ရှိဗနင်း ပညာသင် ဆုအတွက် မြန်မာ ကျောင်းသားများ လျှောက်ထားရန် ဗြိတိသျှသံရုံး တိုက်တွန်း

၂၀၁၅-၂၀၁၆ ပညာ သင်နှစ်တွင် ဗြိတိသျှနိုင်ငံ၌ ဘွဲ့လွန် ပညာများ ဆက်လက် သင်ကြားနိုင်ရန် မြန်မာနိုင်ငံမှ ကျောင်းသားများ အနေဖြင့် ရှီးဗနင်း ပညာသင် ဆုကို လျှောက်ထား နိုင်ကြောင်း ဗြိတိသျှသံ ရုံးက တိုက်တွန်းကြောင်း သိရသည်။

“ရှီဗနင်း ပညာသင် ဆုတွေဟာ ဗြိတိသျှနိုင်ငံက အကောင်းဆုံး တက္ကသိုလ်တွေမှာ ပညာ သင်ကြားဖို့၊ အကောင်းဆုံး ပညာတွေ သင်ယူ တတ်မြောက် ထားကြတဲ့ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ ဆက်သွယ်ဖို့အတွက် အလွန်အင်မတန် ကောင်းမွန်တဲ့ အခွင့်အရေးကို ပေးအပ်နေ တာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မစ္စတာ အန်ဒရူးပက်ထရစ်က ပြောသည်။

ပညာသင်ဆုတွင် ဗြိတိန်ပြည်ဝင်ခွင့်၊ ဗြိတိန်နိုင်ငံသို့ အသွားအပြန် လေယာဉ်လက်မှတ် (တစ်နှစ်တွင် ပေါင် ၁၃၀၀၀ ထက်မပို) ကျောင်းလခအားလုံး လစဉ်ထောက်ပံ့ကြေးငွေနှင့် အသုံးစရိတ်များပါဝင် သည်။

ကျောင်းလခတစ်နှစ်လျှင် ပေါင် ၁၃၀၀၀ ထက်ပိုသည့် သင်တန်းကို တက်ရောက်လိုပါက ပညာသင်စ ရိတ်တစ်စိတ် တစ်ပိုင်းကို လျှောက်ထားသူက ကိုယ်တိုင်ကျခံမည်ဖြစ်ကာ ပညာတော်သင်ဆုများ၌ မှီခို နေသူများအတွက် စရိတ်မပါဝင်ကြောင်း သိရသည်။

ရန်ကန်ုမြို့ရှိ ဗြိတိသျှသံရုံးသည် နိုင်ငံရေး၊ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာဆက်ဆံရေး၊ ဖွံ့ဖြိုးရေးပညာ၊ လူ့ အခွင့်အရေး ဥပဒေအပါအဝင် ဥပဒေ၊ ပဋိပက္ခဖြေရှင်းခြင်း ကာကွယ်ခြင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ပညာရပ်နယ်ပယ်များမှ မဟာဘွဲ့ရယူရန် လျှောက်လွှာများကို လက်ခံမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်ထားသူများကို ရွေးချယ်ရာတွင် မိမိနေရင်းနိုင်ငံ၌ ခေါင်းဆောင်မှုအတွက် လိုအပ်သော ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် လူမှုဆက်ဆံရေး စွမ်းရည်ရှိသူ၊ ပညာ တော်သင်ဆု ရရှိသည့် အချိန်မှ တစ်နှစ်အတွင်း နေရင်းနိုင်ငံအတွင်း ခေါင်းဆောင်မှုနေရာ တစ်နေရာသို့ ဦးတည်သည့်အလုပ်၌ အသက်မွေးရန် စိတ်ထက်သန်သူ၊ ဗြိတိန်နိုင်ငံမှ သင်ယူခဲ့သည့်ပညာများနှင့် အတွေ့အကြုံများကို မိမိကိုယ်တိုင် မိမိနိုင်ငံနှင့်ဗြိတိန်နိုင်ငံအတွက် အကျိုးရှိရှိ အသုံးချနိုင်စွမ်းရှိသူ စသည့်အချက်များဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း ဗြိတိသျှသံရုံးက ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရွေးချယ်ခံရသည့် ပညာတော်သင်များသည် အင်္ဂလိပ်ဘာသာစကားစွမ်းရည် အနိမ့်ဆုံးသတ်မှတ်ချက် အဆင့်ရရှိ ရမည်ဖြစ်ပြီး ရှီးဗနင်းပညာတော်သင်ဆုလျှောက်ထားရန် အင်္ဂလိပ်စာလိုအပ်ချက် အနိမ့်ဆုံး လိုအပ်ချက်မှာ IELTS ရမှတ် ၆.၅ မှတ်၊ IBT TOEFLE ရမှတ် ၇၉ မှတ် ရှိရမည်ဖြစ်ကာ အဆိုပါလိုအပ် ချက်များ ပြည့်မီရန် ၂၀၁၅ ခုနှစ် ဇူလိုင် ၁၅ ရက်နောက်ဆုံးထား စီစဉ်ထားရမည်ဖြစ်သည်။

