ထိပ်ဆုံးအထိ တက်လှမ်းနိုင်မယ့် စွမ်းရည်နှစ်မျိုး - ဆရာသုတ



တစ်ခါက စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဟာ အလုပ်ကြိုးစားပြီး တော်ရုံတန်ရုံ အလုပ်တွေကို မျက်နှာလွှဲ လို့ရတဲ့ ၀န်ထမ်းငယ် သုံးယောက် နေရေးထိုင်ရေး အခက်အခဲဖြစ်နေတာကို သိရတဲ့အတွက် ဆင်ခြေဖုံး ရပ်ကွက်သုံးခုမှာ အိမ်ကလေး တစ်လုံးစီဝယ်ပြီး အဲဒီဝန်ထမ်းငယ် သုံးယောက်ကို နေစေပါသတဲ့။ 

ဝန်ထမ်းငယ် ၃ယောက်လည်း အိမ်လခ ပေးစရာ မလိုဘဲ နေစရာ ရပြီမို့ နယ်ကသူတို့မိသားစုတွေကို အသီးသီး ပြန်ခေါ်ပြီး အဲဒီအိမ်ကလေးတွေမှာ နေကြတယ်။ အဲဒီမှာ ပထမ၀န်ထမ်းငယ်က အလုပ်ထဲမှာ အရင်အတိုင်းပဲ ပုံမှန်လုပ်တယ်။ နေစရာရလို့ လုပ်ငန်းရှင် အပေါ် ကျေးဇူးတင်ပေမယ့် ထူးထူးခြားခြား ကျေးဇူးကြီးတယ်လို့တော့ မထင်ဘူး။ “ငါ အလုပ်ကြိုးစားလို့၊ သူမျက်နှာလွှဲရလို့ ဒီအိမ်ကလေးကို ၀ယ်ပြီး နေခိုင်းတာဖြစ်မယ်၊ သူ့ဆီမှာ မလုပ်ဘဲ အခြားမှာ လုပ်ရင်လည်း ဒီလိုကြိုးစားရင် နေစရာတစ်ခုတော့ ရမှာပဲ” လို့ တွေးတယ်။ အိမ်ကလေး ကိုလည်း သူပိုင်အိမ်လို့ သဘောမထားဘူး။ လုပ်ငန်းရှင်ပိုင်တဲ့ အိမ်မို့ “ဆင်းခိုင်းရင် အချိန်မရွေးဆင်းရမှာ” လို့ အမြဲစဉ်းစားပြီး ကိုယ်ပိုင်အိမ် ၀ယ်နိုင်အောင် ငွေစုတယ်။

ဒုတိယ ၀န်ထမ်းငယ်ကတော့ “ဒီအလုပ်ရှင်ဟာ ငါ့ကို တူလိုသားလို ချစ်ခင်ပုံရတယ်၊ ဒီခေတ်ကြီးမှာ အမျိုး မတော်ဘဲ ဘယ်သူက နေစရာ အိမ် ၀ယ်ပေးမှာလဲ” လို့ တွေးတယ်။ အလုပ်ထဲမှာလည်း အရင်လို မကြိုး စားဘဲ ပိုင်ရှင်ရဲ့ လူယုံ၊ လက်ရင်းတပည့်လို့ သူ့ကိုယ်သူ သတ်မှတ်ပြီး တန်းတူတွေကို သြဇာပေးတာ တွေ၊ ကြီးသူတွေ စကားနားမထောင်တာတွေ၊ စည်းကမ်း ပျက်တာတွေ ဖြစ်လာတယ်။ အိမ်ကလေးကို လည်း တစ်နေ့မှာလုပ်ငန်းရှင်က သူ့ကို အပိုင်ပေးမှာပဲလို့ ယုံကြည်ပြီး သူ့ကိုယ်ပိုင်အိမ်လို သဘောထား တယ်။ နေ့စဉ်နဲ့အမျှ ဂရုတစိုက် ပြုပြင်ထိန်းသိမ်းပြီး သာသာယာယာနဲ့ နေချင် စဖွယ်ဖြစ်အောင် လုပ်ထား တယ်။ အလုပ်ရှင်အပါအ၀င် ဘယ်သူနဲ့မဆို စကားပြောရင်လည်း အဲဒီအိမ်ဟာ သူ့ကိုယ်ပိုင်အိမ်လိုမျိုး ပြောလေ့ရှိတယ်။ အဲဒါတင်မက လုပ်ငန်းရှင်ကိုလည်း ဆွေမျိုးရင်းချာလိုသဘောထားပြီး သူ့ပြဿနာတွေကို သွားပြောလေ့ရှိတယ်။ ချဲထိုးလို့၊ ဘောလုံးပွဲလောင်းလို့ စသည်ဖြင့် ကြွေးတင် နေရင်လည်း လုပ်ငန်းရှင် ကို “လခကြိုထုတ်ချင်တယ်” တို့၊ “အကြွေးဆပ် ပေးပါဦး” တို့ သွားအပူကပ်တတ်တယ်။ အိမ်ကလေးမှာ နေ ရပြီးတဲ့နောက် အလုပ်ရှင်ဆီက လစာတိုးတောင်းတယ်၊ သီတင်းကျွတ်တို့၊ သင်္ကြန်တို့ အချိန်တွေမှာ ဘောနပ်စ်များများ ပေးဖို့တောင်းတယ်။ အလုပ်ကိုတော့ အရင်ကလောက် မလုပ်တော့ဘူး၊ ခိုတယ်၊ ကပ်တယ်၊ လျှော့ လုပ်တယ်။

