၂၀၁၄ တွင် ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် တက္ကသိုလ်များ

ကမ္ဘာပေါ်က တက္ကသိုလ်တွေကို စဉ်ဆက်မပြတ် အကဲဖြတ်ပြီး အကောင်းဆုံး တက္ကသိုလ်များ စာရင်းကို အဆင့်လိုက် ပြုစုဖော်ပြ ပေးနေတဲ့ QS World University Ranking အဖွဲ့ ရဲ့  နောက်ဆုံး ထုတ်ပြန် လိုက်တဲ့စာရင်းအရ အမေရိ ကန်ပြည်ထောင်စုရဲ့  မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် (MIT) ဟာ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် နေရာကို ရရှိသွားပါတယ်။

မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက် ကတည်းက သိပ္ပံနဲ့ နည်းပညာဆိုင်ရာ နယ်ပယ်တွေမှာ ထင်ရှားတဲ့သုတေသနပြုလုပ်တွေ့ ရှိချက်တွေကို ပြုလုပ်နိုင်ခဲ့ပြီး အခုလိုကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ဇယားကွက်မှာ ထိပ်ဆုံးကနေ ဖော်ပြခံခဲ့ရတာပါ။ 

ဗြိတိသျှနိုင်ငံရဲ့  အင်ပီရီယယ် ကောလိပ်ကတော့ ကိန်းဘရစ်တက္ကသိုလ်နဲ့ အတူ ဒုတိယ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်နေရာကို ရရှိသွားပါတယ်။

ကမ္ဘာ့ချမ်းသာကြွယ်ဝဆုံးတက္ကသိုလ်လို့ နာမည်ကြီးတဲ့ ဟားဗတ်တက္ကသိုလ် ကတော့ စတုတ္ထနေရာကိုရရှိသွားပြီး နောက်ထပ်ယူကေတက္ကသိုလ်နှစ်ခုဖြစ်တဲ့ ယူနီဗာဆီတီကောလိပ်လန်ဒန်နဲ့  အောက်စဖို့ တက္ကသိုလ်တို့ ကတော့ ပဉ္စမနေရာကို တွဲဖက်ရရှိသွားတာဖြစ်ပါတယ်။လန်ဒန်မြို့ ရဲ့  ဘုရင့်တက္ကသိုလ် ကလည်း အမှတ်စဉ် ၁၆ မှာ ဖော်ပြ ခံထားရတဲ့အတွက် အခုဆိုရင် လန်ဒန်မြို့ မှာ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ၂၀ ထဲက တက္ကသိုလ် ၃ခု ရှိနေ တယ်လို့ ပြောလို့ ရပါပြီ။

QS World University Ranking ကို တက္ကသိုလ်အဓိပတိအချို့ ကသံသယရှိကြပေမယ့် ဒီဇယားကွက်ထဲမှာ ဘယ် လိုနေရာက ဖော်ပြခံရသလဲဆိုတာ တက္ကသိုလ်လောကမှာ အခရာပဲဆိုတာကိုတော့ သူတို့ လက်ခံကြပါတယ်။ QS မှာ ဘယ်အဆင့်ကဖော်ပြခံရသလဲဆိုတာကိုတော့ အားလုံးက အာရုံစိုက်ကြပါတယ်။

တက္ကသိုလ်တွေရဲ့ အသက်က ကျောင်းသားပါ။ ကျောင်းသားဆီကရတဲ့ကျောင်းလခနဲ့  ဆရာ၊ဆရာမတွေကို ငှားယူ ပြီး တက္ကသိုလ်လည်ပတ်နိုင်ပြီဆိုမှ ဆက်စပ်နေတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို လုပ်ရတာပါ။ ဒီကျောင်းသားတွေက သူတို့  ဘယ်တက္ကသိုလ်ကိုတက်မယ်ဆိုတာ QS ကိုကြည့်ပြီး ရွေးကြတာဖြစ်တဲ့အတွက် QS မှာ ဘယ်အဆင့်က ဖော်ပြ ခံရ တယ်ဆိုတာ အဲဒီတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာ၊ ပုံရိပ်နဲ့  ကံကြမ္မာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း တက္ကသိုလ် တစ်ခုရဲ့  အင်တာနက်စာမျက်နှာမှာ မိမိတက္ကသိုလ်ဟာ QS ဘယ်အဆင့်မှာရှိတယ်ဆိုတာကို ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြထား တာမျိုး မပါရင်မပြီးပါဘူး။

