ရောဂါပိုးမွှား ဖလှယ် ရောင်းဝယ်ကြရာ တိုင်းပြည်

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 
လူ့ယဉ်ကျေးမှု ပြောင်းလဲ တိုးတက်မှုမှာ ကုန်သွယ်မှုတွင် Medium of Exchange ခေါ် ကြားခံ လဲလှယ်ရေး ကိရိယာအဖြစ် ကျောက်ခဲ၊ သံတိုသံစ၊ လက်နက်များ၊ သားငါးသစ်သီး စသော ထုတ်လုပ် ကုန်စည်များ စသည် တို့ကို သုံးစွဲရာမှ ဒင်္ဂါးစတင်သုံးသည့် တိုင်းပြည်မှာ တရုတ်ပြည် ဟုသိရသည်။ သို့သော် ပထမဆုံး သတ္တုစပ်ဒင်္ဂါးကို သွန်းလုပ်သုံးစွဲ သူမှာ ယခု တူရကီမြောက်ပိုင်း လီဒီယာနိုင်ငံမှ အာလီ ယပ်တီ ဘုရင်ဟု သမိုင်းမှတ်တမ်း များမှာ တွေ့ရသည်။ နောင်တွင် ဒင်္ဂါးအစား ငွေစက္ကူ  စတင်အသုံးပြုရာနိုင်ငံမှာ တရုတ်ပင်ဖြစ်ပြီး အနောက်နိုင်ငံ များ၌ မြောက်အမေရိက၊ ကနေဒါနှင့်ပြင်သစ် ကိုလိုနီနယ်များမှာ ငွေစက္ကူကို စတင် သုံးစွဲခဲ့သည် ဟုဆို သည်။

မြန်မာနိုင်ငံ၌ ပျူခေတ်တွင် ဒင်္ဂါးများ ရှိခဲ့သည်မှန်သော်လည်း ငွေကြေးထက် အဆောင်အဖြစ် ပိုသုံးစွဲ ခဲ့ပုံရပြီး ၄ရာစု၊ ၅ရာစုခေတ် ရခိုင်ဒင်္ဂါးများမှာ ငွေကြေးအဖြစ်ပါ သုံးစွဲပုံရ၏။ ကုန်းဘောင်ခေတ်၌ ဘိုးတော် ဘုရားမှစပြီး ပုဂံမင်း၊ မင်းတုန်းမင်း၊ သီပေါမင်းတို့ လက်ထက်အထိ ဒင်္ဂါးကိုငွေကြေးအဖြစ် သွန်းလုပ်သုံးစွဲခဲ့ပြီး ငွေစက္ကူများကို ဗြိတိသျှခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီး ခေတ်တို့တွင် သက်ဆိုင်ရာ အစိုးရတို့ ထုတ်ဝေသည့်အတိုင်း သုံးစွဲလာခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် အစိတ်အထိ မြန်မာနိုင်ငံတွင် ငွေစက္ကူများနှင့် အတူ အကြွေအဖြစ် သတ္တုဒင်္ဂါး (Coin) ကိုသုံးစွဲခဲ့ကြ သော်လည်း ငွေကြေးဖောင်းပွမှု အဆမတန် များလာသည်နှင့်အမျှ ပြားဖြင့် တန်ဖိုးပြစနစ် ပျောက်ကွယ် သွားခဲ့ရာ ဈေးတက်ရာမှာလည်း တစ် မတ်၊ ငါးမူးတက်ရာမှ တစ်ကျပ်၊ နှစ်ကျပ်တက်သော ခေတ်၊ ယင်းမှ ၁၀၊ ၂၀ တက်သောခေတ်၊ ယင်းမှ ၁၀၀၊ ၂၀၀ တက်သော ခေတ်အထိ ပြောင်းလဲတိုးတက်လာခဲ့သည်။

