အင်ဂျင် အမျိုအစားများ အပိုင်း(၁)

Electric Motor

ဒီတစ်ပတ်က စပြီးတော့ ကျွန်တော်တို့ အမျိုးအစား များစွာသော အင်ဂျင် အမျိုးအစားတွေ အကြောင်း ကို ကြည့်ရအောင် ပါနော်။ ဒီနေ့တော့ အဖွင့် အနေနဲ့ လျှပ်စစ်မော်တာ အကြောင်းနဲ့ ဖွင့်ချင် ပြီးတော့ သူကတော့ နောက်ပိုင်းမှာ အသုံးများ လာတဲ့ အင်ဂျင် စနစ် ဖြစ်ကာ လျှပ်စစ်ကားတွေမှာ အသုံးများမှာ ဖြစ်ပြီးတော့ Hybridနဲ့ Plug-in တွေ မှာလည်း တပ်ဆင် ထုတ်လုပ်တတ်တာ တွေ့ရ ပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ကြည့် ရအောင် ပါနော်။

လျှပ်စစ်မော်တာ ဆိုတာကတော့ လျှပ်စစ် စွမ်းအင်ကို အသုံးပြုပြီး လည်ပတ်တဲ့ အင်ဂျင် ဖြစ်ပြီးတော့ သူက လျှပ်စစ်စွမ်းအင်ကနေ စက်စွမ်းအင် အဖြစ်ကို ပြောင်းလဲပေးတဲ့ အင်ဂျင် အမျိုးအစားလည်း ဖြစ်ပါတယ်။ ပုံမှန် လျှပ်စစ် စွမ်းအင်ထုတ် ဒါမှမဟုတ် လျှပ်စစ်စွမ်းအင်သုံး အင်ဂျင်တွေကတော့ အင်ဂျင် ထဲမှာ တပ်ဆင်ထားတဲ့ သံလိုက်လှိုင်းတွေကို အတတ်နိုင်ဆုံး လည်ပတ်နိုင်သမျှ လည်ပတ်စေပြီးတော့ လျှပ်စစ်စွမ်းအင်ကို ထွက်ရှိလာအောင် ဖန်တီးတာ ဖြစ်ပြီးတော့ အင်ဂျင်အတွင်းမှာ စက်စွမ်းအင် ဖြစ်လာ အောင် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ မော်တော်ကား တွေမှာ တပ်ဆင်တတ်တဲ့ လျှပ်စစ်အင်ဂျင်နဲ့ ကွာခြားသွားတာ ကားတွေမှာ တပ်ဆင်တဲ့ လျှပ်စစ်အင်ဂျင်က စွမ်းအင်ကို ထုတ်ပေးနိုင်သလို၊ အသုံး လည်း ပြုနိုင်တယ်၊ နောက်တစ်ဖန် အသုံးပြုပြီး လျှပ်စစ်စွမ်းအင်ကနေ စက်စွမ်းအင်ကိုလည်း ပြောင်းလဲ ပေးနိုင်တယ်၊ ပြီးတော့မှ စွမ်းအင် ထောက်ပံ့မှုရော၊ ရပ်နား ဖြတ်တောက်မှုကိုရော စွမ်းဆောင် ပေးနိုင် တာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အိမ်သုံး လျှပ်စစ်မော်တာတွေ သုံးထားတဲ့ လေပန်ကာတွေ၊ ရေစုပ်စက်တွေနဲ့ အခြားသော လျှပ်စစ် အင်ဂျင်တပ် စက်ပစ္စည်းတွေက လျှပ်စစ်စွမ်းအင်ရဲ့ ထောက်ပံ့စနစ် အဖြစ်နဲ့ ဘက်ထရီကလာတဲ့ DCအားကို အသုံးပြုလည်ပတ်နိုင်ပေမယ့် မော်တော်ကားတွေမှာ တပ်ဆင်ထားတဲ့ လျှပ်စစ်အင်ဂျင်တွေ ကတော့ ပင်မ လျှပ်စစ်စွမ်းအင်ကို အိမ်သုံး လျှပ်စစ်မီးလိုင်းတွေက ဖြစ်စေ၊ Inverter တွေက တစ်ဆင့် ဖြစ်စေ၊ လျှပ်စစ်မီးစက် တွေကနေ ဖြစ်စေ AC လျှပ်စစ်စွမ်းအားကိုပဲ လက်ခံနိုင်တာ တွေ့နိုင်ပါတယ်။

