အိမ်မှာနေရင်း အလုပ်လုပ်သူများအတွက် အကြံပြုချက်လေးများ
စာရေး သူသည် အိမ်မှာနေရင်း အလုပ်လုပ် လာသည်မှာ နှစ်ပေါင်း များစွာ ရှိလာပြီ။ အိမ်မှာ နေရင်း အလုပ်လုပ်သူ တစ်ယောက် အတွက် မိသားစုဝင် များ၏ နှောင့်ယှက်မှုမျိုး မကြုံရအောင် ချိန်ညှိဖို့လို သလို၊ တစ်ကိုယ်တည်း အထီးကျန် မဖြစ်အောင်လည်း ချိန်ညှိဖို့ လိုသည်။
အိမ်မှာ အလုပ်ခန်း သပ်သပ်ထားပါ။
အိမ်ကနေ အလုပ်လုပ် သူများအဖို့ အလုပ်ခန်းနေရာ သပ်သပ်မရှိလျှင် အာရုံ နောက်စရာများနဲ့ တောက်လျှောက် ကြုံရနိုင်သည်။ မိသားစုဝင် တွေ၏ အသံများ၊ လှုပ်ရှားမှုများကလည်း ကိုယ့်ကို အာရုံပျက်အောင် လုပ်နိုင်သည်။ ကလေးများ ကလည်း ကိုယ်အလုပ်လုပ် နေချိန်မှာ ရောက်ရောက် လာလိမ့်မည်။
သို့ဖြစ်ရာ အိမ်မှာ အလုပ်လုပ်သည့်တိုင် ကိုယ့်အတွက် အလုပ်ခန်း သို့မဟုတ် အလုပ်နေရာ သတ်သတ် မှတ်မှတ်ထား ဖို့လိုသည်။ အလုပ်လုပ် နေချိန်မှာ မိသားစုဝင်များလာ နှောင့်ယှက်ခြင်းမျိုး မဖြစ်အောင် မိသားစုဝင်များကို ကြိုတင် ပြောပြထားရမည်။ အဖေ သို့မဟုတ် အမေသည် အလုပ်စားပွဲ တွင် သို့မဟုတ် အလုပ်ခန်းတွင် ထိုင်နေလျှင် ကလေးများအနေဖြင့် အတင်းဝင်လာခြင်းမျိုး မရှိအောင်၊ အိမ်က အလုပ် စားပွဲမှာ ထိုင်နေသည့်တိုင် ကုမ္ပဏီ လုပ်ခန်းတွင် ထိုင်နေသည့်အလား သဘောထားကာ ၀င်ချင်တိုင်း ၀င်ထွက်ချင် တိုင်းထွက်ခြင်းမျိုးမလုပ်ရန် ကလေးများကိုလည်း သွန်သင်ထားဖို့လိုသည်။ အလုပ်စားပွဲ သို့မဟုတ် အလုပ်ခန်းတွင် မိဘလုပ်သူ အလုပ်လုပ်နေပါက အနီးအနားတွင် အော်ဟစ်ဆူညံခြင်း မပြုရန် လည်း ကလေးများ၊ မိသားစုဝင်များ ကို ပြောပြထား ရမည်။
ထိုင်ခုံ ကောင်းကောင်းဝယ်ဖို့ မနှမြောပါနဲ့။
ထိုင်ခုံကောင်းကောင်းသည် ငွေကုန်ကြေးကျများသည် မှန်သည်။ သို့သော် ရေရှည်ကို တွက်ကြည့်ပါက ထိုင်ခုံ ကောင်းကောင်း ၀ယ်ထိုင်ခြင်း သည် ရွှေထက်ပင်တန်ဖိုးရှိသည်ကို သိလာလိမ့်မည်။ တစ်နေ့ တစ်နေ့ အလုပ်ထိုင်ခုံမှာ ထိုင်ရနှုန်းသည် (၈) နာရီ လောက် ထိရှိရာ ထိုင်ခုံကောင်းကောင်း သည် ကျန်းမာရေး အတွက်ပါ များစွာ အကျိုးပြုမည်။
လိုသလို ချိန်ညှိလို့ရသော ထိုင်ခုံမျိုးဝယ်ပါ။ ဈေးကြီးသည့်တိုင် ရေရှည်မှာများစွာ ကောင်းကျိုးပေးကြောင်း တွေ့လာလိမ့်မည်။ ကိုယ်နဲ့ အသင့် တော်ဆုံးဖြစ်မည့် ထိုင်ခုံအမြင့်၊ နောက်မှီတို့ကို ချိန်ထားပါ။ အချိန် ကြာလာသည်နှင့်အမျှ သူ့ကို ကောင်းကောင်းဆက်ဆံသော ကိုယ့်ကို ကျောရိုးက ကျေးဇူးတင်လိမ့်မည်။