တတိယ ၀န်ထမ်းငယ်ကတော့ အလုပ်ရှင်ကြောင့် သူတို့ မိသားတစ်စု တစ်စုတစ်စည်းတည်း နေလို့ရ သွားပြီဆိုပြီး အိမ်ကလေးမှာ ပေးနေတဲ့ အတွက် အလုပ်ရှင်ကို အရမ်းကျေးဇူးတင်တယ်။ အလုပ်ထဲမှာ လုပ်ငန်းရှင်က ခိုင်းသည်ဖြစ်စေ၊ မခိုင်းသည်ဖြစ်စေ အလုပ်တွေကို နေ့ရော၊ ညရော၊ အလုပ် ချိန်အတွင်း ရော၊ အလုပ်ချိန်ပြင်ပရော အားတက်သရော စေတနာပါပါနဲ့ လုပ်တယ်။ အလုပ်များတဲ့အခါ အချိန်ပိုဆင်း ရလို့ အလုပ်ရှင်က အများနည်းတူ အချိန်ပိုလုပ်အားခ ထပ်ဆောင်းပေးတဲ့ အခါ အဲဒီတတိယ ၀န်ထမ်း ငယ်က မယူချင်ဘူး။ နေစရာ အခက်အခဲ ဖြစ်နေချိန်မှာ အိမ်လခမယူဘဲ ပေးနေ ထားတဲ့ ကျေးဇူးရှင်ဆီက အိုဗာတိုင်ကြေးထပ်ယူရင် ကျေးဇူးမသိတတ်ရာ ကျလိမ့်မယ်လို့ သဘောထားတယ်။ အဲဒီအိမ်ကလေးကို လည်း တစ်နေ့မှာ လုပ်ငန်းရှင်က အပိုင်ပေးလိမ့်မယ်လို့ မတွေးဘူး။ အလုပ်ရှင်က နေစရာပေး တဲ့အ တွက် သူ့ဘက်က တန်ရာတန်ကြေးပြန်မပေးဘဲ အလိုက်မသိ နေတာမျိုး မဖြစ်ရအောင် ကြိုးစားတာပဲရှိ တယ်။

အခုလို အလုပ်ပြောင်းရ လွယ်ကူလာတဲ့ ခေတ်မှာ အလုပ်ရှာနေတဲ့ လူငယ်တွေ၊ အလုပ်ရခါစ လူငယ် တွေ၊ အလုပ်ပြောင်းဖို့ စဉ်းစားနေတဲ့ လူငယ်တွေ၊ အလုပ်ပြောင်းပြီးစ လူငယ်တွေ အနေနဲ့ ကိုယ့်ရဲ့ အခက်အခဲတွေကို အထိုက်အလျောက် ပြေလည်အောင် အကူအညီပေးတဲ့ အလုပ်ရှင်ကောင်းတွေကို တစ်ခါမဟုတ် တစ်ခါ တွေ့ရတတ်ပါတယ်။ နေ စရာပေးတာ တစ်ခုတည်း မဟုတ်ပါဘူး။ ကျွမ်းကျင်မှု အမျိုးမျိုးကို သင်ပေးတာ၊ ကိုယ်ဘာမှ မသိသေးတဲ့ နယ်ပယ်မှာ အသက်မွေးဝမ်း ကျောင်းပြုနိုင်လောက် အောင် အသိပညာရသွားမယ့် အခွင့်အလမ်းတွေ ကိုပေးတာ၊ သူ့အလုပ်ကို လုပ်ရင်း အဆက်အသွယ် တွေ၊ မိတ်ဆွေတွေ ရသွားတာ၊ လူသိများ နာမည်ကြီးလာတာ စသည်ဖြင့် အလုပ်ရှင်ကောင်း တစ် ယောက်ဆီက ရနိုင်တာတွေ အများကြီးပါပဲ။ အဲဒီအခါ ကိုယ့်ဘက်က ပထမ၊ ဒုတိယ၊ တတိယ ၀န်ထမ်း ငယ် သုံးယောက်ရှိတဲ့ထဲက ဘယ်သူ့ ပုံစံမျိုး တုံ့ပြန်ခဲ့သလဲ၊ တုံ့ပြန်မှာလဲ၊ တုံ့ပြန်သင့်သလဲ စဉ်းစားသင့် ပါတယ်။

