ရွေးချယ်မှု မှန်ကန်လျှင် ထိုက်သင့်သည်ထက် အောင်မြင်နိုင်သည်

Written by ခင်မောင်ဌေး (ပညာရေး)

၂၀၁၄ ခုနှစ်ထဲမှာ ကျင်းပပြီးစီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံးအမှတ်အများ ဆုံးရရှိသူပေါင်း ၂၂ ဦးရဲ့အမည်စာရင်းတွေကို နိုင်ငံပိုင်ရုပ်သံမီဒီယာကနေ ပထမဆုံးအကြိမ် ထုတ်ပြန် ကြေညာသွားတာကို တွေ့လိုက်ရပါတယ်။

တက္ကသိုလ်ဝင်တန်းမှာ အဓိကဘာသာတွဲတွေအနေနဲ့ သိပ္ပံတွဲ၊ ဝိပ္ပံတွဲနဲ့ဝိဇ္ဇာတွဲဆိုပြီး ရှိပါတယ်။ အဲဒီအ ထဲကသိပ္ပံတွဲ (ဇီဝတွဲ) အမှတ်အမှတ်များဆုံး ၁၀ ဦးနဲ့၊ ဝိဇ္ဇာဘာသာတွဲထဲက အမှတ်အများဆုံးရသူ ၁၂ ဦးရဲ့စာရင်းတွေပဲ ဖြစ်ပါတယ်။ သိပ္ပံဘာသာတွဲ ၁၀ ဦးရဲ့ စာရင်းကိုကြည့်လိုက်တဲ့အခါ ရမှတ် ၅၅၈ မှတ်နဲ့ အ.ထ.က (လေ့ကျင့်ရေး) ကမာရွတ်မြို့နယ်က ရပါတယ်။ ကျန်တာတွေက ဒဂုံ (၁)၊ လသာ (၂)၊ လမ်းမတော် (၂) ကျောက်တံတား၊ ဗိုလ်တထောင် (၆) နဲ့ မန္တလေး တိုင်းဒေသကြီး ကပက (CAE) ကနှစ်ဦးပါပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကရှစ်ဦးပါ။ အနိမ့်ဆုံးရမှတ်က ၅၅၂ ပါ။

ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံးစာရင်းကြည့်လိုက်မိတော့ အံ့အားသင့်မိပါတယ်။ ဘာ့ကြောင့်လဲဆို တော့ ဝိဇ္ဇာတွဲမှာကိုပဲ ရမှတ်အများဆုံးက ၅၀၀။ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ အ.ထ.က (ခွဲ) ရွှေကျောင်းကဖြစ်ပါတယ်။ အဲဒီနောက်ကြည့်လိုက်တော့လည်း၊ ညောင်တုန်း၊ ပန်းတနော်၊ ရေကြည်၊ ကြံခင်း၊ ကျုံပျော်၊ အိမ်မဲစသဖြင့်ပေါ့။ ကချင်ပြည်နယ် မိုးညှင်းကတစ်ဦးပါတာကလွဲရင် အားလုံးက ဧရာဝတီတိုင်းဒေသကြီးကပဲ ဖြစ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလိုနေရာမျိုးကတောင် တစ်ဦးတစ် လေမှပါတာမတွေ့ရပါဘူး။

အရင်းစစ်အမြစ်မြေက ဆိုသလိုပါပဲ။ မြို့ကြီးပြကြီးတွေမှာ သိပ္ပံရူးတွေတော်တော်ပေါပါတယ်။ မိဘ တွေကအစ ရူးကြပါတယ်။ တစ်ခါတစ်လေ “ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲ” ဆိုတာ မျိုးတွေလည်း တွေ့ရပါတယ်။ ဆိုလိုတာက ကလေးရဲ့ဝါသနာ၊ စိတ်ဆန္ဒကို ထည့်မတွက်ကြဘူး။ မိဘတွေကိုယ်တိုင်က ဆရာဝန်ရူး၊ အင်ဂျင်နီယာရူး၊ သင်္ဘောသားရူး ရူးနေကြတာ။ ဒါ့ကြောင့် ၉ တန်း တက်ပြီဆိုကတည်းက သိပ္ပံတွဲယူဖို့ပဲ အားသန်ကြပါတယ်။ သိပ္ပံတွဲဆိုတာတောင်မှ ဇီဝတွဲပါ။ သိပ္ပံတွဲ ဘောဂကိုတောင်မယူချင်ကြပါဘူး။ (ဘောဂတွဲကို ဝိပ္ပံတွဲလို့ခေါ်ကြတာပါ)။ ဝိဇ္ဇာတွဲကတော့ ရှင်းပါ တယ်။ သိပ္ပံဘာသာရပ် တစ်ခုမှမပါဘူး။

