လုပ်အားခတွေ တိုးမြှင့်ပေးဖို့

မြန်မာနိုင်ငံအတွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်တဲ့ နိုင်ငံခြားသားပိုင် စီးပွားရေး လုပ်ငန်းတွေ တည်ရှိလာတာ နှစ်ပေါင်း မနည်းတော့ပါ။ စစချင်း လာရောက် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေထဲမှာ အထည်ချုပ် လုပ်ငန်းက ထိပ်ဆုံးက ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ တခြားသော ကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းများလည်း တိုးလာခဲ့ပါတယ်။ အဲသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသီးသီးမှာ လုပ်ကိုင်နေတာ မြန်မာနိုင်ငံသားတွေပါ။ မြန်မာနိုင်ငံမှာ လာလုပ်တယ် ဆိုတော့ မြန်မာနိုင်ငံသား လုပ်သားတွေကို အလုပ်ခန့်ရတာ သဘာဝပါ။ လူတွေ အလုပ်ရတယ်ဆိုတော့ တစ်ဖက်က ကြည့်ရင်လည်း ၀မ်းသာစရာလို့ ပြောနိုင်တာပေါ့။

ဒါပေမဲ့ အခုထက်ထိ မြန်မာနိုင်ငံသား လုပ်သားတွေရဲ့ နေ့စဉ်လုပ်အားခဟာ အလွန်နိမ့်ကျဆဲဖြစ် ပါတယ်။ ရတဲ့လုပ်အားခဟာ နေ့စဉ်စားသောက်ရေး၊ ခရီးစရိတ်စတာတွေအပေါ်မှာ ပြန်သုံးစွဲရတော့ လောက်ငတယ်လို့ ဘယ်လိုမှပြောမရပါ။ ဖျားနာလို့ ဆေးကုမယ်ဆိုရင် ဆေးဖိုးတောင် အနိုင်နိုင်ဖြစ်ရ ပါတယ်။ မသေရုံတမယ် နေထိုင်စားသောက်ရတဲ့ ဘ၀လို့သာ ဆိုနိုင်ပါတယ်။ ဒီိလိုအခြေအနေမျိုးမှာ လုပ်သားတွေဟာ ဘယ်လိုလုပ်ပြီး အိုစာမင်းစာအတွက် စုဆောင်းနိုင်ပါမလဲ။ အိုမင်းမစွမ်းဖြစ်လာရင် ဘ၀ရပ်တည်ရေးအတွက် ဘယ်သူကကူညီမှာလဲ။ အလုပ်သမားတို့ ရှေ့ရေးဟာ မတွေးဝံ့စရာပါ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုင်ရှင်တွေ မြန်မာလုပ်သားတွေကို ထိုက်ထိုက်တန်တန် လုပ်အားခပေးအောင် ဘာကြောင့် မြန်မာအစိုးရက မဆောင်ရွက်ပေးနိုင်တာလဲ။ ကိုယ့်နိုင်ငံသား လုပ်သားတွေ ၀င်ငွေနိမ့်ကျ နေတာဟာ တစ်ဖက်မှာ ဘောဂဗေဒအမြင်နဲ့ ပြန်ကြည့်ရင် နိုင်ငံရဲ့ဝင်ငွေနိမ့်ကျစေတယ်ဆိုတဲ့ သဘော ပါပဲ။ ကိုယ့်လုပ်သားလည်း နစ်နာသလို နိုင်ငံတော်အတွက်လည်း နစ်နာပါတယ်။

တစ်ချိန်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ အာဏာရှင်ဆူဟာတိုလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ အာဏာပိုင်တွေအကြား ဘယ်လိုလက်ဝါးရိုက်ပြီး အင်ဒိုနီးရှားအလုပ်သမားတွေအပေါ်မှာ ရက်ရက် စက်စက် ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့သလဲဆိုတာ တင်ပြလိုပါတယ်။

