာတော်ကြီးသည် စပါးနှံဖြင့်လည်း နှိုင်းယှဉ်ပေးခဲ့ပြန်သည်။ စပါးနှံ တို့တွင်လည်း အနှစ်ပြည့်လာသောအခါ ထိုအနှစ်၏ အလေးချိန်ကြောင့် ထိုးထိုးထောင်ထောင် မဖြစ်ကြတော့၊ အနှစ်မဲ့သော စပါးနှံတို့သည်ကား အလေးချိန်မဲ့၍ ထိုးထိုးထောင်ထောင် ရှိဆဲဖြစ်ကြောင်း ပညာရှိနှင့် ပညာ မဲ့တို့၏ သဘာဝကို စပါးနှံဖြင့်လည်း နှိုင်းယှဉ်ပေးခဲ့သည်။

လောကတွင် အနှစ်ရှိသောသူတို့နှင့် အနှစ်မဲ့သောသူတို့ အတူတကွ ယှဉ်တွဲဖြစ်ပေါ်လေ့ရှိကြသည်။ အနှစ်ရှိသောသူများ အားကောင်းခဲ့လျှင် ထိုလူမျိုး၊ ထိုနိုင်ငံ တိုးတက်ဖွံ့ဖြိုးတတ်ပြီး၊ အနှစ်မဲ့သူများ အားကောင်း လာလျှင် ထိုလူမျိုး ထိုနိုင်ငံ နိမ့်ပါးလာမည်မှာ မလွဲချေ။ ပညာ၊ အတွေ့ အကြုံ၊ မှန်ကန်သော အတွေးအခေါ်နှင့် အယူအဆတို့သည် အမှန် အနှစ်သာရရှိသော အရာများဖြစ်ပြီး တိုးတက်ဖွံ့ဖြိုးမှု အတွက် ကြီးမား သော အထောက်အပံ့များ ဖြစ်ပါသော်လည်း၊ မှားယွင်းသော အတွေးအခေါ် အယူ အဆနှင့် ပညာမဟုတ်သော သညာတို့သည်ကား ဆုတ်ယုတ်မှု ကို အားပေးသောအရာများသာ ဖြစ်သည်။ 

စာပေသည်လူ မျိုး၏အသက်

တိုးတက်ဖွံ့ဖြိုးပါသည်ဟူသော နိုင်ငံလူမျိုးကို လေ့လာလျှင် စာပေသည် မှန်ကန်စွာ အားကောင်းမောင်း သန် ရှိလျက်ရှိကြောင်း တွေ့နိုင်သည်။ Failed State ဟူသော ကျဆုံးနိုင်ငံများကို လေ့လာလျှင် စာပေ အားကောင်းမှုမရှိဘဲ၊ များစွာနိမ့်ကျလျက်ရှိကြောင်း၊ သို့မဟုတ် ညစ်ညမ်း သောစာပေ၊ အနှစ်မဲ့ စာပေ တို့သာ အားကောင်းလျက်ရှိကြောင်း တွေ့ နိုင်သည်။

စာပေသည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းဖြစ်သလို၊ လူမျိုးတစ်မျိုး၏ တိုးတက်မှု ဆိုင်ရာ ညွှန်းကိန်း တစ်ခုလည်း ဖြစ်သည်။ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟူသော Human Resource Development ဆိုသည်မှာ စာပေအား ကောင်းစွာ တည်ရှိနေသော လူမျိုး တစ်မျိုး၏ လူ့အရင်းအမြစ် အရည်အသွေးဆိုင်ရာ မြင့်မားခြင်း၊ ဖွံ့ဖြိုး နိုင်ခြင်း ဖြစ်သည်။ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုသည် အရင်းအနှီး ဟူသော အမျိုးအမည်များစွာအနက် အရေးအကြီးဆုံးသော၊ အဓိက အကျဆုံးသော အရင်း အနှီးလည်း ဖြစ်ပြန်သည်။ ထို့ကြောင့် လူ့အရင်းအ မြစ်တိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် မှန်ကန်သော စာပေဖွံ့ ဖြိုးရန် လိုအပ်သည်။ 