သိပ္ပံတွဲဖြစ်တဲ့ ဇီဝတွဲနဲ့ ဘောဂတွဲကိုကြည့်မယ်ဆိုရင်တောင်မှ မိဘတွေက ဇီဝတွဲမှ။ ဘောဂတွဲဆိုရင် နှာခေါင်းရှုံ့ကြတယ်။ “မင်းသားသမီးက ဘာဘာသာတွဲလဲလို့မေးရင် သိပ္ပံတွဲ၊ ဇီဝတွဲဆိုမှ ဂုဏ်ရှိပါသ တဲ့။ လူရာဝင်ပါသတဲ့။ ဘောဂတွဲလို့ပြောရမှာ “အောက်” တယ်လို့တောင် ဆိုသူကဆိုကြပါသေးတယ်။

ကျောင်းမှာလာအပ်တဲ့သူတွေကို ကြည့်လိုက်ပါတယ်။ ဇီဝတွဲယူသူများပါတယ်။ ဘောဂတွဲယူတဲ့သူက ဒုတိယအများဆုံးပါ။ ဝိဇ္ဇာတွဲယူသူကတော့ မရှိသလောက်ပါပဲ။ ဒါ့ကြောင့် ကျောင်းတွေမှာယထဝီဝင်၊ သမိုင်းသင်မယ့်ဆရာ၊ ဆရာမတွေလည်းရှိတောင်မှ ရှိပါဦးမလားလို့ တွေးမိတယ်။ (အများစုကမြန်မာ စာသင်တဲ့ဘက်ပြောင်းရပါတယ်)။ တစ်ခါဆရာ၊ ဆရာခန့်ထားရေးကိုကြည့်ရင်လည်း ဝိဇ္ဇာဘာသာရပ် နဲ့ဘွဲ့ရတဲ့သူတွေ သိပ်မခန့်တော့ပါဘူး။ သိပ္ပံတွဲနဲ့၊ အင်္ဂလိပ်စာနဲ့အဆင့်ကောင်းကောင်းအောင်သူတွေ (Master) တွေကိုပဲ ဦးစားပေးပြီး ခန့်နေပါတယ်။ ဝိဇ္ဇာဘာသာတွဲဆရာ၊ ဆရာမအတော်ရှားသွားပါပြီ။ ဒါကပညာရေးစနစ်ရဲ့ရလဒ်တစ်ခု။

ရန်ကုန်တိုင်းဒေသကြီးမှာ ဝိဇ္ဇာဘာသာတွဲသင်ယူသူမရှိသလောက်ပါပဲ။ စိတ်ကြိုက်မြန်မာစာအတွဲမှာ နှစ်ဦးဝင်ဖြေတယ်လို့ သိရတယ်။ နှစ်ဦးစလုံးလဲကျရှုံးတယ်လို့ ဖတ်မိပါတယ်။ အဓိကအချက်ကတော့ မိမိတို့နိုင်ငံမှာ ဝိဇ္ဇာဘာသာတွဲဟာ သုံးစားလို့မရအောင်ဖြစ်သွားတာပါပဲ။ ပထဝီ၊ သမိုင်းနဲ့ဘွဲ့ရလာ တော့လည်း ဘယ်သူကသုံးမှာလဲ။ ဘယ်နေရာမှာသုံးမှာလဲ။ ဒီတော့ဒီဘာသာတွဲတွေကို ကျောင်းသား တွေကစိတ်မဝင်စားကြတာလည်း ဆန်းတော့မဆန်းပါဘူး။ ပြောရရင် သိပ္ပံတွဲ (ဘောဂဗေဒ) တွဲကို တောင်မှ သိပ်အထင်မကြီးကြတာ။ တကယ်တော့ ဇီဝနဲ့ဘောဂတွဲဟာ သိပ်မကွာလှပါဘူး။ ဇီဝတွဲက ဆရာဝန်လိုင်း။ ဘောဂတွဲဆိုတာက အဲဒီဆရာဝန်လိုင်းကလွဲရင် အကုန်လျှောက်လို့ရပါတယ်။