၁၉၉၈ခုနှစ်မှာ ဗိုလ်ချုပ်ဟောင်းဖြစ်သူ အာဏာရှင်သမ္မတကြီး ဆူဟာတိုဟာ တိုင်းသူပြည်သားတွေရဲ့ အုံကြွလာတဲ့ ဖိအားများကြောင့် သူ့ရာထူးကနေ နုတ်ထွက်လိုက်ရပါတယ်။ သူမထွက်ခင် တစ်နှစ်လောက် အလိုမှာ ပြုစုထားတဲ့ စာရင်းဇယားများအရ အင်ဒိုနီးရှားနိုင်ငံသား သန်းပေါင်း ၇၀ ကျော်ဟာ နိုင်ငံတကာ စံချိန်အရ ဆင်းရဲတယ်လို့ သတ်မှတ်ထားတဲ့ အဆင့်ရဲ့အောက်မှာ နေထိုင်ကြရပါတယ်။ ဘိုလိုပြောရ ရင်တော့ စူပါဆင်းရဲသားတွေလို့ ဆိုရမှာပါ။ ဆူဟာတိုဟာ အာဏာရှင်အဖြစ် သူ့နိုင်ငံကို နှစ်ပေါင်း ၃၀ နီးပါး အုပ်ချုပ်ခဲ့သူပါ။ သူနုတ်ထွက်သွားတဲ့အချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံခြားကြွေးမြီးတွေ ပတ်လည်ဝိုင်းပြီး ကျန်ရစ်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံလောက် အကြွေးတင်ပြီး ကျန်ရစ်ခဲ့တာပါ။ အဲဒီအကြွေးတွေထဲမှာ ကမ္ဘာ့ဘဏ်ကို ပေးရမယ့်အကြွေးတွေက အများစုဖြစ်နေပါတယ်။

အဲသလို နိုင်ငံသားတွေမွဲတေပြီး နိုင်ငံတော်လည်း အကြွေးတွေတင်နေပေမယ့် ဂျကာတာမြို့တော်ကြီး ကတော့ မိုးပျံတိုက်တွေ၊ စက်ရုံတွေနဲ့ နိုင်ငံတကာစံချိန်မီခံ့ထည်နေပါတယ်။ ဂျကာတာမြို့တော်ကြီးကို အပြင်ကနေ ပတ်ပတ်လည်ဝိုင်းထားတာတွေကတော့ နိုင်ငံခြားပို့ကုန်တွေ ထုတ်လုပ်တဲ့ နိုင်ငံခြား ကုမ္ပဏီများ ပိုင်ဆိုင်တဲ့ စက်ရုံကြီးများ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် လန်ဒန်၊ နယူးယောက်အပါအ၀င် အနောက်နိုင်ငံများက အဖိုးတန်အ၀တ်အစား အသုံးအဆောင်ရောင်းချနေတဲ့ ကုန်တိုက်ကြီးတွေက ပစ္စည်းတွေဟာ အင်ဒိုနီးရှား အပါအ၀င် တခြားသော ဆင်းရဲတဲ့နိုင်ငံတွေကနေ ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ဥပမာပြောရင် ဂက်ပ်၊ နိုက်ကီ၊ အက်ဒီးဒက်စ်၊ ရီးဘော့ အစရှိတဲ့ တံဆိပ်တွေ ကပ်ထားတဲ့ လမ်းလျှောက်အားကစားဖိနပ်တွေဟာ အင်ဒိုနီးရှားနိုင်ငံမှာ အခြေစိုက်တဲ့ စက်ရုံများက ထုတ်လုပ်လိုက် တာဖြစ်ပါတယ်။ လန်ဒန်မြို့လယ်က ကုန်တိုက်ကြီးတွေမှာ အဲဒီတံဆိပ်ကပ်ထားတဲ့ ဖိနပ်တစ်ရန်ဟာ အင်္ဂလန်ပေါင် ငွေ ၁၀၀ လောက်နဲ့ ရောင်းချပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၁၆၀ လောက် ရှိပါတယ်။

ဒါပေမဲ့ အဲဒီစက်ရုံများမှာ အလုပ်လုပ်နေရတဲ့ အင်ဒိုနီးရှားလုပ်သားတွေရဲ့ တစ်နေ့လုပ်အားခကတော့ အမေရိကန်တစ်ဒေါ်လာသာ ရပါတယ်။ အဲဒီလုပ်အားခဈေးနှုန်းဟာ အင်ဒိုနီးရှားအစိုးရ သတ်မှတ်ပေး ထားတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအစိုးရဟာ ဘာဖြစ်လို့ ကိုယ့်နိုင်ငံသား လုပ်သားတွေ ထိုက်တန်တဲ့ လုပ်အားခရအောင် ဆောင်ရွက်မပေးတာလဲဆိုတာကလည်း မေးစရာဖြစ်ပါတယ်။