ရှီးဗနင်းပညာတော်သင်ဆု လျှောက်ထားရာတွင် ကျောင်းသားအသက် ကန့်သတ်ချက်မရှိကြောင်းနှင့် လူနည်းစု တိုင်းရင်းသားအုပ်စုများ မသန်စွမ်းသူများလည်း ပါဝင်လျှောက်ထားနိုင်ကြောင်း သိရသည်။

ပညာသင်ဆုလျှောက်ထားရန် www.chevening.org/burma ၌လူရွေးမှုပုံစံ၊ လျှောက်လွှာပိတ်ရက်၊ အင်္ဂလိပ်စာ ဘာသာစကား စစ်ဆေးမှုအတွက် ကြိုတင်ပြင်ထားရန် အချက်အလက်များနှင့် ဗြိတိန်နိုင်ငံ ရှိသင်တန်း၊ တက္ကသိုလ် ရွေးချယ်ရန် အချက်အလက်များကို လေ့လာရမည်ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ပညာ သင်နှစ်အတွက် လျှောက်လွှာ ပိတ်ရက်မှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်ဖြစ်သည့်အတွက် လျှောက် လွှာများကို အင်တာနက်မှ လျှောက်ထား ရမည်ဖြစ်သည်။

ရန်ကုန်ဗြိတိသျှသံရုံးအနေဖြင့် လန်ဒန်မှရှီးဗနင်းပညာတော်သင်ဆုရုံးအဖွဲ့နှင့် လျှောက်ထားသူများကို ရွေးချယ် မည်ဖြစ်ပြီး သင့်လျော်သည့်သင်တန်းများ၌ ရွေးချယ်ခံရသည့် စာသင်သားများကို နေရာချ ထားပေးကာ ပံ့ပိုးပေး သွားမည်ဖြစ်သည့်အတွက် ဆန်ခါတင်ပါဝင်သူများကို ၂၀၁၅ ခုနှစ် မတ်လ နောက်ဆုံးထား၍ လူတွေ့စစ်ဆေး မည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် မြန်မာနိုင်ငံမှ ပညာသင်လေးဦးသည် အောက်စဖို့ဘရွတ်(ခ်)(ဇ်) တက္ကသိုလ်၊ အက်ဆက်(ခ်)(ဇ်) တက္ကသိုလ်၊ ဘရစ္စထာ(လ်)တက္ကသိုလ်၊ အပ်(လ်)ဆထာတက္ကသိုလ် များ၌ မူဝါဒနှင့် ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး သဘောတရားနှင့် လက်တွေ့ဘာသာရပ်များတွင်လည်း ကောင်း၊ လူ့အခွင့်အရေးဥပဒေ၊ အသွင်ပြောင်းကာလဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်းသည့် ဥပဒေဘာ သာရပ်များကို လေ့လာသင်ယူလျက်ရှိသည်။


Democracy Today Daily
စက်တင်ဘာ (၇) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...