နိုင်ငံတကာတွင် ကြားခံကိရိယာအဖြစ် ဒင်္ဂါးနှင့်ငွေစက္ကူကို သုံးစွဲနေဆဲဖြစ်သော်လည်း ငွေ ပေးချေမှု စနစ်မှာ တိုက်ရိုက်ပေး ချေမှုထက် ဘဏ်များမှတစ်ဆင့် ချက်ဖြင့်၊ ကတ်ဖြင့်၊ အွန်လိုင်း ဖြင့် စသဖြင့် ပြောင်းလဲတိုးတက် ပေးချေနေပြီဖြစ်သည်။ မိမိတို့ငွေ စက္ကူမှာ နိုင်ငံတကာဈေးကွက် အထိ တန်းမဝင် သော်လည်း ပြည် တွင်းငွေပေးချေမှုစနစ်တွင်မူ ငွေ စက္ကူများဖြင့်အိတ်လိုက်၊ သေတ္တာ လိုက်၊ အထုပ်လိုက် ထမ်းပိုးသယ် ယူပြီး ပေးချေနေရသေးရာ ငွေ ပေးချေမှုခက်ခဲရာတွင် ပြိုင်ဘက် မရှိ အံ့လောက်ဖွယ် စံချိန်တင် ထားဆဲဖြစ်သော ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ငွေစက္ကူသည် သာတစ်ခုတည်းသော ရောင်းစရာ ဝယ်စရာ၊ သိမ်းစရာ၊ မက်စရာ၊ စုစရာဖြစ်နေဆဲဖြစ်၏။

လက်ဖက်ရည်တစ်ခွက် နှစ်ဆယ့်ငါးပြားခေတ်က အကြီးဆုံး ငွေစက္ကူက တစ်ရာတန်ဖြစ်ခဲ့ သော တိုင်းပြည်တွင် လက်ဖက် ရည်တစ်ခွက်နှစ်ရာ့ငါးဆယ်ဖြစ် လာသည်အထိ ငွေဖောင်းပွမှု အဆ တစ်ထောင် တက်လာသော အခါ မူလငွေရေတွက်ခဲ့ပုံ အတိုင်း လွယ်ကူစွာ တွက်ချက်ပေးချေနိုင် ရေးမှာ အရေးကြီးဆုံးငွေစက္ကူက တစ်သိန်းတန်ဖြစ်မှသာ ဖြစ်နိုင် မည်မို့ ငွေထုပ်ထမ်းရောင်းဝယ်နေ ကြရသည် မှာ မဆန်းလှပါ။ ထိုသို့ ခက်ခဲရုံမက ငွေလည်ပတ်သုံးစွဲ ရမှုကလည်း ကြီးမားလှသောငွေ ဖောင်းပွမှုကို ရှိသမျှငွေစက္ကူများ၏ ဝန်ဆောင်မှုဖြင့်သာ (ချက်၊ ကတ်၊ စာရင်းပြောင်းနည်းများ ဖြင့် ပေးချေခြင်း မရှိ သလောက်ဟု ဆိုလိုပါသည်) လည်ပတ်စခန်း သွားနေရရာ ယင်းငွေစက္ကူများ ဟောင်းနွမ်း စုတ်ပြတ် ကုန်သည် မှာလည်း နည်းတောင်နည်းသေး ဟုဆိုရမည်ဖြစ်သည်။ ဒီတော့ အများသုံးငွေစက္ကူ ငါးဆယ် တန်မှ ငါးရာတန်အထိကို သာမန်နွမ်း ခြင်း၊ ဟောင်းခြင်းမျှလောက်ကို စကားထဲ ထည့်မပြော တတ်သော ကျွန်တော်တို့ လူမျိုးအဖို့‘မစုတ် မပြဲလျှင်’ဘာပြဿနာမှမရှိဟု တွေးမြင်ယုံကြည်နေကျဖြစ်ပါသည်။ ကျွန်တော် လည်း ဒီအထဲ ကတစ်ယောက်အဖြစ် နားလည်ထားရာမှ နိုင်ငံတကာ သတင်းတစ်ပုဒ် ဖတ်မိ တော့မှ အတော်တုန်လှုပ်သွားပါသည်။