ပညာခေတ်တွင် ပညာမဲ့နေကြလျှင်

ဆရာတော်တစ်ပါးက “သညာသိ” နှင့် “ပညာသိ” ကို ခွဲခြားပေး သော စာအုပ်တစ်အုပ်ကို ဥပမာ များစွာ၊ ဖြစ်ရပ်များစွာနှင့် ခွဲခြားရေးသား ပြုစုတော်မူထားသည်။ များစွာ မှတ်သားဖွယ်ရာကောင်း၏။ ခေတ်ကြီး သည် ပညာခေတ်အဖြစ် ပို၍ပို၍ ပီပြင်လာသည်ဖြစ်၍ ပညာမဲ့နေကြ လျှင် ကိုယ်သာ နောက်တွင် ကျန်နေ ခဲ့ပါလိမ့်မည်။ အချို့မှာ “သညာ” ကို “ပညာ” ဟု ထင်ကြသူများကလည်း အရေအတွက် မနည်း ပါး ကြချေ။ “သညာ” အတော်အတန် များပြားလျှင်ပင် “ပညာ” တစ်စုံတစ်ရာဖြစ်နိုင်ခွင့် ရှိသေးပါသော် လည်း၊ “သညာ” တစ်စွန်းတစ်စဖြင့် ကျူရိုးများကို နေရာ တိုင်း၌ ပေါများစွာ တွေ့နေရသည်။ အနှစ်မဲ့သော စပါးနှံများ ထိုးထိုး ထောင်ထောင်နှင့် မင်းမူလျက်ရှိကြသည်ကိုလည်း တွေ့နေရပြန်သည်။

ပညာကို လိုချင်သော်လည်း ပညာနှင့်သညာကို ခွဲခြားနိုင်စွမ်း မရှိသေးသည့် လူငယ်မျိုးဆက်သစ် များ အနေဖြင့် ထိုသော ကျူးရိုးများ၊ အနှစ်မဲ့စပါးနှံများ၏ အယူအဆ၊ အတွေးအခေါ်များ လွှမ်းမိုးခံကြရလျှင်၊ သို့မဟုတ် ထိုသူတို့၏ သညာကို ပညာဟု အမှတ်မှား လိုက်ပါကြပါလျှင် အနာဂတ်သည် များစွာ ခြောက်လှန့် ခံရမှုများနှင့် ရင်ဆိုင်ကြ ရပါလိမ့်မည်။ 

မျှခြေဖြင့် ဆောင်ရွက်ကြစေလို

မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေးကို ဖြတ်သန်းနေရသော အချိန် ဖြစ်သည်။ ဘယ်-ညာ များစွာသို့ ယိမ်းထွက်သွားနိုင်ခွင့် ရှိနေသည့် အချိန် ဖြစ်သည်။ လူပျိုပေါက်၊ အပျိုပေါက်တို့ အတုမြင် အတတ်သင် စိတ်ကစားတတ်သည့်အချိန်မျိုးနှင့် နှိုင်းယှဉ်နိုင်ပါလိမ့်မည်။ အမှန်ကို အမှန်မြင်လျှင် မထောင်းသာ လှသော်လည်း၊ အမှားများ အားကောင်း၍ အမှားကို အမှန်ဟုထင်ခဲ့လျှင် ဖွတ်သထက်ညစ်ရုံသာ ရှိတော့ သည်ဟု ဆိုချင်သည်။

လောကကြီးသည် “ညီမျှခြင်း”ဖြင့် တည်ဆောက်ထားသည်။ ထို့ ကြောင့် မျှခြေဟူသော Equilibrium သည် အရေးကြီး၏။ မျှခြေမပျက် စေရန်ဂရုစိုက်သင့်သည်။မျှခြေမပျက်ယွင်းစေရန် ဗုဒ်္ဓ၏အဆုံးအမဖြစ် သော အစွန်းနှစ်ပါးကို ရှောင်ရှားနိုင်ရန် လိုအပ်လာ၏။ မဇ္ဈိမပဋိပဒါဟူ သော Neutrality သည် မျှခြေကို ထိန်းကျောင်းရာ ဖြစ်လာ၏။ မျှခြေကို ထိန်းသိမ်းနိုင်ရန် မျှတသော ခြုံငုံသုံးသပ်ရှုမြင်မှု (Balanced Perspective) အားကောင်းရန် လိုအပ်ပါလိမ့်မည်။ ရိုးရိုး ခြုံငုံရှုမြင်မှု Perspective သည် မျှခြေအတွက် လုံလောက်သော ရှုမြင်မှု မဟုတ်ပါချေ။ ရှု ထောင့်တစ်ခုအတွက် ပို၍ခြုံငုံမြင်စေခြင်းကိုသာ ပံ့ပိုးပါသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဘေးထွက်သွား စေသည့် အယူအဆ သို့မဟုတ် “အား” အချို့ကို တွေ့နေရသဖြင့် စိုးရိမ် စိတ်အတော်အတန် ရှိခဲ့ရပါသည်။ 