တစ်ကယ်တော့ ကမ္ဘာ့တက္ကသိုလ်တွေကို အဆင့်ပိုင်းခြားသတ်မှတ်တဲ့လုပ်ငန်းစတင်ခဲ့တာ အခုမှ (၁၀)နှစ်မြောက် ပဲ ရှိသေးတာပါ။ ဒီ QS Ranking ကို တရုတ်နိုင်ငံ Shanghai Jiao Tong တက္ကသိုလ်ကြီးက ၂၀၀၃ ခုနှစ်ကမှစပြီး စာ ရင်းပြုစုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကိုယ့်တက္ကသိုလ်ပညာရေးကို ကမ္ဘာ့အဆင့်မှီမြှင့်တင်ဖို့ ကြိုးပမ်းဆောင်ရွက်တဲ့အခါ နိုင်ငံတကာ တက္ကသိုလ်တွေကိုလည်း မျက်ခြေမပြတ် အနုစိပ်လေ့လာစောင့်ကြည့်ရင်း အကောင်းဆုံးတက္ကသိုလ်စာရင်းကို စတင် ထုတ်ပြန်လိုက်ရာကနေ အခုဆိုရင် တစ်ကမ္ဘာလုံးက ရင်တမမနဲ့  စောင့်ကြည့်ရတဲ့ QS World University Ranking ကြီးဖြစ်လာတာပါ။

ဒါဖြစ်ရင် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်ဆိုတာ ဘယ်လိုပေတံတွေနဲ့ များတိုင်းတာရွေးချယ်တာပါလိမ့်။ ထိပ်ဆုံး ရောက်နေတဲ့ အချို့ တက္ကသိုလ်တွေဟာ တက္ကသိုလ်အငယ်စားတွေပဲဖြစ်နေပြီး အဲဒီထိပ်နေရာမှာ မြဲနေကြတာ ဘာကြောင့်များပါလိမ့်။

တက္ကသိုလ်တစ်ခုရဲ့ အဆင့်ကို သတ်မှတ်တဲ့အခါမှာ နာမည်ကောင်းရှိ၊မရှိက အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ နာမည်ကောင်းရှိ၊မရှိ ဆိုတာကိုလည်း ကမ္ဘာပေါ်က တက္ကသိုလ်အချင်းချင်း အမှတ်ပြန်ပေးခိုင်းတာပါ။ ကမ္ဘာပေါ်မှာ နာမည်ရတက္ကသိုလ်ပေါင်း (၆)သောင်းကျော်ရှိပါတယ်။ တက္ကသိုလ်အချင်းချင်း မညှာမတာဝေဖန်စိစစ်အကဲဖြတ်ပြီး အမှတ်တွေပေးတာကို စုပေါင်းတွက်ချက်ပြီး ကမ္ဘာ့အဆင့်တက္ကသိုလ်တွေကို အခုလိုပိုင်းခြားသတ်မှတ်တာဖြစ်တဲ့ အတွက် သေချာတိကျတဲ့ သတင်းအရင်းအမြစ်ပဲဖြစ်ပါတယ်။ ဒီတော့ တက္ကသိုလ်တွေကလည်း နာမည်ကောင်းရဖို့ ၊ တက္ကသိုလ်ရဲ့  ဂုဏ်သိက္ခာခိုင်မာဖို့  အပြိုင်အဆိုင် ကြိုးစားရတော့တာပါပဲ။

ဒုတိယအရေးအကြီးဆုံးအချက်က သုတေသီတွေရဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။ ကမ္ဘာ့သိပ္ပံနဲ့ နည်းပညာလောကမှာ နေ့ စဉ်တွေ့ ရှိချက်အသစ်တွေကို ဘယ်တက္ကသိုလ်မှာဆောင်ရွက်နိုင်ခဲ့သလဲဆိုတာဟာ အမှတ်တွေချက်ခြင်း တက် သွားနိုင်တဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။

တတိယအရေးအကြီးဆုံးအချက်ကတော့ ဆရာ၊ဆရာမနဲ့  ကျောင်းသူကျောင်းသားဦးရေ အချိုးအစားပဲ ဖြစ်ပါတယ်။ နိုင်ငံတကာတက္ကသိုလ်တွေမှာ ဆရာတစ်ယောက်တည်းက ကျောင်းသားရာနဲ့ ချီ သင်ကြားတာမျိုး လုံးဝမရှိပါဘူး။ ကျစ်လျစ်တဲ့ကျောင်းသားအုပ်စုတွေကို ၀ါရင့်ကျွမ်းကျင်တဲ့ဆရာ၊ဆရာမတွေက အတူတကွလေ့လာသင်ယူဖွံ့ ဖြိုးတိုး တက်နည်းနဲ့  သင်ကြားပေးခြင်းဖြစ်ပါတယ်။

ဒီတော့ တက္ကသိုလ်ရဲ့ နာမည်ကောင်း၊ သုတေသီများရဲ့ ထောက်ခံချက်နဲ့  ဆရာ၊ကျောင်းသားအချိုးအစားတွေကို ကြည့်လိုက်ရုံနဲ့ တင် တက္ကသိုလ်တစ်ခုရဲ့ အဆင့်အတန်းကို ၉၀ ရာခိုင်နှူန်းမှန်အောင် တွက်နိုင်ပါတယ်။ နောက်ပြီး အဲဒီတက္ကသိုလ်ရဲ့ ဆရာ၊ဆရာမနဲ့ ကျောင်းသားတွေအတွက် နိုင်ငံတကာအခွင့်အလမ်း ဘယ်လောက်ရှိတယ် ဆိုတာ ကလည်း အရေးပါပါတယ်။