အောက်စဖို့ဒ်ယူနီဗာစီတီ၏ ပံ့ပိုးမှုဖြင့် မာစတာကတ်၏လေ့ လာတွေ့ရှိချက်အရ ဥရောပတစ် ဝန်းသုံး ငွေစက္ကူများထဲမှ ယေဘု ယျအားဖြင့် တစ်ပေါင်တန်ကဲ့သို့ အများသုံး ငွေစက္ကူတစ်ရွက်တွင် ရောဂါ ပိုးမွှားပေါင်း ၂၆,၀၀၀ တွေ့ရှိရသည်ဟု ဆိုသည်။ နိုင်ငံ ပေါင်း ၁၂ နိုင်ငံ၌ လေ့လာတွေ့ရှိ ချက်အရ ငွေစက္ကူတစ်ရွက်မှာ အများသုံးပို့ဆောင်ရေးယာဉ် (ဘတ်စ်ကား၊ ရထားစသည်)တို့ ၏ လက်ကိုင်တန်း၊ အရက်ဆိုင်မှ အများသုံးအမြည်းပန်းကန်ထဲမှ မြေပဲ၊ သီဟိုဠ်စေ့တို့ထက် ပိုညစ်ပတ်ရုံမက ပုံမှန်ဆေး ကြောထားသော အိမ်သာခုံထက်ပင် ရောဂါပိုးမွှားများ ပိုတွေ့ရှိရသည်ဟုဆို ၏။ အိမ်သာတက်ပြီး လက်ဆေး နေကျသူတို့နိုင်ငံမှာ ငွေစက္ကူ၏ ညစ်ညမ်းမှုကိုသိနေကြသည့်တိုင် ငွေကိုင်တွယ်ပြီးနောက် လက် ဆေးလေ့ရှိသူအလွန်နည်းသည်ဟုလည်း ယင်းစစ်တမ်းတွင် ဖော် ပြထားသည်။ ဥရောပသုံး ငွေစက္ကူများအနက် အညစ်ပတ်ဆုံးမှာ အင်္ဂလန်ပေါင်ဖြစ်ပြီး ဒိန်းမတ်ခရိုနာ၊ ရုရှား ရူဘယ်လ်နှင့် သြ စကြီးယားယူရိုတို့ထက် ပိုညစ် ပတ်သည်ဟုဆိုသည်။ သို့သော် ယခုအခါ အင်္ဂလန်ပေါင်ကို ကြာ ရှည်ခံပြီး သန့်ရှင်းသောပိုလီမာ ငွေစက္ကူများအဖြစ် ပြောင်းလဲ ထုတ်ဝေတော့မည်ဖြစ်၏။ ပိုလီ မာကို ဖလင်ဖြင့် ဖုံးအုပ်ထားသဖြင့် ရေဖြင့်ဆေးကြောသန့်စင်နိုင် သည့်အပြင် အတုလုပ်ရလည်း ခက်ခဲမည်ဟုဆိုသည်။ ပိုလီမာ ငွေကြေးများကို ၁၉၈၈ ခုနှစ်က သြစတြေးလျတွင်စတင်သုံးစွဲခဲ့ ပြီး နိုင်ငံပေါင်း ၂၀ ၌သုံးစွဲနေကြ ပြီဖြစ်သည်။

