မ၀လွန်း မပိန်လွန်းစေဖို့

ပုံပြင်တွေထဲမှာ အကြိုက်ဆုံး ကတော့ ဆိတ်ကို အစာဝအောင် ကျွေးတဲ့ ပုံပြင်ပါ။ တစ်ခါက ရွာတစ်ရွာမှာ စိတ်ကောင်း မရှိတဲ့ သူဌေးကြီး တစ်ဦးက သူ့ဆီက ငွေချေးထားပြီး ပြန်ဆပ်ဖို့ အခက် အခဲဖြစ်နေတဲ့ ဆင်းရဲသား လယ်သမားတွေနဲ့ အလောင်းအစား လုပ်ပါသတဲ့။ သူမွေး ထားတဲ့ ဆိတ်တွေထဲက တစ်ကောင်ကို ၃ ရက် ယူထားပြီး အစာဝအောင် ကျွေး၊ ၃ရက်ပြည့်လို့ ဆိတ်က အစာဝသွားရင် သူ့ဆီက လယ်သမားက ယူထားတဲ့ ကြွေးတွေကို လျော်ပစ်ပေးမယ်။ ၃ရက်ပြည့်လို့ ဆိတ်က အစာမ ၀ရင်တော့ လယ်သမားပိုင်တဲ့ လယ်ကို သိမ်းမယ်လို့ အလောင်း အစား လုပ်တာ ဖြစ်ပါတယ်။ အဲဒီမှာ ပထမ လယ်သမား နှစ်ယောက်က သူဌေးရဲ့ ဆိတ်ကို အိမ်ခေါ်သွားပြီး ၃ရက်လုံး အစာ အ၀ကြွေးတယ်။ ၃ရက်လည်း ပြည့်ရော သူဌေးရှေ့ ရောက်တော့ သူဌေးက ဆိတ်ကို မြက် တစ်ဆုပ် ချကျွေးလိုက်တာ ဆိတ်က စားသေးတာပဲ။ အဲဒီမှာ ဆိတ် အစာမ၀သေးဘူးဆိုပြီး လယ်သမားရဲ့ လယ်ကို သူဌေးက သိမ်းလိုက် တာပါပဲ။ အဲဒီမှာ သူဌေး လည်း သူ့နည်းလမ်းကို အရမ်းသဘောကျပြီး နောက်ထပ် ဘယ်သူ လောင်းရဲသေးသလဲလို့ စိန်ခေါ်တာ ဘယ်သူမှ မလောင်းရဲတော့လို့ လောင်းကြေးကို တိုးပြီး ဆိတ်ကို အစာဝအောင် ကျွေးနိုင်ရင် အကြွေး တွေကို လျော်ပစ်ရုံတင်မကဘူး၊ လယ် ၁၀ ဧကပါ ပေးဦးမယ်လို့ ဆင်းရဲသားလယ်သမားတွေကို စိန်ခေါ် ပါတယ်။