လုပ်အားခနည်းရတဲ့အပြင် စက်ရုံအတွင်း အလုပ်ခွင်အတွင်း အခြေအနေကလည်း သိပ်မကောင်းလှပါ။ အင်္ဂလန်နဲ့ အမေရိကန်ကို တင်ပို့တဲ့ ဂက်ပ်တံဆိပ်ပါရှိတဲ့ အ၀တ်အစားချုပ်တဲ့ စက်ရုံတစ်ခုမှာဆိုရင် အလုပ်သမား ဦးရေတစ်ထောင်ကျော်ရှိပါတယ်။ လုပ်သားအများစုဟာ အမျိုးသမီးတွေလည်း ဖြစ်ပါတယ်။ စက်ရုံထဲမှာ အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်လောက် ရှိပါတယ်။ အလုပ်သမားတွေအတွက် အတော်ကို ပူတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ စက်ရုံပိုင်ရှင် ထိုင်ဝမ်လူမျိုးနဲ့ မန်နေဂျာတို့ရဲ့ ရုံးခန်းများမှာတော့ လေအေးပေးစက် တပ်ဆင်ထားပါတယ်။ အပ်ထည်တွေကျတဲ့အချိန်မျိုးဆိုရင် လုပ်သားတွေဟာ ၃၆ နာရီ ဆက်တိုက်အလုပ်လုပ်ရပါတယ်။ ကြားထဲမှာနားချိန်က ရှိတယ်ဆိုပေမယ့် နည်းပါတယ်။ ဆိုလိုတာ ကတော့ အထည်အော်ဒါကျရင်ကျသလို အိမ်ပြန်ခွင့်မရှိဘဲ အလုပ်ကိုလုပ်ရပါတယ်။ ဒါက စက်ရုံက သတ်မှတ်ထားတဲ့ ပေါ်လစီပါ။ ဂက်ပ်ကုမ္ပဏီဌာနချုပ်ရုံးကတော့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ အခြေစိုက်ပါတယ်။

မီဒီယာတွေက ဒီသတင်းတွေကြားလို့ လျှို့ဝှက်ပြီး အလုပ်သမားအချို့ကို အင်တာဗျူးပါတယ်။ အလုပ်ချိန် အတွင်း အိမ်သာတက်ခွင့်ရဖို့ဆိုတာ အတော်ကံကောင်းမှ ရတယ်လို့ဆိုပါတယ်။ ဆီးသွားချင်လို့ မအောင့်နိုင်ဘူးဆိုရင် ကိုယ့်ဘောင်းဘီထဲ သွားလိုက်ဖို့သာရှိတယ်လို့ ပြောပါတယ်။ လူမှုဆက်ဆံရေး မှာလည်း အလုပ်သမားတွေကို နှိမ့်ချဆက်ဆံတယ်လို့ ဆိုပါတယ်။ နောက်အလုပ်ခွင်အတွင်းမှာ အလုပ်သမားချင်း စကားစမြည်ပြောတာကို ခွင့်မပြုပါဘူး။ အလုပ်သမားတွေရဲ့ အပြောအရ ဂက်ပ် ကုမ္ပဏီက နိုင်ငံခြားသားအချို့ စက်ရုံကို လာရောက်စစ်ဆေးတဲ့အခါမျိုးမှာ အလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးတွေရရဲ့လား၊ အဆင်ပြေရဲ့လားဆိုတာကို ဂရုမစိုက်ပါဘူးတဲ့။ သူတို့ဂရုစိုက်တာက ချုပ်ထားတဲ့အထည်တွေ၊ အရည်အသွေးအဆင့်အတန်းမီပြီး များများထုတ်လုပ်ဖို့သာ ဂရုစိုက်တယ်လို့ အလုပ်သမားတွေက ရှင်းပြပါတယ်။