ယင်းသတင်းကိုဖတ်ပြီး သူ တို့ငွေကြေးက ကျွန်တော်တို့ငွေ စက္ကူများလောက် ညစ်ညမ်းသည် ကိုမမြင်ဖူး၊ မကြားဖူးသော ကျွန် တော့်အနေဖြင့် သူတို့ငွေစက္ကူမျိုး မှာပင် လူပေါင်းစုံလက်ဖြင့်ကိုင် တွယ်သုံးစွဲရင်း ရောဂါပိုးမွှားပေါင်း၂၆,၀၀၀ မျှတွေ့ရှိရသည်ဆိုလျှင် ကျွန်တော်တို့ ငွေစက္ကူများပေါ်၌ မည်မျှဆိုးရွားနေ မည်ကို စစ်တမ်း မကောက်ဘဲနှင့်ပင် ကြက်သီးထနေမိသည်။ သူတို့အိမ်သာခုံ၊ သူတို့ဘတ်စ်ကား လက်တန်း များထက် ပိုညစ်ပတ်သည်ဆိုသော သူတို့ငွေစက္ကူက ကျွန်တော်တို့ ငွေစက္ကူလောက် ထိုးထည့် ချိုးဖဲ့မခံရ၊ အခေါက်အချိုးမခံရ၊ စည်းနှောင်မခံရသည့်အပြင် ကော်ကပ်၊ တိပ်ကပ်စက္ကူဖြင့် ကပ်သည်မျိုး လည်း ခံရဖူးမည်မဟုတ်သဖြင့် သူတို့ငွေကြေးကိုင်တွယ်သည်ကို လက်ဆေးရန်လိုသည်ဆိုလျှင် ကျွန်တော်တို့ငွေကြေးကို ကိုင်တွယ်၊ ရေတွက်၊ စည်းနှောင်၊ ထုပ်ပိုး၊ ပွေ့ပိုက်၊ ထမ်းပိုးနေရခြင်းများ အတွက် တစ်ခါကိုင် တွယ်သုံးစွဲပြီးတိုင်း ရေများချိုးဖို့ လိုနေမည်လားဟု ရယ်ပွဲဖွဲ့တွေးနေမိပါသည်။

ကျွန်တော်တစ်ခါက ဆောင်းပါးရေးခဲ့ဖူးသလို ငွေစက္ကူများ ဟောင်းနွမ်း စုတ်ပြတ်သည့်ဒဏ်၊ ဖောင်းပွပြီး ရေတွက်ရခက်သည့် ဒဏ်အခံရဆုံးမှာ ဘဏ်များမှငွေ ကြေးဝန်ထမ်းများဖြစ်၏။ ငွေ စက္ကူအစုတ်များကို ဖာထေးရ၊ ကပ်ရ၊ ရေတွက်စည်းနှောင်ရနှင့် ယင်းငွေစက္ကူဟောင်းများမှ မှို များကို နေ့စဉ်ရှူရှိုက်နေကြရပါ သည်။ ကျွန်တော်တို့ဘွဲ့ရစ၊ ဘဏ်မှာအလုပ်ဝင်စက ဘဏ်ငွေကြေး ဝန်ထမ်းများမှာ နေ့လယ်နှစ်နာရီ ဘဏ်ပိတ်ပြီးနောက် တစ်နာရီခန့် စာရင်းပိတ် ကိုက်ညှိသည့် အလုပ်ပြီးလျှင် အားလပ်သွားပြီး မန်နေဂျာ ငွေကြေးစစ်ဆေးစာရင်းပိတ်ချိန်အထိ တစ်နာရီခွဲ၊ နှစ်နာရီခန့် အားလပ်ချိန်ရနေတတ်ပါသည်။ ၁၉၈၅ ခုနှစ်နောက်ပိုင်းတွင် ငွေကြေးဖောင်းပွမှုများလာ ပြီးနောက် ငွေကြေးဝန်ထမ်းတို့ အားလပ်ဖို့ဝေးစွ၊ အိမ်ပြန်ချိန် နောက်ကျခြင်း၊ တစ်ခါတစ်ရံ ညဥ့်နက်သန်းခေါင်အထိ အလုပ်လုပ်ရခြင်းများ ကြုံတွေ့လာ ရပါသည်။ ယခုနောက်ပိုင်းတွင်တော့ ငွေကြေးဖောင်းပွမှုက ဆိုခဲ့သည့်အတိုင်း မူလထက် အဆတစ် ထောင် ခန့်ကြီးမားလာပြီး ငွေကြေးဝန်ထမ်းအင်အားက နှစ်ဆသုံးဆထက်ပိုခန့်၍ မဖြစ်နိုင်သောအခါ အလုပ်များမတန်တဆလုပ်ကြရရုံမက ကျန်းမာရေး မညီညွတ်သော လုပ်ငန်းခွင်ကို နေ့စဉ်ဖြတ်သန်းနေ ရပါသည်။

