လားရှိုး မူလတန်းကျောင်း ၂၅ ကျောင်း၌ ရှမ်းစာပေ စတင်သင်ကြား

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ ကောင်းကြဲ ကျေးရွာအုပ်စု ကောင်းကြဲရွာ အ.မ.က ကျောင်းတွင် ကျောင်းတွင်း၌ ကျောင်းချိန်ပြင်ပ တိုင်းရင်းသားစာပေ (ရှမ်း) စတင်သင်ကြားမှု ဖွင့်ပွဲကို သြဂုတ် ၇ ရက်တွင် ကျင်းပခဲ့ပြီး စတင် သင်ကြား ခဲ့သည်။

တိုင်းရင်းသား စာပေကို လားရှိုးမြို့နယ် အတွင်းရှိ ကျေးရွာများမှ မူလတန်း ၂၅ ကျောင်း၌ သင်ကြား မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား စာပေတရားဝင် သင်ကြားခွင့်ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်များအတွင်းရှိ မူလတန်းကျောင်းများမှ စာသင်ဆောင်များ၊ စာသင်ခုံများနှင့် ကျောက်သင်ပုန်း တို့ကို အသုံးပြုရမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်ရုံးများ၏ ခွင့်ပြုချက်များရရှိပြီးမှ ယခုနှစ် ၂၀၁၄-၁၅ ပညာသင်နှစ်မှစတင်ကာ ကျောင်းတွင်း၌ကျောင်းချိန်ပြင်ပ တိုင်းရင်းသားစာပေ (ရှမ်းဘာသာ စကား) သင်ကြားနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ သိရသည်။

“တိုင်းရင်းသားတွေလဲ ရှမ်းစာပေကိုလေ့လာသင်ယူပြီး လူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေပိုလာ အောင် စည်းလုံးညီညွတ်မှုတွေ ပိုမိုရှိလာအောင် ရည်ရွယ်ပြီးတော့ ဒီလိုဖွင့်လှစ် ရခြင်းဖြစ်ပါတယ်။ သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်ပညာရေးရုံးဌာနတွေကလဲ ခွင့်ပြုချက်ရပါတယ်” ဟု မြို့နယ်ရှမ်းစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့၏ ဥက္ကဋ္ဌစိုင်းအောင်က ပြောသည်။

အဆိုပါကျောင်းတွင်း၌ ကျောင်းချိန်ပြင်ပ တိုင်းရင်းသားစာပေ (ရှမ်း) သင်ကြားရေးကို မူလတန်း ၂၅ ကျောင်းတွင် ဆရာ၊ ဆရာမ ၂၉ ဦြးုဖင့် သင်ကြားရန်လျာထားသော် ကျောင်းသားအင်အားများသည့် အတွက် ရှစ်ဦးထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။

ရှမ်းစာပေသင်ကြားရန် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၈၂၇ ဦးရှိကြောင်း၊ သင်ရိုးညွှန်းတမ်းစာ အုပ်များအား ရှမ်းစာပေတတ်ကျွမ်းသော ပညာရှင် ၁၉ ဦးမှ ပြုစုထားပြီး မြန်မာနိုင်ငံပညာရေးအတွက် ခွင့်ပြုထားသည့် ပုံနှိပ်စာအုပ်များကိုသာ အသုံးပြုမည်ဖြစ်ပြီး လားရှိုးမြို့၌သာသုံးမည်ဟု သိရှိရသည်။

“တစ်ခေတ်တစ်ခါက အထူးသဖြင့်တိုင်းရင်းသားတွေမှာ ကိုယ်ပိုင်စာပေတွေ၊ ယဉ်ကျေးမှုတွေနဲ့ ရပ် တည်လာတာပါပဲ။ တိုင်းရင်းသားကြီးတွေ လက်ဆင့်ကမ်းပြီး မြတ်မြတ်နိုးနိုးနဲ့ ထိန်းသိမ်းလာခဲ့လို့ တည်တံ့နေတာပါ။ အခုလိုကျောင်းချိန်ပြင်ပ တိုင်းရင်းသားစာပေသင်ကြားတာဟာ အလွန်ကောင်းပါ တယ်။ ဒါမှနောင်လာမယ့် ကလေးကဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတွေကို တန်ဖိုးထားလာကြမှာပါ” ဟု ပြည်နယ်ပညာရေးမှူးရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကြည်က ဆိုသည်။

ကျောင်းချိန်ပြင်ပ တိုင်းရင်းသားစာပေသင်ကြားရေးကို သူငယ်တန်းတက်ရောက်မည့် ကျောင်းသား/ ကျောင်းသူများကိုလည်း မဖြစ်မနေ Greade (၁) မှစတင်ပြီး Grade (၃) အထိသင်ကြားမည်ဖြစ် ကြောင်း၊ ကျန် Grade (၄၊၅) အတန်းများကိုလဲ ဖတ်စာသင်ရိုးများ ပိုင်းခြားပြီးနံနက် ၇ နာရီခွဲမှ ၈ နာရီ ခွဲတွင် သင်ကြားမည်ဖြစ်ကြောင်း၊ ကျောင်းသုံးစာအုပ်များကိုလည်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ကျန်ကျေးရွာများရှိ မူလတန်းကျောင်း (၂၄) ကျောင်းကိုလည်း ဆက်လက် ဖွင့်လှစ်ရန်ရှိသည်ဟု သိရသည်။ 


Democracy Today Daily
သြဂုတ် (၁၀) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...