လူငယ်များအား စာဖတ်သော အလေ့အကျင့် ပျိုးထောင်ပေးကြပါစို့

Written by အောင်ကြည်ညွန့် (တက္ကသိုလ်)
မိမိ၏ မွေးရပ်မြေ ဖျာပုံမြို့နယ် ကနိစံပြ ကျေးရွာသို့ ယခင်လက အမှတ်မထင် ရောက်ခဲ့ပါ သည်။ ပထမ ကိစ္စမှာ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က အဘိုးတည်ဆောက် လှူဒါန်းခဲ့သော ဥပုသ်ဇရပ်ကြီး ပြုပြင် မွမ်းမံလှူဒါန်း မှုအတွက် ရေစက်ချရန်နှင့် ဒုတိယကိစ္စမှာ ကျေးရွာ စာကြည့်တိုက် အတွက် စာအုပ်များ လှူဒါန်းရန် ဖြစ်ပါသည်။

မိမိတို့ရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသော စံပြရွာကြီး တစ်ရွာဖြစ်ပါသည်။ မဟာဘုံစံကျောင်း ပထမ ဆရာတော်ကြီး၏ အမြော်အမြင် ကြီးမား မှုကြောင့် ၁၉၃၆ ခုနှစ်ကပင် ကျေးရွာ မီးလင်းရေး အတွက် အင်ဂျင်စက်ဝ ယ်လှူဒါန်းခဲ့သည်။ ထိုနှစ်မှာပင် ပိဋကတ်တိုက်ခေါ် စာကြည့်တိုက်ကို ဆရာတော်ကြီးက ဖွင့်လှစ် ထူထောင်ပေးကာ ကျေးရွာလူထုကို မျက်လုံးဖွင့် ပေးခဲ့သည်။

ဆရာတော်ကြီး ဦးစန္ဒောဘာသ လက်ထက်တွင်မူ ကျေးရွာ၌ အလယ်တန်းကျောင်း၊ ပရိဟိတဂေဟာ၊ ပရဟိတဆန်စက်၊ ဆေးပေးခန်း၊ အုတ်တံတိုင်း ခတ်ထားသော သောက်ရေကန်များ၊ ဘောလုံးကွင်း၊ ဘတ်စကတ်ဘောကွင်း စသည်တို့ဖြစ်ထွန်း လာခဲ့ပါသည်။

ဆရာတော်ကြီး ဦးစန္ဒောဘာသသည် ပညာရေးကို အလွန်အားပေးသည်။ ချီးမြှောက်ထောက်ပံ့သည်။ ကျွန်တော်တို့ရွာမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ သစ်တောအရာရှိ၊ တိရစ္ဆာန်ဆေးကုဆရာဝန်၊ ကျောင်းဆ ရာ စသည်ဖြင့်ထွက်ပေါ်ခဲ့သည်။ ရွာမှာ ပညာတတ်ပေါသည်။ ဘွဲ့ရများသည်၊ လူရည်ချွန်ထွက်သည်။

ဆရာတော်ကြီး ဦးစန္ဒောဘာသကို ကျွန်တော်တို့က သတင်းစာများဖတ်ပြရသည်။ ရွာတွင်သတင်းစာ များယူပါသည်။ ရွာသူရွာသားများသည် ဖတ်ရှုရသည်။ ကျွန်တော်ကမူ စာစုံဖတ်ပြရသည်။ မဟာဗုဒ္ဓ ဝင်၊ ဇိနတ္ထပကာသနီကျမ်းစာအုပ်များ ငါ့ရာ့ငါးဆယ် နိပါတ်တော်များဖြစ်သည်။ စာပေဗိမာန်ထုတ် စွယ်စုံကျမ်းနှင့် စွယ်စုံကျမ်း အနှစ်ချုပ်တို့ကိုလည်း အလွတ်မပေးဘဲ ကျွန်တော်ဖတ်ပြရသည်။ ဤသို့ပြု လုပ်စေခြင်းမှာ ကျွန်တော်တို့အား တစ်ဖက်တစ်လမ်းမှ စာဖတ်လေ့၊ စာဖတ်ကျင့်ကို ပျိုးထောင်ပေးခြင်း ပင်ဖြစ်သည်။