ဒီတော့ လူတွေကဇီဝတွဲ၊ ဇီဝတွဲလို့ တစာစာမြည်နေကြတာ။ ဇီဝတွဲယူတဲ့သူတွေ အကုန်လုံးဆရာဝန် ဖြစ်ကြသလား။ ကြည့်လိုက်စမ်းပါဦး။ မဖြစ်ရေးချမဖြစ်ပါ။ မဖြစ်ရုံတင်ဘယ်ကမလဲ။ အောင်ရုံတောင် မအောင်တဲ့အဖြစ်က ခပ်များများ။ သူတို့က ဇီဝတွဲဆိုတဲ့ဂုဏ်ကိုပဲ ယူချင်ကြတာကိုး။ ကိုယ့်ကလေးရဲ့ ဉာဏ်ရည်၊ ကြိုးစားအားထုတ်မှုနဲ့ချိန်ထိုးပြီး ရွေးချယ်ခဲ့တာမှမဟုတ်တာ။ ဒီတော့ ဆရာဝန်လည်းမဖြစ်၊ အောင်လည်းမအောင်၊ အောင်ပြန်တော့လည်း မဖြစ်စလောက်အမှတ်မို့ ရိုးရိုးမေဂျာဘဝနဲ့ အဝေးသင် တက်ရပါတယ်။ အဝေးသင်တို့ဒေးတို့တက်တော့လည်း ဆယ်တန်းမှာယူတာက ဇီဝတွဲ (သိပ္ပံတွဲ)၊ ရတဲ့ မေဂျာက မြန်မာစာ၊ ပထဝီ၊ သမိုင်း၊ ဒဿနိကဗေဒတဲ့။ ကဲကောင်းကြသေးရဲ့လား။

စာရေးသူရဲ့ဆရာကြီးတွေပြောတာ မှတ်မိနေပါတယ်။ ဘာသာတွဲရွေးချယ်တဲ့နေရာမှာ လူတိုင်းက ဆရာဝန်လိုင်း၊ အင်ဂျင်နီယာလိုင်း၊ ရေကြောင်းလေကြောင်းနဲ့။ အဓိကကလေးပဲ။ သူ့ရဲ့ကြိုးစားမှု၊ စိတ်ဝင်စားမှု၊ ဉာဏ်ရည်ဉာဏ်သွေး အဲဒါတွေနဲ့လိုက်ဖက်မှ အောင်မြင်နိုင်ပါတယ်တဲ့။ နို့မဟုတ်ရင် ရည်မှန်းချက်မပြည့်နိုင်ပါဘူးတဲ့။ မိဘဆန္ဒမလွန်ဆန်နိုင်လို့ဖြစ်လာကြရင်လည်း ဆရာဝန်က မအောင် မြင်တဲ့ဆရာဝန်ပဲဖြစ်မယ်။ ဆေးမကုတတ်တဲ့ဆရာဝန်ပဲဖြစ်မယ်။ အင်ဂျင်နီယာဆိုရင်လည်း အိမ်မ ဆောက်တတ်တဲ့ အင်ဂျင်နီယာပဲဖြစ်ပါမယ်တဲ့။

ဆိုလိုတာကတော့ ဂုဏ်ပကာသနထက် မိမိကလေးနဲ့လိုက်ဖက်တဲ့ဘာသာတွဲကို ရွေးချယ်နိုင်ဖို့ပါပဲ။ မြန်မာစာဘွဲ့နဲ့လည်း စားမကုန်တဲ့သူတွေအများကြီးပါ။ အင်္ဂလိပ်စာ၊ သင်္ချာနဲ့လည်း ပေါက်မြောက် အောင်မြင်သူတွေ အများကြီးပါ။ အဓိကက ကိုယ်ယူထားတဲ့ဘာသာရပ်မှာ၊ ဒါမှမဟုတ်အသက်မွေးမှု မှာကိုယ်ကိုယ်တိုင်က Master ဖြစ်နေဖို့ပါပဲ။

