ဘရာဇီးလ်တွင် ဒေါ်လာ ၆.၃ သန်း တန်ဖိုးရှိ Samsung ဖုန်းများနှင့် ကွန်ပျူတာများ ဓားပြတိုက်ခံရ

ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့ အနီးရှိ Samsung Electronics စက်ရုံတစ်ခုတွင် ဓားပြများက အမေရိကန်ဒေါ်လာ ၆.၃ သန်း တန်ဖိုးရှိသည့် စမတ်ဖုန်းများ၊ tablet များနှင့် notebook ကွန်ပျူတာများကို လုယက်ခဲ့ပြီး ဝန်ထမ်းများကိုလည်း ဓားစာခံအဖြစ် ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် လက်နက် ကိုင်ဆောင်ထားသည့် ဓားပြများသည် စက်ရုံဝန်ထမ်းများ အသုံးပြုသည့် ပစ္စည်း သယ်သည့် ကားကိုလည်း ယူဆောင်သွားခဲ့သည်။

ပြည်နယ်၏ အများပြည်သူလုံခြုံရေး အတွင်းဝန်များရုံးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ လက်နက်ကိုင် ဓားပြများသည် ထရပ်ကား ၇ စီးနှင့်အတူ Samsung ထုတ်ကုန် ၄၀,၀၀၀ ကျော်ကို လုယက် သယ်ဆောင် သွားခဲ့ကြောင်း၊ ပြည်နယ်ရဲများ အနေဖြင့် အဆိုပါ လုယက်မှုကို စုံစမ်းစစ်ဆေး aနသော်လည်း မသင်္ကာဖြစ်စရာ အခြေအနေများ မတွေ့ရှိရသေးပေ။

အစောပိုင်းကမူ လုယက်ခံရသည့် Samsung ထုတ်ကုန်များ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၆ သန်း ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် Samsung က လုယက်ခံရသည့် ထုတ်ကုန်တန်ဖိုး ခန့်မှန်းသည်ထက် နည်းပါးကြောင်းဆိုခဲ့သည်။ Samsung သည် လုယက်ခံရမှုတွင် ဝန်ထမ်း ၅၀ ဦး ပြန်ပေးဆွဲခံရကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောကြားရန် ငြင်းဆိုခဲ့ သည်။

“ကျွန်တော်တို့ ရဲအဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။ နောက်တစ်ခါ ဒီလိုဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားအောင်လည်း အကောင်းဆုံး ကြိုးပမ်းလုပ်ဆောင်သွားမှာပါ” ဟု Samsung Electronic ဘရာဇီးလ်ဌာနခွဲက ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Ref: Reuters
Internet Journal
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...