အဲဒီမှာ အဖြစ်အပျက်တွေကို အစအဆုံးမြင်ပြီး သင်ခန်းစာယူထား တဲ့ လယ်သမားတစ်ယောက်က သူဌေး စိန်ခေါ်တာကို လက်ခံပြီး သူဌေးရဲ့ ဆိတ်ကို ခေါ်သွားပါတယ်။ ဆိတ်က မြက်ကျွေးရင် ဘယ်လို မဆို စားမှာ ပဲဆိုတော့ အရင် လယ်သမားနှစ်ယောက်လို ချဉ်းကပ်ပုံနဲ့ကတော့ မဖြစ် ဘူး။ ဒါပေမဲ့ သူဌေးက ဆိတ်ကို မြက်ချကျွေးတော့မယ်ဆိုတာ သိထားတဲ့ အတွက် မြက်ကြိုက်တတ်တဲ့ ဆိတ်က မြက်မစားချင် ဖြစ်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး နည်းလမ်းရှာရမှာ ဖြစ်ပါတယ်။ အဲဒီမှာ ၃ရက် လုံးလုံး ဆိတ်ကို မြက်ချကျွေးလိုက်၊ ဆိတ်က စားမလို့ လုပ်ရင် တုတ်တစ် ချောင်းနဲ့ ရိုက်လွှတ်လိုက်၊ ဆိတ်က ထွက်ပြေးသွားလိုက်၊ ခဏနေရင် ဆိတ်ကို မြက်ချကျွေးလိုက်၊ ဆိတ်က စားမလို့ လုပ်ရင် တုတ် တစ်ချောင်း နဲ့ ရိုက်လွှတ်လိုက်၊ ဆိတ်က ထွက်ပြေးသွားလိုက်၊ အဲဒါပဲ ၃ရက်လုံး လုပ်နေတယ်။ ၃ ရက် ပြည့်လို့ သူဌေးရှေ့လည်း ရောက်ရော ထုံးစံအတိုင်း သူဌေးက ဆိတ်ကို မြက်ချကျွေးတာမှာ ဆိတ်က တစ်ချိုးတည်း ထွက်ပြေး သွားပါတယ်။ အဲဒီမှာ ၀ိုင်းကြည့်နေတဲ့ ရွာသူရွာသားတွေအားလုံးက ဆိတ် အစာဝလို့ ထွက်ပြေးသွားပြီလို့ ၀ိုင်းပြောကြတဲ့အတွက် သူဌေးအရှုံး ပေးလိုက်ရပါတယ်။ အကြံကောင်းတဲ့ တတိယလယ်သမားလည်း သူဌေး ကို အကြွေးတွေ လျော်ပစ်ခိုင်းပြီး သူဌေးဆီက ရလာတဲ့ လယ် ၁၀ဧက ထဲက ပထမလယ်သမားနှစ်ယောက်ရဲ့ လယ်တွေကို ပြန်ပေးလိုက်ပါ သတဲ့။

ဒီပုံပြင်ကလေးကို နည်းမှီးပြီး အစားလျှော့စားတဲ့ နည်းလမ်းနဲ့ ပိန် အောင်လုပ်ချင်သူတွေ အောင်မြင်နိုင် မယ်လို့ ထင်ပါတယ်။ အစားတစ် လုပ်စားတိုင်း ဘေးကနေ တုတ်နဲ့ ရိုက်ပေးလို့ တစ်ယောက်ယောက်ကို ခိုင်းထားဖို့ မဟုတ်ပါဘူး။ ရေဖြစ်ဖြစ်၊ ချွေးထွက်များတဲ့အခါဆိုရင် သီးစုံဓာတ်ဆားဖြစ်ဖြစ်၊ သံပုရာရည် ဖြစ်ဖြစ်၊ အခြား ကယ်လိုရီမများတဲ့ သောက်စရာ တစ်ခုခုဖြစ်ဖြစ် အသင့်ဆောင်ထားပြီး ထမင်းစားတဲ့ အခါ တစ်လုပ်နှစ်လုပ် စားလိုက် ရေ (ဒါမှမဟုတ် သောက်စရာ)ကို နည်းနည်း သောက်လိုက် လုပ်ဖို့ ဖြစ်ပါတယ်။ အဲဒီအခါ လေးငါးလုပ်စားလိုက်တာနဲ့ ရေကလည်း လေးငါးလုပ်သောက်ပြီးသွားလို့ ၀ သလို ခံစားရပြီး ထပ် မစားဘဲ နေနိုင်မှာ ဖြစ်ပါတယ်။ ခဏနေလို့ ထပ်ဆာလာရင် တစ်လုပ် နှစ်လုပ် စားလိုက် ရေ (ဒါမှမဟုတ် သောက်စရာ) နည်းနည်း သောက် လိုက် ထပ်လုပ်ရပါမယ်။ အဲဒီလို နည်းနည်းဒုက်္ခခံပြီး ရေသောက်တာများ လို့ ဆီးသွားချင်ရင်သွား၊ ခဏခဏ နည်းနည်းစီ စားနေရင် ရက်ပိုင်း အတွင်း ဒါမှမဟုတ် တစ်ပတ် နှစ်ပတ်အတွင်း အစာအိမ် နည်းနည်း သေးသွားပြီး ရေအများကြီး သောက်စရာ မလိုဘဲ နည်းနည်းစားတာနဲ့ ၀ သွားမှာ ဖြစ်ပါတယ်။ ခဏခဏလည်း စားစရာမလိုတော့ဘဲ အဆင်ပြေ သွားနိုင်ပါတယ်။ အစားအသောက်ကို အလွယ်တကူ မလျှော့နိုင်တဲ့ အ၀ လွန်နေသူတွေ ဒီနည်းနဲ့ တစ်လ အတွင်း ၁၀ပေါင် ၁၅ပေါင်လောက် ကျသွားနိုင်တာမို့ နည်းလမ်းကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အစကတည်းက အစားနည်းပြီးသားသူတွေအတွက်ကတော့ ထိရောက် မှာ မဟုတ်ပါဘူး။