သိပ္ပံထူးချွန်သူတွေအတွက်ကတော့ အထူးမပြောလိုတော့ပါဘူး။ သူ့မှာရွေးချယ်စရာတွေများပါတယ်။ ဝိဇ္ဇာတွဲထူးချွန်သူတွေအတွက်ကတော့ ဒဂုံတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ် (တာဝ) တို့မှာ သာမန် မေဂျာဘဝနဲ့တော့ ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ ရန်ကုန်တက္ကသိုလ်ထဲမှာ အထူးအဆင့်မြင့်ဘွဲ့ကြို သင်တန်းတွေတက်နိုင်မှာ ဖြစ်ပါတယ်။ ဝိဇ္ဇာဘာသာတွဲအဖြစ် ဂုဏ်သေးသိမ်စရာ ဘာမှမရှိတော့ပါ ဘူး။

နိုင်ငံတော်ဘက်ကလည်း ထူးချွန်ထက်မြက်တဲ့ ဝိဇ္ဇာဘာသာရပ်ပညာရှင်တွေ မွေးထုတ်နိုင်သလို အလုပ်အကိုင်အခွင့်အလမ်းအားဖြင့်လည်း ဖန်တီးဖော်ဆောင်ပေးနိုင်ဖို့လိုပါတယ်။ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တဲ့အခါမှာ သိပ္ပံပညာရှင်တွေနဲ့ချည်းမရပါဘူး။ တွေးခေါ်မြော်မြင်ခြင်း၊ ဆင်ခြင်သုံးသပ် ခြင်း၊ တီထွင်ကြံဆဆန်းစစ်နိုင်ခြင်းစတဲ့ ဝိဇ္ဇာဘာသာရပ်နဲ့ အကျိုးအာနိသင်တွေကိုလည်း ချန်လှပ် ထားလို့မရပါဘူး။

ဒါ့ကြောင့် အသိပညာရှင်အတတ်ပညာရှင်တွေကို ဟန်ချက်ညီညီမွေးထုတ်နိုင်တဲ့ ပညာရေးစနစ်မျိုးဖြစ် ဖို့လိုပါတယ်။ တစ်ဖက်သတ်အသားပေးထားတဲ့ ပညာရေးစနစ်ဟာရေရှည်မှာ အနုတ်လက္ခဏာ (Negative effect) တွေကြုံတွေ့လာနိုင်ပါတယ်။ ဆိုလိုတာကတော့ ဘယ်လောက်ပဲဆန်းသစ်တဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေပဲဖြစ်ဖြစ်၊ တွေးခေါ်မြော်မြင်ဆင်ခြင်သုံးသပ်ခြင်းက စတင်တာပါပဲ။ ဒါကြောင့်လည်း “သဘောတရားဟူသည် ဘဝရှေ့ဆောင်မီးရှူးရောင်” လို့ပဲဆိုခဲ့ကြဖူးတယ်။ ဒါကြောင့် အတွေ့အကြုံနုနယ်သေးတဲ့ ကလေးတွေကိုရွေးချယ်ခွင့်ပေးပါ။ လမ်းညွှန်မှုပြုပါ။ တစ်ဖက်သတ်ဖိအား မပေးပါနဲ့။ ရွေးချယ်မှုမှန်ရင် ထိုက်သင့်တဲ့အောင်မြင်မှုရနိုင်ပါတယ်။ ရွေးချယ်မှုမှားတဲ့အတွက် ထိုက် သင့်တဲ့အောင်မြင်မှုတောင်မရဘဲ ကျရှုံးသွားသူတွေ များလှပါတယ်။ ပညာရေးအဟောသိကံများလေ လေတိုင်းပြည်နစ်နာလေလေပါပဲဗျာ။ 


Democracy Today Daily
ဇူလိုင် (၁) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...