ဒါကြောင့် လျှပ်စစ် အင်ဂျင် တစ်ခုကို အမျိုးအစား ခွဲတော့မယ် ဆိုရင် ကြည့်ရမယ့် အချက်တွေက ပင်မ လျှပ်စစ်စွမ်းအင် စနစ် (ACလျှပ်စစ်စွမ်းအားကို သုံးသလား၊ DCလျှပ်စစ်စွမ်းအားကို သုံးသလား)ဆိုတဲ့ အချက်ရယ်၊ အတွင်းပိုင်း တည်ဆောက်ပုံ (သံလိုက်ကွိုင်ကနေ လျှပ်စစ်ထုတ်ပေးသလား၊ လျှပ်စစ်စွမ်းအင် ကို စက်စွမ်းအင် အဖြစ်ပြောင်းလဲ ပေးသလား)ဆိုတဲ့ အချက်ရယ်၊ လုပ်ဆောင်လည်ပတ်ပုံ (လျှပ်စစ် စွမ်းအင် ထုတ်သလား၊ သုံးသလား)ဆိုတဲ့ အချက်နဲ့ စွမ်းအင် ထုတ်ပုံ အမျိုးအစားတွေ (အရွေ့အတွက် စွမ်းအင် ထုတ်သလား၊ တည်မြဲအတွက် စွမ်းအင်ထုတ်သလား)ဆိုတဲ့ အချက်တွေကို ကြည့်ရမှာပဲ ဖြစ်ပါ တယ်။

ဒီနေရာမှာ အရွေ့စွမ်းအင်ထုတ်တိုင်း လျှပ်စစ်အင်ဂျင် ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ကိုလည်း သတိချပ် ရမှာ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ လျှပ်စစ်စွမ်းအင်ကို သုံးပြီး အရွေ့စွမ်းအင် ထုတ်ပေးတယ်ဆိုတာနဲ့ မော်တော်ကားတွေမှာ တပ်ဆင်တဲ့ လျှပ်စစ်အင်ဂျင် ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ အလွယ်ဆုံး ဥပမာ ပေးရမယ်ဆိုရင် သံလိုက်ကွိုင်တွေ ထည့်သွင်းတည်ဆောက်ထားတဲ့ အင်ဂျင်တွေနဲ့ အသံချဲ့စက်သုံး Speakerတွေဆိုရင် လျှပ်စစ်စွမ်းအင်ကို အသုံးပြုပြီး အရွေ့စွမ်းအင်ကို ထုတ်လုပ်တာ ဖြစ်ပေမယ့် သူတို့က မျက်စိနဲ့ မြင်တွေ့နိုင်တဲ့ လက်တွေ့ကျတဲ့ အရွေ့စွမ်းအင်ကို ထုတ်ပေးနိုင်တာ မဟုတ် တာကြောင့်၊ နားလည်လွယ်အောင် ပြောရရင် မျက်စိရှေ့မှာ တစ်စုံတစ်ရာရွေ့လျားသွားအောင် ဖန်တီးနိုင်တာ မဟုတ်တာကြောင့် သူတို့ကို Actuatorတွေ ဒါမှမဟုတ် Tranducerတွေလို့ ခေါ်ပါတယ်။ ဒါကြောင့် မော်တော်ကားတွေမှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်နဲ့ သူတို့နဲ့ ကွဲပြားသွားတာကတော့ ကားမှာ တပ်ဆင်ထားတဲ့ လျှပ်စစ်အင်ဂျင် စနစ်တွေက ရုန်းအားကို ဖြစ်စေနိုင်သလို အရွေ့ကိုလည်း ဖြစ်စေနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဒီနေရမှာ မော်တော်ကားတွေမှာ တပ်ဆင် အသုံးပြုတာများတဲ့ လျှပ်စစ်အင်ဂျင်တွေ အကြောင်းကို ပြောပြချင်ပါတယ်။ ပထမဆုံး ပြောပြချင်တဲ့ အသုံးများ အင်ဂျင်ကတော့ Brushless DC Motor ဖြစ်ပြီး တော့ သူ့ကို BLDC လို့ ခေါ်သလို BLDM လို့လည်း ခေါ်ပါတယ်။ သူရဲ့ အားသာချက်ကတော့ သက်တမ်း ရှည်ကြာအောင် အသုံးပြုနိုင်တယ်၊ ပြင်ဆင်စရိတ် နည်းသလို ဆက်စပ်ပစ္စည်း ပေါများတယ်၊ စွမ်းဆောင် ရည် ကောင်းမွန်တယ်ဆိုတဲ့ အချက်တွေ ဖြစ်ပြီးတော့ အားနည်းချက် အပိုင်းမှာက ကနဦး တပ်ဆင်စရိတ် မြင့်မားတာပဲ ဖြစ်ပါတယ်။ သူ့ကို CD/DVD Player တွေက အစ လျှပ်စစ်ကားတွေထိအောင် အရွယ် အစားကို လိုက်ပြီး တပ်ဆင်အသုံးပြုတာ တွေ့ရပေမယ့် မော်တော်ကားတွေမှာတော့ တပ်ဆင်စရိတ် ကြောင့် အသုံးနည်းပါတယ်။