ယခုအခါ ပုဂ္ဂလိကဘဏ် များ၏ငွေကြေးဌာနများ၌ အဲကွန်းများနှင့် Exchaust Fans များ တပ်ဆင်ပေးပြီး ငွေကြေးမှထွက် သောဖုန်၊ အညစ်အကြေးနှင့်မှို များကို သန့်စင်ပေးသည့်အပြင် ငွေကြေးဌာနအရာထမ်း၊ ဝန်ထမ်းများကို နှာခေါင်းစည်းများသုံးပြီး အလုပ်လုပ်စေပါသည်။သို့သော် ငွေနှင့်ကြေးနှင့် ရေတွက်ပြော ဆို ဆက်ဆံရသောလုပ်ငန်းခွင်တွင်အမြဲနှာခေါင်းစည်းထားဖို့မဖြစ် နိုင်ပါ။ သို့ဖြစ်သဖြင့် ယင်းအရာ ထမ်း၊ဝန်ထမ်းတို့မှာ မှိုပင်လယ်ထဲနေ့စဉ်စွန့်စားကူးခတ်နေကြရဆဲဖြစ်ပါသည်။ အဲကွန်း များသန့်ရှင်းရေး လုပ်သောအခါ ထွက်လာ သောအညစ်အကြေးအမှုန့်များကိုကြည့်ပြီး တို့ဝမ်းထဲလည်းဘယ် လောက်များ ရောက်ပြီလဲမသိဟု တွေးတောရင်မော ရသောဘဝမျိုးတွေဖြစ်ပါသည်။

အချို့သော ဘဏ်များက ငွေကြေးဝန်ထမ်းများ၏ အစာမျိုလမ်းကြောင်းတွင် မှိုနှင့်အညစ်အကြေးမှုန်များ ကပ်ငြိမနေစေရန် ငှက်ပျောသီးကျွေးခြင်း၊ ကြက်ဥပြုတ်များ ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။ သို့သော် ပုံမှန်ဆေးစစ်ပေးခြင်းမျိုးေ ဆာင်ရွက်ပေးသည့်ဘဏ် အလွန်နည်းပါးပါသည်။

ရောဂါဖြစ်မှ ဆေးကုသည်ထက် ရောဂါဖြစ်ခြင်း၏ အကြောင်းရင်းကို ရှာဖွေသုတ်သင်ခြင်းက ကုန်ကျ စရိတ်ရော၊ လုပ်အားပြုန်းတီးမှုနှင့် ဝေဒနာခံစားရမှုတို့ကို သက်သာစေနိုင်ပါသည်။ ပိုလီမာငွေစက္ကူ အစားထိုးရေးနှင့် Contactless Payment ခေါ် တိုက်ရိုက် ထိတွေ့မှု ကင်းသော အွန်လိုင်းစနစ်၊ ကတ်စနစ်တို့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးနှစ်မျိုးစလုံးကို အိပ်မက်နိုင်ဖို့ ခက်နေသေးသော ကျွန်တော် တို့ နိုင်ငံတွင် ရောဂါပိုးမွှားချင်းလဲ လှယ်ရောင်းဝယ် နေရသောဘဝ ဆိုးမှလွတ်မြောက်ဖို့ ငွေစက္ကူ အဟောင်း များကို ယခုထက်ပိုမို သိမ်းဆည်း လဲလှယ်ပေးရေးနှင့် လက်တွေ့ကျကျ ရေတွက်သုံးစွဲ ရနိုင် သော ငွေစက္ကူအကြီး အမျိုးအစား ထုတ်ဝေရေးတို့ စဉ်းစားရန် လိုအပ်နေပြီဟု ထင်မြင်မိပါကြောင်း တင်ပြအပ်ပါသည်။


7Day Daily
No.447 Tuesday, July 22, 2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...