မိမိတို့၏ ဘဝပတ်ဝန်းကျင်သည် ရေခံမြေခံကောင်းခဲ့သည်။ စာပေမြတ်နိုးသော၊ စာပေကိုချစ်သော၊ ပညာလိုလားသော ဆရာတော်ကြီးများ၊ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ၊ ကျေးရွာလူကြီးများနှင့် တွေ့ကြုံခဲ့ရသည်။

အလယ်တန်းနှင့် အထက်တန်းရောက်သော အခါတွင်လည်း အတန်းထဲတွင် စာဖတ်ခိုင်းသော ဆရာ၊ ဆရာများနှင့် တွေ့ကြုံခဲ့ရသဖြင့် ကံကောင်းပါသည်။ စာဖတ်ခြင်း အလေ့အကျင့်ကောင်း ရရှိနေပါ သည်။ စာပေကို ချစ်တတ်လာပါသည်။ မြတ်နိုးတန်ဖိုးထား တတ်လာပါသည်။ စာဖတ်ခြင်းဖြင့် အပန်း ဖြေ အနားယူ တတ်လာပါသည်။ စာဖတ်သည့်အလေ့အကျင့် စွဲမြဲလာပါသည်။ ကျောင်းစာနှင့်ပြင်ပစာ၊ ကဗျာတို့ အလွတ်ရသည်။

၁၀ တန်းတက်စဉ်က ဦးပုညဝတ္ထုလေးပုဒ်နှင့် ရေသည်ပြဇာတ်ကို နှုတ်တက် အာဂုံရနေသည်မှာ ယနေ့အထိ တိုင်အောင်ဖြစ်သည်။ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသော စကားကဲ့သို့ကျွန် တော်တို့၏ မြန်မာစာဆရာမှာ စာရေးဆရာကြီး ဒဂုံရှင်သန်းမေဖြစ်သည်။

ဆရာတော်ကြီး ဦးစန္ဒောဘာသနောက် ဆက်ခံသော ဆရာတော်ကြီးမှာ အဂ္ဂမဟာ သန္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ဦးပဏ္ဍိတဖြစ်ပါသည်။ ဆရာတော်ကြီးက မိမိပိုင်မြေနေရာတွင် စာကြည့်တိုက်တစ်ခုဆောက်လုပ်လှူဒါန်းပြီး စာကြည့်တိုက်မှူး တစ်ယောက်ပါ ဌားရမ်းပေးထားပါ သည်။

ဆရာတော်ကြီးက လူကြီးလူငယ်မရွေး စာဖတ်သူများကို အားပေးသည်။ နေ့စဉ်သတင်းစာဖတ်ပြီး တစ်ယောက်တစ်လှည့် သတင်းစာပါ အကြောင်းအရာ၊ ဗဟုသုတများကို ပြန်ပြောစေသည်။ စာစီစာကုံး ပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများဝင်ရောက် ယှဉ်ပြိုင်စေရန် အားပေးသည်။

စာကြည့်တိုက်သို့လည်း လစဉ်ထုတ်မဂ္ဂဇင်း၊ စာစောင်၊ ဂျာနယ်နှင့်သတင်းစာများ လှူဒါန်းပါသည်။ ကျွန်တော်လည်း ကျေးရွာစာကြည့်တိုက်သို့ မိမိပိုင်ပုံနှိပ်စာအုပ် ၃၀၀ ခန့်လှူဒါန်းခဲ့သည်။ ဆရာတော် ၏ ဆန္ဒအရကျေးရွာလူထုကို စာပေရေးရာများ ဟောပြောပေးခဲ့ရသေးသည်။

မိမိကိုယ်တိုင် ကျောင်းဆရာတစ်ယောက် ပညာရေးဝန်ထမ်းသူ ဖြစ်လာသောအခါ မိမိ၏လက်ဦးဆရာ များလမ်းစဉ်ကို လိုက်နာပါသည်။ ကျောင်းသားလူငယ်များ စာပေကို ချစ်မြတ်နိုးစေရန် ကြိုးပမ်းရပါ သည်။ စာဖတ် ဝါသနာပါစေရန် ပြုစုပျိုးထောင်ပေးပါသည်။ တပည့်များကို ရင်ဝယ်သားကဲ့သို့မခြား သင်ကြား ပေးပါသည်။ လေ့ကျင့်ပေးပါသည်။

စာဆိုအကျော် ဆရာတော်ကြီး ရှင်မဟာရဋ္ဌသာရ၏ ပညာရေး ခံယူချက် နည်းစဉ်ဖြစ်သော ‘သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ’ ဟူသော အက္ခရာရှစ်လုံးကို ပန်းသွင်သီကုံးပေး ခဲ့ပါသည်။

ရှေးပညာရှိ၊ ပညာရှင်တို့က- 

‘အမျိုးသားပညာရေးအစ၊
စာသင်ကျောင်းက’
‘အမျိုးသားစည်းကမ်းအစ၊
စာသင်ကျောင်းက’ 

ဟူသော ဆောင်ပုဒ်များကို အမြော်အမြင် ကြီးမားစွာဖြင့် လမ်းပြဖော်ဆောင်ရေး သားခဲ့ကြသည်။ တိုင်းပြည် ကောင်းရန်အတွက် စာသင်ကျောင်းကို ပစ်ပယ်၍ မရနိုင်ပါ။ စာသင်ကျောင်း များတွင် ကျောင်းသားလူငယ် ရှစ်သန်းခန့် ပညာသင်ကြားနေကြသည်။ နိုင်ငံလူဦးရေ၏ ရှစ်ပုံတစ်ပုံခန့် အင်အား ရှိပါသည်။ အဆိုပါလူငယ်များကို ပြုစုပျိုးထောင်ပေးရန်မှာ ဆရာ၊ ဆရာမများ၊ မိဘများ၊ ဆွေ မျိုးသားချင်း များအပြင် လူတန်းစား အရပ်ဘက် လူ့အဖွဲ့အစည်းများကပါ ဝိုင်းဝန်းပါဝင် ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်သည်။ ပြန်ကြားရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော စာပေရေချမ်းစက်များမှာ လည်း ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။

တစ်ဖက်မှာလည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်အောက်ရှိ စာကြည့်တိုက်များအ တွက် သက်ဆိုင်ရာ ဦးစီးဌာနကကြီးကြပ်၍ စာအုပ်ဝယ်ယူရေးအဖွဲ့ ဖွဲ့စည်းကာ ဝယ်ယူအားပေးပြီး မြို့ နယ်၊ ကျေးရွာ စာကြည့်တိုက်များသို့ ပုံမှန်ဖြန့်ဝေသင့်ပါသည်။ စာအုပ် ဝယ်ယူရေးအတွက် လုံလောက် သောရန်ပုံငွေချထားပေးသင့်သည်။ မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်းကလည်း စာအုပ်ထုတ် ဝေသူများထံမှ စာအုပ်များ အထူးကိစ္စတစ်ရပ်အနေဖြင့် ဝယ်ယူအားပေးသင့်သည်။

စာအုပ်စာစောင်များ၊ သတင်းစာများ သယ်ယူပို့ဆောင်မှုတွင် ယာဉ်၊ ရထား၊ သင်္ဘောတို့၏ တန်ဆာခ သည် အဆမတန် ကြီးမြင့်နေသည်ဟု သိရသည်။ အစိုးရစာတိုက်စာပို့ခ၊ အမြန်ချောပို့စသည်တို့မှာ လည်းစီးပွားရေး ဆန်လွန်းနေသည်ဟု မြင်မိပါသည်။ စာကြည့်တိုက်များ၊ ကျောင်းများ၊ လူမှုအဖွဲ့အ စည်းများမှ စာအုပ်စာတမ်း လှူဒါန်းမှုအတွက် ပေးပို့သည်ဆိုလျှင် အထူးဈေးနှုန်းဖြင့် ပံ့ပိုးကူညီသင့်ပါ သည်ဟုယူဆပါသည်။ သို့မဟုတ် အခလွတ် FOC ဒါနပြုပြင်နိုင်သည်။

ယခုမူ မဂ္ဂဇင်းတစ်အုပ်စာပို့ခ ကျပ် ၈၀၀ အမြန်ချောပို့ ကျပ် ၁၃၀၀ ခန့်ကုန်ကျနေပါသည်။ ‘ထမ်းပိုးထက် လက်ခကြီး’ ဆိုသော စကားကဲ့သို့ စာမူခ ကျပ် ၃၀၀၀ စာပို့ခ ကျပ် ၁၅၀၀ ဖြစ်နေပါ သည်။ နေ့စဉ်ပြေး ဆွဲနေသော အဝေးပြေးကားများက ‘ပညာဒါန’ အစီအစဉ်ဖြင့် ကူညီပံ့ပိုးကြမည်ဆို လျှင်ဝမ်းသာရ မည်ဖြစ်သည်။

အခြေခံပညာ ညွှန်ကြားရေးမှူးချုပ်ရုံး (ယခင်ကတစ်ရုံးတည်းရှိ) ရုံးချုပ်တွင် ဆရာဦးဝင်ဖေ (စာရေး ဆရာမောင်စွမ်းရည်) စာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်ပါသည်။ လစဉ်ထွက်ရှိသော စာအုပ်များကို လေ့လာဖတ်ရှုစိစစ်၍ ကျောင်းသား၊ ကျောင်းသူများနှင့် သင့်လျော်သော စာအုပ်၊ ဆရာ၊ ဆရာမများနှင့် သင့်လျော်သောစာအုပ် စသည်ဖြင့် စိစစ်ရွေးချယ်ကာ ဝယ်ယူသင့်သော စာအုပ်များကို ညွှန်ကြားရေး မှူးချုပ်သို့ တင်ပြရပါသည်။ ထောက်ခံတင်ပြလာသော စာအုပ်များကို ညွှန်ကြားရေးမှူးချုပ်သို့ တင်ပြရ ပါသည်။ ထောက်ခံတင်ပြလာသော စာအုပ်များကို ရုံးချုပ်စာကြည့်တိုက်ရန်ပုံငွေမှ ဝယ်ယူပြီးကျောင်း များသို့ အခမဲ့ဖြန့်ဝေပေးခဲ့သည်ကို အမှတ်ရပါသည်။ ထိုစဉ်ကျပညာညွှန်ချုပ်၊ ဒုဝန်ကြီး၊ ဝန်ကြီးတို့ နယ်ဆင်းပြီဆိုလျှင် ပထမကျောင်းစာကြည့်တိုက်၊ နောက်ဓာတ်ခွဲ လက်တွေ့ခန်းနှင့် အိမ်သာတို့ကို စစ်ဆေးကြသည်ဟု သိရပါသည်။

ယခုအခါတွင် ကျောင်းစာကြည့်တိုက်များ သော့ခတ် ထားသည်ကို တွေ့ရမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများသည် မိုးလင်းက မိုးချုပ်တိုင်အောင်၊ ကျူရှင်တက်၊ ဂိုက်နှင့်စာကျက်၊ ကျောင်းတက် စသည်ဖြင့် မအားမလပ် ဖြစ်ကြရပါသည်။ ကလေးတို့ အားကစား လိုက်စားချိန်မရှိ၊ စာကြည့်တိုက်ဝင် ချိန်မရှိ၊ အပန်းဖြေချိန်မရှိ၊ မိသားစုနှင့် ပျော်ရွှင်ချိန်မရှိဘဲ စာမေးပွဲ၏လွှမ်းမိုးခြိမ်းခြောက်မှုကို အချိန် ပြည့်ခံစားနေကြရသည်။

ကျောင်းသားလူငယ်များ စာဖတ်ရန် ကျောင်းစာကြည့်တိုက်၏ အခန်းကဏ္ဍသည် အလွန်အရေးပါပါ သည်။ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ စာကြည့်တိုက် အသုံးပြုနိုင်ရန် ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများဦးဆောင်၍ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင် များ၊ ကျောင်းသားမိဘများ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်သင့်ပါသည်။

ကျောင်းသားလူငယ်များ စာဖတ်လေ့၊ စာဖတ်ကျင့်ရလာလေလေ ထူးချွန်ထက်မြက်သော၊ စဉ်းစား ဉာဏ်ရှိသော၊ တိုင်းပြည်ကိုချစ်သော၊ ပရဟိတ စိတ်ဓာတ်ရှိသော၊ ပညာကိုတန်ဖိုးထားတတ်သော၊ စာပေကိုချစ်မြတ်နိုးသော လူငယ်များဖြစ်လာမည်ဖြစ်သည်။

‘မှတ်ဖွယ်ရာရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်၊ ဖတ်ပြန်သော်ကား ဖတ်ဖန်များက၊ သားမ ယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာ တည်း’ ဟု ရှင်မဟာရဋ္ဌသာရက ညွှန်ပြခဲ့ပါသည်။

ကျောင်းသား လူငယ်အပေါင်း စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ မိဘ၊ ဆရာ၊ ပြည်သူ၊ အရပ်ဘက် လူ့အဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းရေးသား လိုက်ရပါသည်။ ။ 


စံတော်ချိန်သတင်းစာ
ဇွန် (၁၇) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...