နောက်ထပ်ပြောရမယ့် အမျိုးအစားကတော့ Switched Reluctance Motor(SRM)ဖြစ်ပြီးတော့ သူ့ရဲ့ အားသာချက်က သက်တမ်းရှည် သုံးနိုင်တယ်၊ ပြင်ဆင်စရိတ်နည်းပါးတယ်၊ စွမ်းဆောင်ရည် ကောင်းမွန် တယ်၊ သံလိုက်ကွိုင်ထည့်သွင်းတည်ဆောက်စရာမလိုဘူး၊ ကနဦတပ်ဆင်စရိတ်လည်း နည်းပါးတယ်၊ တည်ဆောက်ပုံလည်း ရိုးရှင်းတယ်ဆိုတဲ့ အားသာချက်တွေ အများကြီး တွေ့ရပါတယ်။ အားနည်းချက် အပိုင်းမှာတော့ စက်စွမ်းအင် ပြန်လည် ထုတ်ပေးမှု အပိုင်းမှာ လွဲချော်မှုတွေ ဖြစ်တတ်ပြီး ပြန်လည် ချိန်ညှိရတာမျိုး တွေရှိနိုင်သလို Ironဆုံးရှုံးမှုများစေနိုင်တာတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အားသာ ချက်များတဲ့ ဒီစနစ်ကို လျှပ်စစ်ကားတွေမှာတင် မဟုတ်ပဲ လေယာဉ်တွေက လိုအပ်တဲ့ လျှပ်စစ်အင်ဂျင် အပိုင်းတွေမှာပါ ထည့်သွင်း အသုံးပြုတတ်တာ တွေ့ရပါတယ်။

နောက်ထပ်အသုံးများတဲ့ အမျိုးအစားတစ်ခုကတော့ Synchronous Reluctance Motor(SyRM) ဖြစ်ပြီး တော့ သူက အထက်မှာ ပြောခဲ့တဲ့ အမျိုးအစားထက် စွမ်းဆောင်ရည် ပိုမို မြင့်မားကောင်းမွန်တာ တွေ့ရ သလို ခရီးဝေး(အချိန်ကြာ)အသုံးပြုမှုတွေ အတွက်ပါ အင်ဂျင်အေးစေတာ တွေ့ရပါတယ်။ ဒါပေမယ့် အားနည်းချက် အပိုင်းမှာတော့ Controller ထည့်သွင်းတည်ဆောက်မှ အင်ဂျင်က ပုံမှန် လုပ်ငန်းလည် ပတ်နိုင်တာ တွေ့ရသလို တပ်ဆင်စရိတ်ရော တည်ဆောက်ရမှု စရိတ်တွေပါ များပြားတာ တွေ့ရပါတယ်။ သူ့ကိုလည်း မော်တော်ကားတွေနဲ့ လေယာဉ်ရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေမှာ ထည့်သွင်း တည် ဆောက်တာ တွေ့ရပြီး SRM စနစ်လောက်တော့ အသုံး မများလှပါဘူး။


လင်းလင်း (IA)
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...