အလုပ်ရှာနေတဲ့ လူငယ်တွေနဲ့ အလုပ်ရခါစ အတွေ့အကြုံနဲ့ အသိ ပညာကျွမ်းကျင်မှုတွေ ဆည်းပူးရှာမှီး နေဆဲ လူငယ်တွေအတွက် မ၀လွန်း မပိန်လွန်း သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိဖို့ကလည်း အရေးကြီးပါ တယ်။ မ၀လွန်း မပိန်လွန်း သင့်တော်တဲ့ ကိုယ်အလေးချိန် ရှိမှ အသက် ရှည် ကျန်းမာမှာ ဖြစ်တဲ့အပြင် ၀လွန်းခြင်း ပိန်လွန်းခြင်းဟာ အလုပ်ထဲမှာ အောင်မြင်မှုရဖို့နဲ့ လူမှုဆက်ဆံရေး အဆင်ပြေဖို့ အနည်းနဲ့ အများ အဟန့် အတားဖြစ်တတ်ပါတယ်။ ဘယ်အလုပ်ရှင်မဆို အခြားအရည်အချင်းတွေ လုပ်ရည် ကိုင်ရည်နဲ့ စွမ်းဆောင်မှုတွေ တူညီနေတယ်ဆိုရင် ၀လွန်း ပိန် လွန်းသူတွေထက် မ၀လွန်း မပိန်လွန်း ကြည့်ပျော် ရှုပျော် ရှိသူတွေကို ခန့်ချင်မှာ ဖြစ်ပါတယ်။ ဘယ်သူမဆို အခြားအချက်တွေ အားလုံး မတိမ် မယိမ်းဆိုရင် မ၀လွန်း မပိန်လွန်း ကြည့်ပျော် ရှုပျော် ရှိသူတွေနဲ့ ပိုပြီး ပေါင်းသင်းဆက်ဆံချင်မှာ ဖြစ်ပါ တယ်။ ခွဲခြားဆက်ဆံမှု မရှိစေရဘူး၊ တန်းတူရည်တူဖြစ်စေရမယ် စသည်ဖြင့် ဘယ်လိုပဲ ပြောနေနေ၊ စာရွက် ပေါ်မှာ မူဝါဒတွေ စည်းမျဉ်းတွေကို ဘယ်လိုပဲ ရေးထားရေးထား အလုပ်ရှင်တွေ၊ ပေါင်းသင်း ဆက်ဆံရတဲ့ မိတ်ဆွေ သူငယ်ချင်း လုပ်ဖော် ကိုင်ဖက်တွေက လူတွေပဲဖြစ်လို့ လူ့သဘာဝ အမူအကျင့် တွေကတော့ ကောင်းတာရော ဆိုးတာရော မသိမသာ တစ်မျိုး၊ သိသိသာသာ တစ်မျိုး အကျိုးသက် ရောက်မှု ရှိမှာပဲဖြစ်ပါတယ်။

ဆရာသုတ 
JOB seekers Vol.3,No.7 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...