အလုပ်ချိန် သတ်သတ်မှတ်မှတ် ရှိပါစေ။
အိမ်ကနေ အလုပ်လုပ်သူ အများစု မိသွားတတ်သည့် ထောင်ချောက်ကား တစ်ချိန်လုံး အလုပ်လုပ်နေ မိခြင်း ဖြစ်သည်။ အိမ်ကလုပ်ခြင်းဖြစ် သောကြောင့် ဘယ်အချိန်လုပ်လုပ် ရပါတယ်ကွာဟူသော စိတ်ကြောင့်ပင် အလုပ်များက ပြီးပြတ်နိုင်သည် မရှိဘဲ တစ်ချိန်လုံးလိုလို အလုပ်နဲ့ လုံးပန်းနေ ရတတ် သည်။
ထိုပြဿနာ ဖြေရှင်းရန် အကောင်းဆုံးနည်းကား အလုပ်ချိန် သေချာ သတ်မှတ်ထားခြင်း ဖြစ်သည်။ ရုံးသွား အလုပ်လုပ်နေ သူများ နည်းတူ မိမိလည်း မိမိအလုပ်ချိန်ကို စနစ်တကျ သတ်မှတ်ထားပြီး မနက်ဆိုထ၊ လုပ်စရာရှိတာ လုပ်ပြီး သတ်မှတ်အလုပ်ချိန်အတိုင်း စားပွဲမှာထိုင်ဖြစ်အောင် ကြိုးစားရမည်။ ထိုသို့ စနစ်တကျ စတင်ပါမှတစ်နေ့တာ အလုပ်သိမ်းဖို့ သတ်မှတ်ထားသည့် အချိန်မှာလည်း အလုပ်သိမ်းနိုင် ကာကျန် အချိန်မှာ ကိုယ့်အတွက်၊ မိသားစုများအတွက် အချိန်ပေးနိုင်မည်။ ထိုသို့မဟုတ်လျှင် အိမ်မှာ နေနေရသည့်တိုင် အလုပ်လည်း မပြီး၊ မိသားစုကိုလည်း ကောင်းစွာ အချိန်မပေးနိုင်ဘဲ ဖြစ်နေမည်။
အနားယူချိန်လည်း သတ်မှတ်ထားပါ။ မကြာမကြာလည်း နားပေးပါ။
ရုံးမှာလုပ်လျှင် ထမင်းစားချိန် အလိုလိုနားဖြစ်သည်။ အိမ်မှာကား ထိုသို့မဟုတ်။ အလုပ်ရှိနေလျှင် မထတမ်း ထိုင်ပြီး မနက် စာလွတ်၊ နေ့လယ် ကော်ဖီချိန်လွတ်တာမျိုး တွေပါဖြစ် တတ်သည်။ ထိုပုံစံသည် ကြာလာလျှင် အလုပ်ကိုပါ စိတ်ကုန်သွားတာမျိုး ဖြစ်စေနိုင်သည်။ ထိုပုံစံကြောင့် အိမ်မှာနေ သူများသည် ရုံးမှာနေသူထက်ပင် အလုပ်ကို မြန်မြန် စိတ်ကုန်သွားခြင်းမျိုး ဖြစ်တတ်သည်။
ထမင်းစားချိန် သတ်မှတ်ပြီးနားခြင်းအပြင် အလုပ်ချိန်အတွင်းမှာလည်း ထိုင်ခုံက မကြာမကြာထပေးဖို့ လိုမည်။ (၁၀) မိနစ် (၁၅)မိနစ်လောက် မကြာမကြာနားပေးခြင်းသည် အလုပ်ချိန် တစ်လျှောက်လုံး လန်းလန်းဆန်းဆန်း လုပ်သွားနိုင်စေမည့် အကောင်းဆုံးနည်း ဖြစ်သည်။ထိုသို့ အချိန်တိုလေး နားချိန် မျိုးတွင် တစ်ခုခုကို ပြောင်းလုပ်သင့်သည်။ဥပမာ လမ်းထလျှောက်ခြင်းမျိုး၊ ထမင်းစားခန်းထဲ သွားပြီး ရေသောက် မုန့်စားခြင်းမျိုး၊ စာအုပ်ခဏဖတ် ခြင်းမျိုး လုပ်နိုင်သည်။ အဓိကမှာ စိတ်ကို အလုပ်မှ ခဏ အနားပေးပြီး အားပြန်ဖြည့်ပေးဖို့ ဖြစ်သည်။ ထိုသို့ အားဖြည့်ပေးခြင်းနည်းသည် ရေရှည်မှာ အလုပ်ကို ပျော်ရွှင်စွာ လုပ်နိုင်စေမည့် စနစ်ကောင်းဖြစ်သည်။
အထီးကျန် ငေါင်တောင်တောင် မဖြစ်အောင် ဂရုစိုက်ပါ။