ဒါ့အပြင် စက်ရုံက ဆောက်ပေးထားတဲ့ အလုပ်သမားတန်းလျားမှာ နေထိုင်တဲ့ အလုပ်သမားတွေဟာ ဖြစ်သလို ဆောက်ထားတဲ့ အခန်းလေးတွေမှာ နေရပါတယ်။ နေ့စဉ်ရတဲ့ဝင်ငွေက နည်းရတဲ့အထဲ ငွေကိုလည်း စုချင်သေးတော့ အလုပ်သမားတွေဟာ ဖြစ်သလို စားသောက်ရပါတယ်။ အဲဒါကြောင့် အာဟာရချို့တဲ့တဲ့ ပြဿနာကိုပါ ရင်ဆိုင်ရပါတယ်။ ဒါကြောင့် ဂလိုဘယ်လိုက်ဇေးရှင်း လို့ခေါ်တဲ့ ကမ္ဘာ့ရွာ ဖြစ်စဉ်ဟာ အဆင့်သင့်ဖြစ်သူများအတွက် ပိုတိုးတက်လာတယ်ဆိုပေမယ့် အင်ဒိုနီးရှားလုပ်သားများလို အဆင်သင့်မဖြစ်သေးသူတွေကတော့ စားရေးသောက်ရေးမှာပဲ တ၀ဲလည်လည်နဲ့ ရုန်းကန်နေရပါတယ်။

အလုပ်သမားတန်းလျားတွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆောက်ပေးထားတာမဟုတ်တော့ ခြင်ကိုက်ရာကနေ အလုပ်သမားတွေ သွေးလွန်တုပ်ကွေးဖြစ်တာ များပြားပါတယ်။ အလုပ်သမား တန်းလျားမှာ မိဘတွေနဲ့ အတူနေတဲ့ ကလေးများဆိုရင် သေတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီအင်ဒိုနီးရှား စက်ရုံလုပ်သားတွေဟာ မူလက တောနယ်တွေမှာ စိုက်ပျိုးရေးနဲ့ အသက်မွေးတဲ့ လယ်သမားတွေ၊ တောင်သူတွေပါ။ စိုက်ပျိုးရေးလုပ်ငန်းမှာ အစိုးရပေးတဲ့ စိုက်ပျိုးစရိတ်ချေးငွေက ကမ္ဘာ့ဘဏ်က ချေးထားတဲ့ ငွေတွေဖြစ်ပါတယ်။ အဲဒါကြောင့် ကမ္ဘာ့ဘဏ်က ချမှတ်ပေးတဲ့ ပေါ်လစီအတိုင်း ခိုင်းတဲ့သီးနှံ ကိုသာ စိုက်ပျိုးရပါတယ်။ လယ်သမားတွေ စိုက်ချင်တဲ့သီးနှံ စိုက်ခွင့်မရပါဘူး။ အဲသလို လုပ်ရင်းကိုင်ရင်းနဲ့ စိုက်ပျိုးရေးကနေ ဘ၀ဖူလုံမှုမရှိတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို စိတ်ကုန်ပြီး လယ်ကွင်းတွေကို စွန့်ခွာလာသူတွေ ဖြစ်ခဲ့ပါတယ်။ မြို့မှာ စက်ရုံလုပ်သားဖြစ်လာတော့ ဘ၀ကဖူလုံသလားဆိုတော့လည်း အဆင်မပြေလှပါ။ ဘ၀တွေက မဲပြာပုဆိုးပဲဖြစ်ရပြန်ပါတယ်။ ကမ္ဘာ့ဘဏ်က ချမှတ်ပေးတဲ့ ဘာသီးနှံပဲ စိုက်ရမယ်ဆိုတဲ့ပေါ်လစီကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍဟာ အကျပ်အတည်း တွေ့လာရပါတယ်။ တစ်သီးပုဂ္ဂလ လယ်သမားနည်းနည်းလာပြီး ငွေရှင်ကြေးရှင်တွေ ပိုင်ဆိုင်တဲ့ ကန်ထရိုက် လယ်ယာ လုပ်ငန်းတွေ ဖြစ်လာနေပါတယ်။ ငွေရှင်တွေက အချိန်တိုတိုအတွင်းမှာ ပိုပိုပြီးချမ်းသာချင်တာကြောင့် လိုက်နာရမယ့် ကျင့်ဝတ်တွေကို မလိုက်နာတော့ နောက်ဆုံးမှာ တကယ်နစ်နာသူတွေဟာ အရင်းမရှိတဲ့၊ နည်းပညာမပိုင်ဆိုင်တဲ့ ဆင်းရဲနွမ်းပါးသူများသာ ဖြစ်ရပါတော့တယ်။

