ခေတ်သစ် မူးယစ်ဆေး

www.crhoy.com
Written by: တင်ယုနွယ်

ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံ ရိုက်နေရင်း သေသွားတဲ့ အဖြစ်အပျက်မျိုးကို အရင်က မကြားခဲ့ မိဖူးပါဘူး။ ဒီလိုမကြားဖူးတဲ့ အဖြစ်အပျက် အခုတော့ ကြားလာ ရပါပြီ။ အခုနှစ် ဧပြီလလောက်က နိုင်ငံတကာ သတင်းတစ်ပုဒ်မှာ အမျိုးသား တစ်ဦးဟာ တစ်နေ့ကို ၁၀ နာရီလောက် မျက်နှာ ညာဘက်ခြမ်းကို အသားပေး ကိုယ့်ဘာသာ Selfie ရိုက် အချိန်ကုန်ပြီး ရိုက်ထားတဲ့ ပုံတွေထဲက အလှဆုံးပုံကို ရှာမတွေ့ တာကြောင့် စိတ်ကျခံစားရကာ ကိုယ့်ဘာသာ သတ်သေခဲ့တယ်လို့ ဖတ်ခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်နေရင်း သေသွားခဲ့တဲ့ အဖြစ်အပျက်ကို စကြားဖူး လာခဲ့ပါတယ်။

အဲဒီသတင်းဖတ်ရပြီး လေးလလောက်အကြာမှာတော့ အဲဒီလိုဖြစ်စဉ်မျိုးကို ထပ်ဖတ်လိုက်ရပြန်ပါသေးတယ်။ အဲဒီသတင်းမှာတော့ ပေါ်တူဂီနိုင်ငံရှိ ကာဘိုဒါရိုကာ အငူအဖျားစွန်းမှာ ပိုလန်ဇနီးမောင်နှံနှစ်ဦးဟာ ကိုယ့်ဘာသာ Selfie ရိုက်နေကြရင်း အငူစွန်းကနေ အောက်ကိုပြုတ်ကျ သေဆုံးသွားတယ်ဆိုတဲ့ သတင်းပါ။ အဲဒီဇနီးမောင်နှံနှစ် ဦး ဟာ အသက်ငါးနှစ်နဲ့ ခြောက်နှစ်သာရှိသေးတဲ့ ကလေးနှစ်ဦးရှေ့မှာပဲ အငူအစွန်းမှာ Selfie ရိုက်ဖို့လုပ်နေရင်း ပြုတ်ကျသွားတာဖြစ်ကာ ကျန်ခဲ့တဲ့ကလေးနှစ်ဦးကို သံရုံးကစောင့်ရှောက်ထားရပြီး စိတ်ပိုင်းဆိုင်ရာ ကုသမှုများ ကိုပါ ပြုလုပ်ပေးခဲ့ရတယ်လို့ပါ ထပ်ဖတ်လိုက်ရပါတယ်။

ဒီလိုသတင်းတွေ ဖတ်ရပြီးချိန်မှာ ဘာကြောင့်များ ကိုယ့်အသက်ကိုမနှမြောဘဲ စွန့်စားပြီးရိုက်ကူးရတာလဲလို့ တွေးမိပါတယ်။ အဲဒီအတွေးဝင်ပြီး သိပ်မကြာခင်မှာပဲ အသိမောင်လေးတစ်ယောက်ရဲ့ သူငယ်ချင်း ကျောင်းနေ အရွယ် ကောင်လေးတစ်ယောက် Selfie ရိုက်နေရင်း ဆုံးသွားတယ်ဆိုတဲ့ သတင်းလေးကို ကြားလိုက်တော့ ကိုယ့်အန္တရာယ်ကို သတိမထားမိလောက်အောင် ဘယ်လိုများရိုက်နေခဲ့ကြလို့ ဆုံးသွားရတာလဲသိချင်လို့ မေးလိုက် ပါတယ်။ သေဆုံးသွားတဲ့ကလေးဟာ ရန်ကုန်ရှိ အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်းက န၀မတန်း ကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းကအပြန် သူငယ်ချင်းနှစ်ဦးနဲ့အတူ ကျောင်းကားနောက်ဆုံးနေရာမှာထိုင်ပြီး Selfie ရိုက်နေပြီး ကျောင်းကားက Slow down ကို အရှိန်လျှော့လိုက်ချိန်မှာ ဟန်ချက်ပျက်ကာ ကျောင်းကားပေါ် ကနေ ပြုတ်ကျပြီးဆုံးသွားတာဖြစ်တယ်လို့ သိလိုက်ရပါတယ်။