လူ့အခွင့်အရေးအပြည့်အ၀မရခဲ့သော ခေတ်နှစ်ခေတ်ကို နှစ်ပေါင်း (၅၀) မျှ ဖြတ်သန်းလာခဲ့ကြ ရသည် ဖြစ်ရာ၊ ပြုပြင်ပြောင်းလဲရေးခေတ်ဦးတွင် လူ့အခွင့်အရေးကို ရှေ့တန်းတင် ပြောဆို လာကြမည်မှာ လက်ခံရမည့်အခြေအနေ ဖြစ်ပါသည်။ သို့သော်လည်း ရှုထောင့်တစ်ခုထဲမှရှုသည့် လူ့အခွင့်အရေးမျိုး မဖြစ်စေလို၊ ခြုံငုံမျှတစွာ ရှုမြင်လျက် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် အခြေခံသော လူ့အခွင့်အ ရေး၊ နောက်အနာဂတ် နှစ်ပေါင်းများစွာတွင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကောင်းကျိုးပေးမည့် လူ့အခွင့် အရေးမျိုး သာ ဖြစ်စေလိုသည်။ 

လူ့အခွင့်အရေးတွင် ကြီးမားသောဒီဘိတ်တို့ ရှိနေသည်။ ထင်ရှား သောဥပမာမှာ အီရတ်ကို အမေရိကန် တို့ စစ်ဝင်တိုက်သောဖြစ်ရပ် ဖြစ် သည်။ အမေရိကန်ဘက်မှ ရှုသည့်အခါ သူ့နိုင်ငံအား တိုက်ခိုက်နိုင် သော အလားအလာရှိ၍ “လက်ဦးမှု” ရယူတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အီရတ်ဘက်မှ ချေပ သည်မှာ အမေရိကန်ကို အီရတ်တို့က ခဲတစ်လုံးမျှပင် မပစ်ရသေး၊ အီရတ် တစ်နိုင်ငံလုံးမှ လူ့အခွင့်အရေး ဆုံးရှုံးသွားသည်။ ထို့ထက်ဆိုရလျှင် နိုင်ငံတစ်ခု၊ လူမျိုးတစ်ခုလုံး၏ အခွင့်အရေး ဆုံးရှုံး သွားရသည်။ မည်သည့်ဘက်မှ “လူ့အခွင့်အရေး”ကို ဆုံးဖြတ်ကြပါမည် နည်း။ နောက်ဆုံးမှာ “ကိုယ့်နိုင်ငံ” “ကိုယ့်လူ မျိုး” တို့ ၏ “အကျိုးစီးပွား” ကိုသာ အခြေခံသွားကြသည်ကို တွေ့ရပါလိမ့်မည်။ 

လူ့အခွင့်အရေးသည် ယေဘုယျ အသုံးဖြစ်၍ တစ်ဦးချင်းအတွက် ယေဘုယျအားဖြင့် မှန်ကန်ပါသည်။ တစ်ဦးချင်းစီ၏ အခွင့်အရေးသည် မိသားစုအခွင့်အရေးနှင့် နှိုင်းယှဉ်ခဲ့လျှင် နောက်ဆုတ်ပေးရပါလိမ့်မည်။ ထို့အတူ မိသားစုငယ်တစ်ခု၏ အခွင့်အရေးသည် “လူ့အဖွဲ့အစည်း” တစ်ခု ၏ အခွင့်အရေးအထက်တွင် ရှိ၍မရပြန်ချေ။ နောက်ဆုံး လူ့အဖွဲ့အစည်း တစ်ခု၏ အခွင့်အရေးသည်ပင်လျှင် “လူမျိုးတစ်ခုလုံး” “နိုင်ငံ တစ်ခုလုံး” ၏ အခွင့်အရေးနှင့် နှိုင်းယှဉ်လာပါလျှင် ခုခံသင့်သောအရာ မဟုတ်ပြန် တော့ချေ။ 

ယနေ့ “မျှခြေ”ကို တိုးတက်ပျက်ယွင်းစေမည့်အရာများစွာကို တွေ့ နေရသည်။ အထူးသဖြင့် လွတ်လပ်စွာ ရေးသားခွင့်မရခဲ့သော စာပေ လောကတွင် လွတ်လပ်စွာ ရေးသားခွင့်ရလာသောအခါ အရာရာကို “တစ်ဦးချင်းစီ” ၏ လူ့အခွင့်အရေးရှုထောင့်မှ ခုခံ၍ ရေးသားနေကြသည် ကိုတွေ့ရသည်။ လူမျိုးနှင့် နိုင်ငံ တိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေမည့် ရေးသားမှုဖြစ်ခဲ့လျှင် မှန်ကန်သော်လည်း ဆန့်ကျင် ဘက် ဆိုးကျိုးကို ပေးမည့်အရာဆိုလျှင် တစ်ဦးချင်းစီ၏ လူ့အခွင့်အရေးကို ရှေ့တန်းမတင်သင့်ဟု မြင်သည်။ လူ့အခွင့်အရေးဆိုသည်မှာ ယေဘုယျ သဘောတရားသာဖြစ်သည်ဟု ဆိုခဲ့ပြီးဖြစ်၍ တစ်ဦး ချင်းစီ၏ အခွင့် အရေးထက် များစွာ ခြုံငုံကြည့်ရသောအရာများစွာ ရှိနေပါသေးသည်။