ဒါဆိုရင် တက္ကသိုလ်တစ်ခုဟာ အရွယ်အစားကြီးမားမယ်၊ အရှိန်အ၀ါကြီးမယ်၊ သုတေသနလုပ်ငန်းတွေလုပ်မယ်၊ သိပ္ပံဌာနကြီးတွေရှိမယ်၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ကိုပဲ အကောင်းဆုံးဖြစ်သွားရော့လား။

သင်ကြားမှုအရည်အသွေးနဲ့  ကျောင်းသားတွေရဲ့ အရည်အချင်းတွေနဲ့ ကော ဘာမှမဆိုင်တော့ဘူးလားဆိုတာကို QS ရဲ့  အကြီးအကဲတစ်ဦးက တက္ကသိုလ်အဆင့်သတ်မှတ်ရာမှာ သူတို့ ရဲ့ နိစ္စဓူဝအသေးစိပ်ကိစ္စတွေနဲ့  တိုင်းတာ လို့  မရနိုင်ပါဘူး။ တက္ကသိုလ်တစ်ခုက ကျောင်းသားတစ်ယောက်ရဲ့ အနာဂါတ်ပုံရိပ်ကို ဘယ်လိုဖန်တီးပေးနိုင်သလဲ ဆိုတာကိုပဲ ကျွန်တော်တို့ အဓိကထားပါတယ်လို့  ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် QS World University Ranking ကနေ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များစာရင်းကို ဆယ်နှစ် ဆက် တိုက် ပြုစုဖော်ပြလာခဲ့တဲ့အတွက် နိုင်ငံတကာတက္ကသိုလ်တွေဟာ ကိုယ့်တက္ကသိုလ်အဆင့်အတန်းကို ထိန်းသိမ်း ထားဖို့  ပိုပြီးဂရုတစိုက်ရှိလာခဲ့တဲ့အတွက် ကျောင်းသူကျောင်းသားတွေအတွက် ပိုပြီးအကျိုးရှိလာပါ တယ်။ ကမ္ဘာ ပေါ်က တက္ကသိုလ်ပေါင်း ၆-သောင်းကျော်ရှိရာမှာ အကောင်းဆုံးတက္ကသိုလ် ၁၀၀ စာရင်းထဲ ပါသွားရင်ကိုပဲ အတိုင်း ထက်အလွန် ၀မ်းသာဖို့ ကောင်းနေပါပြီ။

တစ်ချို့ နိုင်ငံတွေကလည်း ကျောင်းသားတစ်ယောက်ဟာ ဘယ်လိုတက္ကသိုလ်ကဘွဲ့ ကိုရထားတယ်ဆိုတဲ့အပေါ် မူတည်ပြီး သူ့ ရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို ခွဲခြားသတ်မှတ်ပေးတာမျိုး ရှိပါတယ်။ ဒိန်းမတ်နိုင်ငံမှာဆိုရင် အဆင့်ပိုမြင့် တဲ့ တက္ကသိုလ်က ဘွဲ့ ရထားတဲ့လူငယ်တွေကို ပြည်ဝင်ခွင့်လွယ်လင့်တကူပေးသလို နေထိုင်ခွင့်ကာလကိုလည်း တိုး ပေးထားလေ့ ရှိပါတယ်။

QS World University Ranking ကနေ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၁၀)ခု အမည်စာရင်းကို အကောင်းဆုံးကနေ အစဉ်အတိုင်း ဖော်ပြရမယ်ဆိုရင် မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT) အင်ပီရီယယ်ကောလိပ်လန်ဒန်၊ ကိန်းဘရစ်တက္ကသိုလ်၊ ဟားဗတ်တက္ကသိုလ်၊ ယူနီဗာစီတီကောလိပ် လန်ဒန်၊ အောက်စဖို့ တက္ကသိုလ်၊ စတင်းဖို့ တက္ကသိုလ်၊ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ် (CalTech) ပရင့်စတန်နဲ့  ယေးလ်တက္ကသိုလ်တို့ ဖြစ်ပါတယ်။

တစ်ချိန်က ထိပ်ပြေးနေခဲ့တဲ့ ကိန်းဘရစ်၊ အောက်စဖို့ နဲ့  ယေးလ်တက္ကသိုလ်တို့ ဟာ အခုအချိန်မှာ နံပါတ်တစ် မဟုတ် တော့တာဟာလည်း ဂရုပြုမှတ်သားစရာပါပဲ။ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့  ကမ္ဘာ့အဆင့်မှီ ပညာရေး လမ်း ကြောင်းကိုလျှောက်မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေအကြောင်း တစေ့တစောင်း သိထားဖို့ ကောင်း တဲ့အတွက် အခုလို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...