မုန့်ကျွဲသည်း ပြုလုပ်နည်း



ကျွန်မ အတွက်ကတော့ မုန့်ကျွဲသည်း က ဘာမှ မယ်မယ်ရရ မပါလို့ လွယ်မလိုနဲ့ အတော်လေး လုပ်ရ ခက်တဲ့ မုန့်လေးဖြစ်ပါတယ်။ ဆန်မုန့်၊ ထုံးရည်၊ ထန်းလျက်ရည် ထည့်ပြီး ကျိုရုံဆိုပေမယ့် အချိုးအစား တိတိကျကျမသိတဲ့ အတွက် စိတ်တိုင်းကျတဲ့ မုန့်အသားက ၂ ခါမြှောက် ကျိုတဲ့ အထိမရပါဘူး။ ပထမ တစ်ခါက ထုံး များပြီး၊ ရေနည်းလို့ မကောင်းပါဘူး။ ဒုတိယတစ်ခါကတော့ ထုံးအနေအထား မှန်သွားပေ မယ့် ရေများသွားလို့ လက်ကျိုးမတတ် မိနစ် ၄၀ လောက်ကျိုလိုက်ရပါတယ်။ ၃ ခါမြှောက် ကျိုတဲ့ အခါ မှတော့ အရမ်းကို စိတ်တိုင်းကျရတဲ့ မုန့်အသားလေးကို ရပါပြီ။ ထုံးစံအတိုင်း တစ်ခါအောင်မြင် သွားတာနဲ့ လုပ်နည်း မရေးချင်တဲ့ ကျွန်မ ၄ ခါမြှောက် ကျိုပြီး ဒုတိယ အကြိမ်မြှောက် အောင်မြင်သွားမှ ဒီနည်းလေးကို ရေးလိုက်တာပါ။ အားလုံးပဲ စိတ်တိုင်းကျနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ရှင်…..

မြန်မာထန်းလျက် ကိုသုံးနိုင်လျှင် အနံ့၊ အရသာကို ပိုကောင်းစေသဖြင့် မြန်မာ ထန်းလျက်ကိုပဲ သုံးစေချင် ပါတယ်။ မြန်မာထန်းလျက် ရဖို့ ဘယ်လိုမှ မလွယ်ကူမှ ပုံတွင် ပြထားသော ထန်းလျက်ကို သုံးစေချင် ပါတယ်။

**… မုန့်ကျွဲသည်း လုပ်ဖို့ အတွက် လိုအပ်တာလေးတွေ…

1. ထုံး (lime stone) – လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ (1/8 tsp)
2. ထန်းလျက် – ၁၃ ကျပ်သား (200 g)
3. ရေ – 3 1/2 cups (875 ml)
4. ဆန်မှုန့် (rice powder) – 1 cup (250 ml)
5. ဆီ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ (မုန့်သားကို အနည်းငယ် ပိုလှစေရန် ထည့်ခြင်းဖြစ်ပါတယ်။ မထည့်လည်းရပါတယ်။)



ရေ 1 cup (250 ml)ထဲ ထုံး ကို ထည့်ကာ ပျော်အောင်ဖျော်၍ ၁ နာရီခန့် အနည်ထိုင်ခိုင်းထားပါ။ (ထုံး အခဲများ မကျန်အောင် ရေအနည်းငယ်ဖြင့် ဖိချေဖျော်ပြီးမှ ကျန်သည့် ရေများထည့်ပေးပါ။)

ထန်းလျက် နှင့် ရေ 1 cup (250 ml)ကို အိုးထဲထည့်ကာ မီးအေးအေးဖြင့် ထန်းလျက်ပျော်ရုံ ကျိုပြီး (ဆူလာအောင် ကျိုရန် မလိုပါ) မီးဖိုမှဖယ်ကာ အရမ်း မအေးသွားအောင်အဖုံး ဖုံးထားပါ။ (နွေးနေရင် မုန့်ကျိုတဲ့ အချိန်ကို အနည်းငယ် သက်သာစေပါတယ်။)

ရေ 1 1/2 cups (375 ml)ထဲ ဆန်မှုန့် ထည့်ကာ အဖတ်များ လုံးဝမကျန်အောင် ဖိချေဖျော်ထားပါ။

ထို ဆန်မှုန့်ရည်ထဲ၊ ထန်းလျက်ရည် (အမှိုက်သရိုက်များမပါအောင် အစစ်ဖြင့် စစ်ပြီးထည့်ပေးပါ) နှင့် ထုံးရည် (အနည်ထိုင်နေသော ထုံးများ မပါသွားအောင် ဖြည်းဖြည်းချင်း လောင်းထည့်ပါ) တို့ ထည့်ပါ။

ပြီးလျှင် medium heat ဖြင့် မိနစ် ၂၀ မွှေကျိုပေးပါ။ (တတ်နိုင်သမျှ အိုးအောက်ခြေမကပ်၊ မတူးစေရန် နှင့် အလုံးအခဲများ မဖြစ်သွားအောင် အိုးအောက်ခြေအား မကြာခဏ ခြစ်ပြီး၊ အဆက်မပြတ် မွှေကျိုပေးပါ။)



မိနစ် ၂၀ ပြည့်လျှင် ဆီထည့်ကာ နှံ့သွားအောင် ၁ မိနစ်ခန့် အမြန်မွှေပေးပြီး …..



ဆီသုတ်ထားသည့် ခွက်တစ်ခုထဲ လောင်းထည့်ကာ အအေးခံထားပါ။ (လောင်းထည့်ပြီးနောက် မျက်နှာပြင် ညီအောင် ခွက်ကို ကိုင်ပြီး အနည်းငယ် လှုပ်ပေးပါ။)



အေးသွားပြီးနောက် မိမိကြိုက်နှစ်သက်ရာ ပုံစံလှီးကာ အုန်းသီးဖြူး၍ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

ကျိုထားသည့်အိုးတွင် ကပ်နေသည့်ချိုး(ဂျိုး)များ သူ့အလိုလို ကွာထွက်လာအောင် နာရီ အတော်ကြာကြာ ရေစိမ်ထားပြီးမှ အိုးကို ဆေးပါ။


Chaw Su’s Food Friends
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...