လူ့အခွင့်အရေးနှင့်ပတ်သက်လျှင် သာမန်ပြည်သူများသည် လိုချင် သည်သာရှိ၍ များစွာ ရင်းနှီးကျွမ်းဝင်မှု မရှိသေးသောအရာဖြစ်သဖြင့် ပြောနိုင်ဆိုနိုင်၊ ပြောခွင့်ဆိုခွင့် ရသောသူများအနေဖြင့် မှန်မှန်ကန်ကန် အသိပညာပေးဖို့ လိုသည်။ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်ဆန်္ဒကို ရလိုမှုဖြင့် “လူ့အခွင့်အရေး”ကို တလွဲမသုံး သင့်ဟု ယူဆသည်။ အချို့က မျှတသော အယူအဆဖြင့် ကင်းကွာ၍ ““ဒီမိုကရေစီဆိုလျှင် လူ့အခွင့်အရေး ရှိကို ရှိရမည်””ဟူ၍ ပညာမဲ့စွာ တစ်ဇွတ်ထိုး ပြောကြရေးကြသည်ကိုလည်း တွေ့နေရသည်။ အီရတ် စစ်ပွဲဖြင့် ဥပမာပေးခဲ့ပြီး ဖြစ်ပါသည်။ လူ့အခွင့် အရေးကို ဘယ်ဘက်က ကြည့်ကြပါသနည်း။ နောက်ထပ် ဥပမာပေး၍ ရပါသေးသည်။ အိန်္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပါ သည်။ ဟိန္ဒူအယူ ၀ါဒ သြဇာကြီးမားသောနိုင်ငံလည်း ဖြစ်ပြန်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀) ကျော်မှစ၍ အမြစ်စွဲ ခဲ့သော ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှုကို ဒီမိုကရေစီ၏ လူ့အခွင့်အရေးက ယနေ့အထိ ချိန်ညှိ ပေးနိုင်ခဲ့ခြင်း မရှိသေးပါ။ သို့ဆိုလျှင် အဘယ့်ကြောင့် အိန်္ဒိယကို ဒီမိုကရေ စီနိုင်ငံဟု ခေါ်တွင်နေကြရပါသနည်း။ အခြေခံအကျဆုံးသော လူ့အခွင့် အရေးခွဲခြားမှု ဖြစ်နေပါသည်။ 

အရှေ့အလယ်ပိုင်းနိုင်ငံ အများအပြားတွင် အမျိုးသမီးများမျက်နှာ ကို ဖုံးလွှမ်းထားကြရဆဲ ဖြစ်သည်။ အချို့နိုင်ငံများတွင် အမျိုးသမီးများ ကားပင်မောင်းခွင့် မရှိခဲ့ကြပါ။ ထို့ထက်ပို၍ ခွဲခြားထားသည့်အရာများ ရှိနေပါသေးသည်။ မည်သည့် လူ့အခွင့်အရေးသမားများက တောင်းဆို တိုက်ပွဲဝင်နေခဲ့ကြပါသနည်း။
တရုတ်နိုင်ငံအနေဖြင့် မချမ်းသာသေးခင် လူဦးရေတိုးပွားနှုန်းကို ထိန်းသိမ်းသည့်အနေဖြင့် အိမ်ထောင် တစ်ခုကို ကလေးတစ်ယောက်နှုန်း သာ ရယူရန် ဥပဒေပြဋ္ဌာန်းခဲ့ပါသည်။ မည်သည့် လူ့အခွင့်အရေး တောင်း ဆိုမှုများ တိုးပေါက် ချေဖျက်ခဲ့နိုင်ပါသနည်း။ သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့ ယဉ်ကျေးမှုနှင့် လိုက်လျော ညီထွေစွာ ဆောင်ရွက်နိုင်ခွင့်များ ရှိနေပါ သည်။ မြန်မာနိုင်ငံသည် ယခုမှ ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက် ဆဲဖြစ်သဖြင့် ထဲထဲဝင်ဝင် မသိနိုင်သေးသော သာမန်ပြည်သူများကို “သညာ” သိမျှလောက် ဖြင့် လမ်းမှားသို့ မပို့ ဆောင်သင့်ဟု ရေးလိုပါသည်။ မြန်မာ့အနာဂတ်၊ မြန်မာတို့၏ စုပေါင်းထားသော တိုင်းရင်းသားတို့၏ အခွင့်အရေးထက်ပိုသောယေဘုယျအခွင့်အရေးသည် ဦးစားပေးအရာမှာ မရှိသင့် ဟုသာ ဆိုချင်ပါသည်။ 


နေဇင်လတ်
၂၉-၆-၂၀၁၄ (၁၃၂၀)
JOB Seeker Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...