တကယ်တော့ Selfie စတင်လာတာကတော့ ၁၈၃၉ ခုနှစ်လောက်မှာ အမေရိကန်ဓာတ်ပုံဆရာ Robert Cornelius ဆိုသူက ကင်မရာမှန်ဘီလူးကို မဖုံးအုပ်ဘဲ ကိုယ့်ဘာသာ ဓာတ်ပုံရိုက်ကူးခဲ့မှုကနေ စတင်လာတယ်လို့ Wikipedia မှာ ဖော်ပြထားပါတယ်။ ၁၉၀၀ ပြည့်နှစ်မှာတော့ Kodak Brownie box ကင်မရာတွေမှာ ကိုယ့်ဘာသာ ရိုက်ကူးနိုင်တဲ့ နည်းပညာတွေ ပိုမိုကျယ်ပြန့်စွာ ပါဝင်လာပါတယ်။ ၁၉၁၄ ခုနှစ်မှာတော့ ရုရှားလူမျိုး အသက် ၁၃ နှစ်ရှိ ကောင်မလေးတစ်ဦးက မှန်ရှေ့မှာ ကိုယ့်ဘာသာ ဓာတ်ပုံရိုက်ခဲ့ကာ အဲဒီလိုရိုက်ရတဲ့အခါ ခက်ခဲပြီး လက်တွေတုန်နေတယ်လို့ ရေးထားတဲ့စာနဲ့အတူ အဲဒီဓာတ်ပုံကို သူမသူငယ်ချင်းကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ် နှစ်ကုန်မှာ Time မဂ္ဂဇင်းကလူတွေ သုံးနေကြတဲ့ ခေတ်စကားလုံး ၁၀ လုံးမှာ Selfie စကားလုံးဟာ ထိပ်ဆုံးကပါလာတယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ Selfie စကားလုံးကို နေရာတိုင်းမှာ သုံးလာတာကြောင့် Oxford English အဘိဓာန်ရဲ့ အွန်လိုင်းဗားရှင်းမှာ ပါဝင်လာခဲ့ပြီး ၂၀၁၃ နိုဝင်ဘာလလောက်မှာတော့ နှစ်တစ်နှစ်ရဲ့ အသုံးအများဆုံး စကားလုံးဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

လက်ရှိမှာ Selfie ရိုက်ကူးမှုတွေမှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ဒိန်းမတ်ဝန်ကြီးချုပ်၊ အင်္ဂလန် ၀န်ကြီးချုပ် တို့အပြင် လူမှုနယ်ပယ်က ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ၊ နာမည်ကြီးသရုပ်ဆောင်တွေ၊ အဆိုတော်တွေပါ ရိုက်ကူးမှုရှိခဲ့ပါတယ်။ ဒီလို Selfie ရိုက်ကူးမှုတွေ ထွန်းကားလာတာကြောင့် လက်ရှိထွက်ပေါ်လာတဲ့ နောက် ဆုံးပေါ် မိုဘိုင်းဖုန်းအမျိုးအစားတွေမှာ Selfie ရိုက်ကူးနိုင်အောင် ဖုန်းမျက်နှာပြင် အရှေ့ကင်မရာ Front camera တွေကိုပါ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ဒါ့အပြင် 'usies', 'groufie', 'wefie' လို့ခေါ်ကာ စုပေါင်း Selfie ရိုက်ကူးမှုအတွက် Huawei က Ascend P7 မိုဘိုင်းဖုန်းနဲ့ Samsung က NX Series ကင်မရာတွေမှာ လူအများစု ပေါင်းဓာတ်ပုံရိုက်ကူးရာမှာ ပါဝင်သူများကိုယ်တိုင် ရိုက်ကူးနိုင်တဲ့ နောက်ခံမြင်ကွင်းကျယ်၊ ရုပ်ထွက် ကြည်လင် ပြတ်သားတဲ့ နည်းပညာတွေ ပါဝင်တယ်ဆိုကာ ၀ယ်ယူသူတွေကို ဆွဲဆောင်လာကြပါတယ်။

လက်ရှိ ဆယ်ကျော်သက်လူငယ်တွေအပြင် ဓာတ်ပုံရိုက်တာကို နှစ်သက်ကြသူတွေဟာ မျက်နှာပုံစံမျိုးစုံ၊ ကိုယ်နေ ဟန်ထားမျိုးစုံနဲ့ Selfie ရိုက်ပြီး ကိုယ့်လူမှုစာမျက်နှာမှာတင်ဖို့ကို သဘောကျစွဲလမ်းလာကြပါတယ်။ ဓာတ်ပုံရိုက်ကူး မှုတွေကို လွယ်လွယ်ကူကူ ရိုက်လာနိုင်ပြီဖြစ်သလို ကိုယ့်ရဲ့အကောင်းဆုံး၊ အလှဆုံးပုံတွေကို မြင်တွေ့နိုင်တဲ့ လူမှု စာမျက်နှာကွန်ရက်တွေ ရှိလာတာကြောင့် ပုံလေးတွေရိုက်ပြီး တင်တာဟာ ဓလေ့တစ်ခုလို ဖြစ်လာပါတယ်။ ဒါ့ကြောင့်လည်း နေရာတစ်နေရာ၊ အစားအသောက်၊ သူငယ်ချင်းတွေ စုံချိန်တွေမှာ ဓာတ်ပုံလေးအရင်ရိုက် ကိုယ့်လူမှု စာမျက်နှာထက်တင်ပြီးမှ ကျန်တာတွေ ဆက်လုပ်ကြပါတယ်။

အသိတွေထဲမှာတောင် တစ်နေ့ကို အနည်းဆုံး တစ်နာရီ၊ နှစ်နာရီ လူမှုကွန်ရက်ကို အသုံးမပြုဘဲ မနေနိုင်ဘူးလို့ ပြောတာကို ကြားဖူးပါတယ်။ ဘယ်အရာမဆို အဆိုးနဲ့အကောင်း ဒွန်တွဲနေပြီး စွဲလမ်းမှု အစွန်းတစ်ဖက်ကို ရောက်သွားပါက ကောင်းမွန်တဲ့ရလဒ်တွေ မဖြစ်ပေါ်တတ်တာကြောင့် နောက်ဆက်တွဲမလိုလားအပ်မှုတွေ မဖြစ်စေဖို့ သတိနဲ့အသိ ချိန်ထိုးတွေးဆနိုင်ဖို့ အကြံပြုရင်း။


Eleven Daily News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...