အလုပ်ဝင်ခါစမှာ အတွေ့အကြုံ နုသေးလို့ တွေ့ရတဲ့ အလုပ်ရှင်က ကောင်းနေတာကို ကောင်းမှန်းမသိဘဲ ဒုတိယ၀န်ထမ်းငယ်လို နွဲ့ဆိုး မဆိုးမိဖို့ လိုတယ်လို့ ထင်ပါတယ်။ အလုပ်ရှင်တွေက ပုထုဇဉ်တွေသာ ဖြစ် ပါတယ်။ အမျက်ဒေါသ ကင်းစင်ပြီး အစဉ်ထာဝရ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ် တရားလေးပါးကိုပွားများနေကြတဲ့ သူတော်စင်တွေ မဟုတ်ပါဘူး။ ဆိုလိုတာက ဘယ်လောက်ပဲ ချမ်းသာ တဲ့သူဖြစ်ဖြစ် သူ့ဘက်က ပေးရတာနဲ့ ထိုက်တန်တာ တစ်ခုခုတန်ရာ တန်ကြေး ပြန်မရဘူးလို့ ထင်ရင် နောက်ထပ်ပေးချင်စိတ် ရှိတော့မှာ မဟုတ်ပါဘူး။ ပေးချင်သေးရင်လည်း အရင်ကလောက်တော့ စိတ် ထက် သန်တော့မှာ မဟုတ်ပါဘူး။ ဒါကို ကပ်စေးနဲတယ်၊ ဆင်းရဲနွမ်းပါးသူ အပေါ် ကိုယ်ချင်းမစာဘူးလို့ မဆိုနိုင် ပါဘူး။ တကယ်တော့ အလုပ်ရှင်အပါအ၀င် သူတစ်ပါးဆီက အကူအညီ ပံ့ပိုးမှုနဲ့ အခွင့်အလမ်း တွေကို ရလိမ့်မယ်လို့ မျှော်လင့်မထားဘဲ ကိုယ့်အား ကိုယ်ကိုး ကြိုးစားတာကသာ အကောင်းဆုံးပါ။ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ အကြောင်းတိုက်ဆိုင်လို့ အကူအညီ ပံ့ပိုးမှုနဲ့ အခွင့်အလမ်းတွေ ရလာ ခဲ့ရင်တော့ အဲဒီလို အကူအညီပံ့ပိုးမှုနဲ့ အခွင့်အလမ်းတွေ ပေးတဲ့သူ မည်သူမဆိုကို ပေးတဲ့ ပမာဏနည်း သည်ဖြစ်စေ များသည်ဖြစ်စေ လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင် ပြီး အဲဒီကျေးဇူးကို အမြဲသတိတရရှိ ရုံတင် မက ပြည့်ပြည့် ၀၀ တုံ့ပြန်ဖို့ အားတက်သရော လုပ်သင့်ပါတယ်။ ဆိုလိုတာက ပထမ၀န် ထမ်းငယ်လို ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်မွေးမြူပြီး တတိယ၀န်ထမ်းငယ်လို သူတစ်ပါးကျေးဇူး အထူးသိတတ်ဖို့ ဖြစ် ပါတယ်။ ကိုယ့်အားကိုယ်ကိုးခြင်းနဲ့ သူတစ်ပါးကျေးဇူးကို အစဉ်အောက်မေ့ပြီး တုံ့ပြန်တတ်ခြင်း ဒီနှစ်ခုကို အထင်မသေးပါနဲ့။ ဒီနှစ်ခုတည်းနဲ့တင် ဘယ်လုပ်ငန်း နယ်ပယ်မှာမဆို ထိပ်ဆုံးကို ရောက်ဖို့ လမ်းပွင့်လာ ရုံတင်မက ထိပ်ဆုံးအထိ တက်လှမ်း နိုင်တဲ့ စွမ်းရည် သတ္တိတွေလည်း ရှိလာမှာ ဖြစ်ပါတယ်။


ဆရာသုတ

JOB Seekers Journal vol.2,no.48 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...