သားသမီးကို ချစ်တတ်ပါစေ

‘သားသမီးကို ချစ်တတ်ပါစေ’ ဆိုသော အတွေးအမြင် လေးကို မရေးခင် လွန်ခဲ့သောနှစ်ပေါင်း သုံးဆယ်ခန့် ကတေးလေး တစ်ပုဒ်ကို ပြန်လည် သတိရမိပါသည်။ သတိရသည် ဆိုသော်လည်း အစ၊ အဆုံး မမှတ်မိပါ။ မှတ်မိနေသည့် တစ်ပိုဒ်လေး မျှဖြစ်ပါသည်။ တေးသံရှင် က ခင်မောင်ထူးပါ။ မှတ်မိနေသော အပိုဒ် လေးက ‘နင်ဟာ . . . . နင်ဟာ ချစ်တတ်ပလား’ ဆိုတဲ့ စာသား လေးပဲဖြစ်ပါသည်။ သီချင်းအမည်တော့ စဉ်းစား၍မ ရတော့ပါ။

“အဲဒီတေးသွားလေးနဲ့ ဘာဆိုင်လို့လဲ ဘကြီးအေးရော” လို့ဆိုရင် “ဟုတ်ကဲ့ ဆိုင်ပါတယ်ခင်ဗျာ” ခင် မောင်ထူးမေးသလိုပဲ သင်ရော သားသမီးကို ချစ်တတ်သလားလို့ ဘကြီးအေးက မေးချင်ပါတယ်။

ဖြေကြမည့်အဖြေတွေကလည်း ဘကြီးအေးသိနေပါတယ်။ ချစ်သဗျို့ ချစ်လိုက်သမျှ ကျုပ်သား၊ သမီး ဘာမဆို လိုတရစေသတည်းပဲဗျ။ ကလေးကြိုက်ရာလုပ် ဘာတစ်ခုမှ မတားဘူးဟု ဆိုကြမည့်သူတွေ အနမတဂ္ဂပါ။

ဘကြီးအေးကိုယ်တိုင် တွေ့ဖူးတာတွေ အများကြီးရှိပါသည်။ ဘကြီးအေး၏ အရင်းနှီးဆုံး သားချင်းတစ် ဦးဆိုလျှင် သူတို့သားလေးကို ချစ်လိုက်တာဆိုရင် ကလေးနေချင်သလိုနေ လိုချင်တာရအောင် လုပ် ပေး၊ ထမင်းပန်းကန်၊ ဟင်းပန်းကန်ကို ကလေးကပေါက်ခွဲလျှင် ပြုံးပြုံးလေးဖြင့် ကြည့်နေခဲ့၏။ “ဟဲ့က လေးပန်းကန်ကို မခွဲရဘူး” ဟု လုံးဝမပြောပေ။

ထိုထက်ဆိုးသည်ကားကလေးက ဆက်တီကုလားထိုင်ပေါ်မှာပင် အပေါ့စွန့်၊ အလေးစွန့်လုပ်ချင်လည်း ခွင့်ပြု၏။ ပြီးမှအိမ်ဖော်မလေးက ဆေးကြောသန့်ရှင်းရ၏။ ဤနေရာမျိုးတွင်အပေါ့၊ အလေးမစွန့်ရဘူး ဟုသွန်သင်ဆုံးမမှုမပြု၊ ထိုကလေးသည် လုပ်ချင်ရာလုပ်ခွင့်ရနေသဖြင့် ကလေးဆိုးလေးဖြစ်မှန်းမသိ ဖြစ်လာ၏။ ဤလုပ်ရပ်ချစ်ခြင်း မျိုး သည် ကလေးကိုတကယ်ချစ်ရာ ရောက်ပါ၏လား။

ကလေးကို တကယ်ချစ်သည်ဆိုလျှင် လိုတရစေသတည်းက အဓိကမဟုတ်။ ထိုက်သင့်သလောက် လိုက်လျော၍ မလုပ်သင့်မလုပ်ထိုက်သော ကိစ္စကိုနားလည်အောင် သွန်သင်ညွှန်ပြတားဆီးပိတ်ပင်ရန် အဓိကဖြစ်၏။ ဒါမှ သာလျှင် မသိနားမလည်သေးသော ကလေးသည်သြော်ဒါမျိုးမလုပ်ရဘူး၊ ဒါတော့ လုပ်ရတယ်ဟု ခွဲခြားနားလည် သွားမည်ဖြစ်၏။

ထို့အတူ ဘာသာကိုးကွယ်မှုအပိုင်းတွင်လည်း သူ့အရွယ်နှင့်သူ လိုက်လျောညီထွေစွာ သင်ကြားပေးရ မည်ဖြစ်၏။ ဘကြီးအေး၏ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ဦး၏ သားသည်နိုင်ငံခြားသို့ အလုပ်လုပ်ရန် သွားခါနီးတွင် ဘကြီးအေး တို့ကို လာရောက်နှုတ်ဆက်သည်တွင် ဘကြီးအေးကလည်း ရေခြား၊ မြေခြားသွားရောက် အလုပ်လုပ် ရာတွင် ရတနာသုံးပါးကိုမမေ့ရန် နေ့စဉ်စရဏလေးတစ်ခုကို ရွတ်ဆို ပွားများရန်မှာကြားရာ “ဘုရားကို ဦးသုံးကြိမ် ချတာကလွဲလို့ ကျန်တာတွေဘာမှမသိပါဘူး” တဲ့ “အမေ ကလည်းသင်မပေးပါဘူး” တဲ့။ ကဲကောင်းရော မိဘကမှ သင်ကြားပြသမှုမရှိတော့ ဒီကလေးဒီလိုဖြစ်ပြီ ပေါ့။ မိမိကလေးကို ချစ်တယ်ဆိုရင် . . . ။

တွေ့ဖူးတာတစ်ခုရှိသေးတယ်။ အမျိုးသမီးတစ်ဦးပါ။ သူ့မှာမွေးထားတာက သမီးလေးသုံးယောက်ရှိ တယ်။ သူက ဘကြီးအေးရဲ့ ဇနီးနဲ့စကားပြောရင်း “ခေတ်အခြေအနေအရ သမီးတွေကို (တားဆေး) အားဆေးဆိုပြီး သောက် ခိုင်းထားမယ်” တဲ့။ ကဲကောင်းရော သမီးလေးတွေကို အဆိုးအကောင်း ခွဲခြား သိအောင် ဆိုဆုံးမမှုမရှိဘဲ တားဆေးကိုအားဆေးဆိုပြီး သောက်ခိုင်းထားမယ်တဲ့။ ခုအဲဒီမိန်းကလေး တွေအရွယ်ရောက်ပြီး ဆိုသည့်တိုင် ခက်ခဲတဲ့ဘဝရောက်နေတာ တွေ့မြင်ကြားသိနေရပါပြီ။

မန္တလေးသား စာရေးဆရာ ‘ကျော်ရင်မြင့်’ ရေးတဲ့ဆောင်းပါးတစ်ပုဒ် ဖတ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ် ကျော် လောက်ကပါ။ ရွှေအိုးဆန်စက်များပိုင်ရှင် သူဌေးနဲ့အင်တာဗျူးမေးမြန်းခန်း ဖြစ်ပါသည်။ ရွှေအိုး ဆန်စက်များ ပိုင်ရှင်သူဌေးသည် ငယ်စဉ်ကျောင်းနေချိန်က ကျောင်းပိတ်ရက်များတွင် သူဌေးသားဆို၍ ဘော်ကြော့မနေရဘဲ ဆန်စက်တွင်ဆီလောင်း၊ ကတ္တားချိန်၊ ဘွိုင်လာမီးထိုးစတဲ့ အောက်ခြေသိမ်းအ လုပ်ကအစ အားလုံးကို ဖခင် သူဌေးကြီးနေရာ ရောက်လာသောအခါ စီမံအုပ်ချုပ်မှုသာမက အောက် ခြေအသေးအမွှားပါမကျန် တတ်သိ ကျွမ်းကျင် သူဖြစ်ရကြောင်း၊ ရေးသားထားသည်ကို ဖတ်ရပေရာ၊ သူဌေးကြီးပင်ဖြစ်သော်လည်း သားသမီးကို လိုတရစေသတည်းဆိုသော မှားယွင်းသည့်အချစ်မျိုးမ ဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်သော မှန်ကန်သည့်အချစ်ဖြင့် နည်းပေးလမ်းညွှန်သွန်သင်ဆုံးမခဲ့၍ ယခုလိုအဘက်ဘက်က တတ်ကျွမ်းသည့် ရွှေအိုးဆန်စက်များပိုင်ရှင် သူဌေးကြီးဖြစ်လာရခြင်းဖြစ် သည်။

နုနယ်ငယ်၍ အသိမကြွယ်သေးသော ကလေးငယ်ကို ချစ်သည်ဆိုတိုင်း အလိုလိုက်အကြိုက်ဆောင် ခြင်းမျိုး မလုပ်သင့်ဘဲနည်းမှန်လမ်းမှန် သင့်တင့်လျောက်ပတ်စွာ ချစ်သွားပါလျှင်ကလေးလည်း တ ဖြည်းဖြည်း သိနားလည် သွားမည် ဖြစ်ပါသည်။ ဘကြီးအေးကိုယ်တိုင် ဤသို့နည်းမှန်လမ်းမှန် သင့်တင့် လျောက်ပတ်စွာချစ်၍ ကောင်း မကောင်း ခွဲခြားချင့်ချိန်တတ်ရန် ပြုစုပျိုးထောင်ပေးခဲ့သဖြင့် တစ်ဦး တည်းသော သားလေးသည် ပတ်ဝန်းကျင် အိမ်နီးချင်းတို့ ချီးကျူးစကားဆိုရသည်အထိ ယဉ်ကျေးလိမ္မာ သောကလေးတစ်ဦးဖြစ်လာ၏။

ဆယ်တန်းရောက်သောနှစ်မှာပင် နှစ်ဘာသာဂုဏ်ထူးပါ၏။ ယနေ့ဆိုလျှင် ရေကြောင်းကောလိပ်မှ အင်ဂျင်နီယာ ဒီပလိုမာရပြီးနိုင်ငံခြား သင်္ဘောလိုင်းတွင် အငယ်တန်းအင်ဂျင်နီယာရာထူးကို ထမ်း ဆောင်နေပြီဖြစ်၏။ ဝင့်ဝါလို၍ ဖော်ပြခြင်းမဟုတ်ပါ။ မိမိကလေးကိုစနစ်ဇယားဖြင့် နည်းမှန်လမ်းမှန် ချစ်တတ်ကြဖို့ ရေးသားတင်ပြရခြင်း ဖြစ်ကြောင်းပါခင်ဗျား။ 


ကြေးမုံသတင်းစာ
စက်တင်ဘာ (၄) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...