စက်ရုံလုပ်သားတွေ နေ့စဉ်လုပ်အားခနည်းပါးရတာကို ပြန်သွားပါမယ်။ ကိုယ့်နိုင်ငံသားတွေ လုပ်အားခ ထိုက်သင့်သလောက် မရရှိအောင် လုပ်နေသူတွေကတော့ အာဏာပိုင်တွေကိုယ်တိုင် ဖြစ်ပါတယ်။ အာဏာပိုင်တွေက လမ်းခုလတ်မှာ ဖြတ်စားထားလို့ ဖြစ်ပါတယ်။ အာဏာပိုင်တွေက နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူတွေနဲ့ လက်ဝါးရိုက်ပြီး အကြီးအကျယ် လာဘ်စားထားလို့ ဖြစ်ရတာပါ။ ကုမ္ပဏီတွေကလည်း သူတို့အကျိုးအမြတ်ရနေတဲ့ ကိစ္စတွေဖြစ်တော့ အလုပ်သမားတွေ နစ်နာနေမှန်း သိပေမယ့် အသာလေး ငြိမ်နေပါ တယ်။ အင်ဒိုနီးရှားလုပ်သားတွေဘက်က ပြန်ကြည့်ပြန်တော့လည်း တောကတက်လာပြီး ဒီလောက်လေး ၀င်ငွေရလာနေတာကိုက သူများထက်ကံထူးလို့ရတာလို့ အောက်မေ့ရပါတော့တယ်။ ရွေးစရာလမ်း မရှိလို့ဖြစ်ရတာပါ။ အခုမြန်မာနိုင်ငံရဲ့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက တစ်နေ့ဝင်ငွေ ကျပ်နှစ်ထောင်ရှိရင် စားဝတ်နေရေးဖူလုံတယ်လို့ တစ်လောက ပြောပါတယ်။ တောနယ်မှာ ကိုယ့်တဲ ကလေးထဲကိုယ်နေ၊ ခြံစည်းရိုးမှာ ပေါက်နေတဲ့ သီးပင်စားပင်တွေက သင့်နိုးရာရာလေး ခူးဆွတ်ပြီး ချက်ပြုတ်၊ လိုင်းကားခ အသွားအပြန်လည်း ပေးစရာမလိုတဲ့ အခြေအနေမျိုးဆိုရင်တော့ ဒုသမ္မတပြောတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါတောင် နေမကောင်းလို့ ဆေးကုရမယ်။ ကလေး ပညာရေးနဲ့ တခြားသော လူမှုရေးကိစ္စတွေအတွက် ကုန်စရာများရှိလာရင် တောမှာလည်း တစ်နေ့ ကျပ်နှစ်ထောင်နဲ့ မလောက်ပါ။ မြို့ပေါ်က စက်ရုံလုပ်သားများကတော့ ပိုဆိုးပါတယ်။ ဒုသမ္မတက ဘယ်လိုသုတေသနလုပ်ထားလို့ ကျပ်နှစ်ထောင်နဲ့ တစ်နေ့စားလောက်တယ်လို့ ပြောတာလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအဖွဲ့က ပြောတာကို ဒုသမ္မတက တစ်ဆင့်ပြန်ပြောတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဧည့်သည်ကိုအားနာလို့ ဒါမှမဟုတ် မပြောရဲလို့ ကိုယ့်ကလေး ကိုယ်ဖိရိုက်နေတဲ့မိဘမျိုး မဖြစ်ဖို့လိုပါတယ်။ အစိုးရခေါင်းဆောင်များအနေနဲ့ နိုင်ငံခြားသားပိုင်စက်ရုံတွေ၊ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ ကိုယ့်ရဲ့ နိုင်ငံသားတွေ ထိုက်တန်တဲ့ လုပ်အားခရဖို့ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ပြောလိုပါကြောင်း။ ။


7Day Daily
အတွဲ (၁၃)၊ အမှတ်(၁၉)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...