အိမ်ကနေ အလုပ်လုပ်သူများ ရင်ဆိုင်ရသည့် အဓိကပြဿနာ တစ်ရပ်မှာ အထီးကျန် ငေါင်တောင်တောင် ဖြစ်ကာ ကြာလျှင် စိတ်ကျလာခြင်း ဖြစ်သည်။ အိမ်ကနေ အလုပ်လုပ်ခြင်း ဖြစ်သည့်တိုင် မိမိနှင့် အလုပ် ချင်းတူ တွဲလုပ်နေသူများလည်း ရှိမည်သာ။ ထိုသူများနဲ့ အွန်လိုင်းမှတစ်ဆင့် အဆက် အသွယ်မပြတ်ရှိ နေအောင် ကြိုးစားခြင်းဖြင့် အထီးကျန်ရောဂါကို ကာကွယ်နိုင်သည်။ အားချိန်များမှာ အပြင်ထွက်ပြီး မိတ်ဆွေ အပေါင်းအသင်းများနဲ့ တွေ့ဆုံခြင်းမျိုးလည်း မကြာမကြာ လုပ်ပေးရမည်။ ယနေ့လို အင်တာနက် ခေတ်တွင် လုပ်ဖော်ကိုင်ဖက်များနဲ့ အွန်လိုင်း ဗီဒီယိုချတ်လုပ်နိုင်သည်။ ထိုနည်း သည် လုပ်ဖော်ကိုင်ဖက်များနဲ့ မျက်နှာချင်းဆိုင် စကားပြောရခြင်းဖြစ် သောကြောင့် တကယ့်ရုံးခန်းထဲတွင် လူအများနဲ့ လုပ်နေရသည့် အလား ခံစားရပြီး အထီးကျန်စိတ်ဖြစ်ခြင်းကို ကာကွယ်နိုင်မည်။
အိမ်မှာနေရင်း အလုပ်လုပ်သူများ ကြုံရသည့် အဓိက ပြဿနာမှာ အိမ်ဘ၀နှင့် အလုပ်ခွင်ဘ၀ ရောထွေး သွားတတ်ခြင်း ဖြစ်သည်။ အထက်ပါ ငါးချက်သည်အိမ်မှာနေရင်း အလုပ်လုပ်မည့်သူများ အိမ်ဘ၀နဲ့ အလုပ်ခွင်ဘ၀ရောထွေးခြင်းမှ ကာကွယ်ပေးနိုင်ကာပျော်ရွှင်သူတစ်ယောက်ဖြစ်လာအောင် ကူညီပေးနိုင် လိမ့်မည်ဟု ယုံကြည်ပါသည်။ သို့သော် လူတစ်ကိုယ် လိုအပ်ချက်တစ်မျိုးရှိ ကြသည်ဖြစ်ရာ အထက်ပါ အခြေခံအချက်များအပြင် မိမိအတွက် အသုံးဝင်မည့် ပုံစံများကိုလည်း ချိန်ညှိယူကျင့်သုံးကြဖို့ တိုက်တွန်း လိုသည်။
ဥပမာ မိမိအလုပ်သည် အိမ်ကစားပွဲမှာ သာမက အခြားနေရာများသို့ ရွှေ့လုပ်လို့ ရသည်ဆိုပါက ကော်ဖီ ဆိုင်၊ ပန်းခြံ စသည့် နေရာများတွင် လည်းသွားလုပ် နိုင်သည်။ အလုပ်ခွင် ပတ်ဝန်းကျင်ကို ပြောင်းပေး လိုက်ခြင်းဖြင့် လူသည်လည်း အလုပ်လုပ်ရတာ ပို၍ စိတ်လန်းလူလန်း ဖြစ်လာမည်။ ကော်ဖီဆိုင်စားပွဲမှာ အလုပ်ထိုင်လုပ်ခြင်းသည် အာရုံများစရာဖြစ်သည့်တိုင် အိမ်မှာ အထီးကျန် တစ်ကိုယ်တည်း အလုပ်ထိုင် လုပ်နေရသည့် အထီးကျန် ပြဿနာကိုကား ဖြေရှင်းပေးနိုင်စွမ်းရှိသည်။ အထက်ပါ ငါးချက်ကို အခြေခံ၍ မိမိ၏လိုအပ်ချက်နှင့် ကိုက်ညီမည့် ကိုယ်ပိုင်သီးသန့် ပုံစံတစ်ခု ပျိုးထောင် ကာ အိမ်မှာ အလုပ်လုပ်သူ တစ်ယောက်ရနိုင်သည့် လွတ်လပ်မှုကို အပြည့်အ၀ ရယူနိုင်ပါစေဟု ရည်သန်လျက် ယခုဆောင်းပါးကို အကြံပြုတင်ပြလိုက် ရပါသည်။
Ref: 5 tips for getting the most out of working at home (ZDNET)

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook