ပြင်စရာတွေ များလှတဲ့ ပညာရေး

ခုတစ်လောမှာ ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါး အတော်များများကို အွန်လိုင်းကနေ ဖတ်ဖြစ်နေပါတယ်။ စာရေးသူတို့ နိုင်ငံရဲ့ ပညာရေးကလည်း ပြောစရာတွေ များလွန်းနေတော့ သူ့အမြင်၊ သူ့ရှုထောင့်၊ သူ့အတွေ့ အကြုံနဲ့ တင်ပြကြပုံတွေ မှတ်သားဖို့ ကောင်းပါတယ်။ အရေးကြီးတာက သက်ဆိုင်ရာ တာဝန်အရှိဆုံး ပုဂ္ဂိလ်တွေက သည်ဆောင်းပါး တွေကို ဖတ်မိပြီး လိုအပ်သလို ဖြစ်နိုင်သလောက် ကောင်းမွန် တိုးတက် လာအောင် ပြုပြင်ပေးကြဖို့ အရေးအကြီးဆုံးလို့ ပြော ချင်ပါတယ်။

ပညာရေးနဲ့ ပတ်သက်ပြီး အခုဆောင်းပါးမှာ စာရေးသူ အဓိက ဇောင်းပေးပြီး ပြောချင်တာက ပညာရေး လောကရဲ့ လုပ်ပိုင်ခွင့်အရှိဆုံး၊ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များရဲ့ အခန်းကဏ္ဍကို အဓိကထား ပြောချင်တာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပညာရေးဝန်ကြီးကနေ အောက်ဆုံး မူလတန်း ကျောင်းအုပ်အထိ သတိထား ပြုပြင်ဖို့ ပြောချင်တာပါ။ စာရေးသူတို့ နိုင်ငံမှာ ဖြစ်နေတာက ပညာရေးကို ပြုပြင်ရာမှာ မသိလို့ မပြင်တာ မဟုတ်ပဲ သိလျက်နဲ့ မပြင်တာဘဲ။ နောက်တစ်မျိုးပြောရရင် ပြင်သင့်သလောက် မပြင်တာတွေ ရှိနေလို့ ပညာရေးမှာ အခုလို အားနည်းချက်၊ ဟာကွက်တွေ ဖြစ်နေရတာလို့ ပြောချင်ပါတယ်။

ပညာရေး ဘတ်ဂျက်နည်း လွန်းတယ်ဆိုတဲ့ ဝေဖန်ချက် ကြောင့် နိုင်ငံတော်က ပညာရေး ဘတ်ဂျက်ကို အတော်လေးမြင့် မြင့်မားမားတိုးပေးလိုက်ပါတယ်။ ခုလို တိုးမြင့်လာတဲ့ ပညာရေး ဘတ်ဂျက်ကို အသုံးချ ရာမှာ ခုတ် ရာတခြား ရှရာတခြား မဖြစ်ဖို့ အရေးကြီးပါတယ်။ ဆိုလိုတာက ခေတ်အဆက်ဆက် လုပ်ခဲ့ကြတဲ့ ပုံစံခွက်အဟောင်းအတိုင်း ဆက် လုပ်နေကြမယ်ဆိုရင်တော့ ပညာ ရေးအသုံးစရိတ် ဘယ်လောက် များများ ချပေးချပေး အကျိုးရလဒ်က ထင်သလောက်ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ဥပမာဆိုပါစို့ ကျောင်းတစ် ကျောင်းကို စာသင်ဆောင်အသစ် တစ်ခုဆောက်လုပ်ဖို့ ဘတ်ဂျက် သိန်း တစ်ထောင်ချပေးလိုက် တယ်ဆိုပါတော့။ အဲဒီသိန်းတစ် ထောင်ဟာ ရာနှုန်းပြည့် အမှန်တကယ် ဆောက် လုပ်ရေး လုပ် ငန်းထဲဝင်၊ မ၀င်ဆိုတဲ့ အချက်ကို ပြောလိုတာပါ။ အားလုံးသိကြတဲ့ အတိုင်းလုပ်ပိုင်ခွင့်ရှိတဲ့ ကျောင်း အုပ်ကြီးနဲ့ ပြင်ဆင်ရေးကော်မတီ အဆင့်ဆင့်က နည်းနည်းစီဝေစား သွားကြတော့ ငါးဆယ် ရာခိုင်နှုန်း အမှန်တကယ် ကျောင်းဆောက် လုပ်ရေးလုပ်ငန်းထဲဝင်သွားတယ် ဆိုရင်ပဲ အတော်ကံကောင်း တယ်လို့ ပြောရမလိုဖြစ်နေပြီ။ သည်နေရာမှာ တစ်လောက ဖတ်လိုက်ရတဲ့ ကာတွန်းတစ်ပုဒ်ကို သတိရလို့ မျှဝေလိုက်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်ရဲ့ ရေ မြောင်းတွေ ပြုပြင်ဖို့ နိုင်ငံတော်က ချပေး လိုက်တဲ့ ရန်ပုံငွေ ၁၂ ဘီလီယံ ဘယ်ရောက်သွားလဲလို့ တစ်ယောက်ကမေးတော့ အခြားတစ်ယောက်က ခြတောထဲကို ထင်းရှူးပုံးချပေးလိုက်သလို ဖြစ်သွားမှာပေါ့ကွာဆိုတဲ့ ကာတွန်းလေးပါ။ သည်လိုခြစား မှုတွေ များလွန်းနေတဲ့ စာရေးသူတို့ နိုင်ငံမှာက ပြောရမယ်ဆိုရင် ပြင်စရာတွေက အများကြီးပါ။ ဒါကြောင့် ပညာရေးလောကကိုလည်း‘‘ပြင်စရာတွေများလှတဲ့ ပညာရေး’’ လို့ တင်စားလိုက်တာပါ။

သည်တော့ ပညာရေး လောကကို အမှန်တကယ် ပြုပြင်ချင်တယ်ဆိုရင်တော့ အားလုံး ပြောနေကြ၊ သိနေကြတဲ့ အတိုင်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် တိုင်းရဲ့ စိတ်ဓာတ်(Mindset) ကို မဖြစ်မနေ အရင်ဆုံး ပြုပြင်ရပါလိမ့်မယ်။ ခေါက်ရိုးကျိုးနေတဲ့ လက်ရှိအမူအကျင့်တွေအတိုင်းနဲ့ ကတော့ ဘယ်လောက် လုပ်လုပ်၊ ဒုံရင်းဒုံရင်းပဲ ဖြစ်နေမှာပါ။ တက္ကသိုလ်တွေမှာ ပါမောက္ခချုပ်တွေရဲ့ လုပ်ပိုင် ခွင့်ဟာ ဘယ်လောက်ရှိတယ်ဆိုတာ ပါမောက္ခချုပ်တိုင်းသိကြပါတယ်။ မိမိတက္ကသိုလ်ရဲ့ ဥပဓိရုပ် ကောင်းဖို့၊ အဆောက်အအုံခံ့ညားထည်ဝါဖို့၊ စာသင်ဆောင်တွေ အဆင့်မြင့်ဖို့၊ သိပ္ပံနဲ့လက်တွေ့ခန်းသုံး ပစ္စည်းတွေ စုံလင်ဖို့၊ သင်ကြားရေးထိရောက်ဖို့၊ သုတေသနလုပ်ငန်းတွေ တိုးတက်ဖို့၊ ဆရာ၊ ဆရာမနဲ့ ၀န်ထမ်းတွေ သက်သာချောင်ချိဖို့၊ စိတ်ချမ်းသာဖို့စတဲ့ ပါမောက္ခချုပ်တစ်ယောက်ရဲ့ တာဝန်တွေဟာ အ

များကြီးပါ။ စာရေးသူတို့ဆီမှာ ဖြစ်နေတာက ပါမောက္ခချုပ်ဆိုသူတွေဟာ လုပ်ပိုင်ခွင့်တွေကိုသာ အပြည့်အ၀ အသုံးချပြီး တာဝန်ယူမှုအပိုင်းမှာတော့ အားနည်းနေကြတယ်လို့ ခံစားမိပါတယ်။ စာရေးသူ အနေနဲ့ ကတော့ အငြိမ်းစား ပညာရေး ၀န်ထမ်းဟောင်းတစ်ဦးဖြစ်လို့ ကိုယ့်အတွက် ပြောနေခြင်း မဟုတ်ပါ။ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဆရာ၊ ဆရာမများ ၀န်ထမ်းများအတွက် ရည်ရွယ်ပြီး ပြောတာဖြစ်ပါတယ်။

ဒါကြောင့် ပညာရေး လောကကို သည့်ထက်ကောင်းအောင်ပြုပြင်ချင်ရင်တော့ ပညာရေးဝန်ကြီးကနေ မူလတန်းကျောင်းအုပ်အထိ သုံးသပ်ပြုပြင်ဖို့ လိုအပ်ပါတယ်။ အဆင့်မြင့် ကဏ္ဍမှာ ညွှန်ချုပ်ကအစ ပါမောက္ခချုပ်၊ ဒုပါချုပ်များ၊ စီမံရေးရာဌာနမှူးနဲ့ မော်ကွန်းထိန်းများ၊ တက္ကသိုလ်စီမံခန့်ခွဲရေး ကော်မတီ ၀င်များ၊ ပါမောက္ခ / ဌာနမှူးများအားလုံး၊ အခြေခံ အဆင့်မှာ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်း/ပြည်နယ်နဲ့ မြို့နယ်ပညာရေးမှူးများ၊ အဆင့်ဆင့်သော ကျောင်းအုပ်ကြီးများစသဖြင့် (စကားချပ် -အားလုံးကို မဆိုလိုပါ၊ အလွန် သမာသမတ်ရှိပြီး စိတ်ထားမြင့်မြတ်၊ ကိုယ်ကျင့်သိက္ခာပြည့်ဝသော ပုဂ္ဂိုလ်မျိုးတွေလည်း တွေ့ကြုံခဲ့ဖူးပါတယ်။ နိုင်ငံအတွက် အလွန့်အလွန် တန်ဖိုးကြီးမားတဲ့ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို မဆို လိုပါ) ပညာရေးလောကရဲ့ လုပ်ပိုင်ခွင့်ရှိသူ အာဏာပိုင်ပုဂ္ဂိုလ်များဟာ အတ္တ၊ ပရမျှတတဲ့ စိတ်ဓာတ်မျိုးရှိပြီး မိမိနိုင်ငံကောင်းမွန်တိုး တက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို အဓိကထားဆောင်ရွက်ပေး ကြမယ်ဆိုရင် အကောင်းဘက်ကို ဦး တည်လာပါလိမ့်မယ်လို့ ပြောချင်တာပါ။

နောက်တစ်ခုပြောလိုတာ က ပြုပြင်ရေးလုပ်ငန်းတိုင်းမှာ လုပ်ငန်းစစ်ဆေးရေး အဖွဲ့များရဲ့ အခန်းကဏ္ဍ ဟာလည်း အလွန် အရေးကြီးကြောင်း ပြောလိုပါ တယ်။ အတွင်းစစ်၊ အပြင်စစ်စ တဲ့ လုပ်ငန်းစစ်ဆေး ရေး အဖွဲ့များရဲ့ တိကျမှန်ကန်တဲ့ မှတ်ချက်၊ အဂတိမလိုက်စားဘဲ ကျောင်းရဲ့ အကျိုးကိုသာ အဓိကထားတဲ့ ဆောင်ရွက်ချက်တွေဟာလည်း အလွန်အရေးကြီးပါတယ်။ လုပ်ငန်းစစ်ဆေးရေး အဖွဲ့များဟာ သက်ဆိုင် ရာ အာဏာပိုင် ပုဂ္ဂိုလ် များက မမှန်ကန်တဲ့ နည်းနဲ့ခွဲဝေ ပေးလိုက်တဲ့ ဝေစုလာဘ်လာဘ အပေါ်မှာ သာယာပြီး ဆောင် ရွက်ခဲ့တဲ့ လုပ်ငန်းရဲ့ ပြီးမြောက်မှု အရည်အသွေးကို မမှန်မကန် ထောက်ခံပေးခဲ့မယ် ဆိုရင်တော့ လုပ်တဲ့သူတွေက ဘယ်လောက် ကောင်းအောင် လုပ်လုပ်၊ လှော် တဲ့သူတွေက ဘယ်လောက်ပဲ ကျုံးရုန်းလှော်လှော်၊ စာရေးသူတို့ရဲ့ ပညာရေးလှေကြီးကတော့ ရှေ့ကို မရောက်ဘဲ တ၀ဲလည်လည်နဲ့ အဂတိတရားနဲ့ ခြစားမှု ၀ဲသြဃထဲမှာ စုံးစုံးမြုပ်မသွားရင်ဘဲ တော်လှပြီလို့ ပြောရမလို ဖြစ်နေပါတယ်။

ဒါ့ပြင် ပညာရေးလောကမှာ အုပ်ချုပ်ရေးပိုင်းရော၊ သင်ကြား ရေးပိုင်းမှာပါ ဆုပေး၊ ဒဏ်ပေး စနစ်ကို ထိထိရောက်ရောက် ကျင့်သုံးနိုင်ရင် ပိုကောင်းလာမယ်လို့ ထင်မြင်ယူဆမိပါတယ်။ ကဏ္ဍတိုင်းမှာ ၀န်ထမ်း စည်းမျဉ်း၊ စည်းကမ်းဥပဒေနဲ့ ငြိစွန်းသည်အထိ အပြစ်ရှိသူကို အပြစ်အလျောက် ထိထိ ရောက်ရောက် အရေးယူဖို့ လိုသလို စေတနာမှန်ပြီး လုပ်ငန်းစွမ်းဆောင်ရည် ထက်မြက်တဲ့ ထူးချွန် ထင်ရှားဝန်ထမ်းများကိုလည်း သူ့ရဲ့ဆောင်ရွက်ချက်အောင်မြင်မှု၊ လုပ်ငန်းအကျိုးရလဒ်တိုးတက်မှု အရည်အသွေးအလိုက် ထိုက်ထိုက် တန်တန်ဆုချီးမြှင့်မှု၊ အသိအမှတ်ပြုမှုတွေ လုပ်ဆောင်ပေးသင့် ပါတယ်။ ဒါမှသာ စာရေးသူတို့ရဲ့ ပညာရေးလောကကြီး အထိုက် အလျောက် တိုးတက်အောင်မြင်လာ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒါကြောင့် အချုပ်အားဖြင့် ပြောချင်တာကတော့ ပညာရေး တိုးတက်ဖို့အတွက် (၁) တာဝန် ရှိပုဂ္ဂိုလ်တိုင်း မိမိကိုယ် မိမိသုံး သပ်ပြုပြင်ပါ။ (၂) လက်အောက် ငယ်သားလုပ်ဖော်ကိုင်ဖက်တွေ ကိုလည်း စည်းရုံး ပြုပြင်ပါ(၃) လုပ်ငန်းစစ်အဖွဲ့များ သစ္စာရှိရှိ၊ မှန်မှန်ကန်ကန် ဆောင်ရွက်ပါ။ (၄) လုပ်ငန်းစဉ်တိုင်းမှာ အပြန်အလှန်စစ်ဆေးမှု (Check & Cou-nter Check) ရှိပါ။ (၅)ဆုပေးဒဏ်ပေး စနစ်ကျင့်သုံးပါ။ (၆) သီလ၊ သမာဓိ၊ ပညာ သိက္ခာ သုံးပါးကို စိတ်မှာနှလုံးသွင်းဆင်ခြင်ပါလို့ ပြောချင်ပါတယ်။ ဒါကြောင့် စာရေးသူတို့ရဲ့ ‘‘ပြင်စရာတွေ များလှတဲ့ပညာရေး’’ ကတော့ နောက်ထပ်လည်း ပြင်စရာတွေ အများကြီး ကျန်ပါသေးတယ်လို့ သုံးသပ်ပြောကြားရင်း ...။


7Day Daily
No.447 Tuesday, July 22, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...