မြန်မာ့လက်ဝှေ့ အချိန်တန်ပြီလော

အားကစားဟု ဆိုသော်လည်း ခပ်လွယ်လွယ် အသက်ပေးလိုက်ရခြင်းက မည်သူတို့အတွက် ခေါင်းလောင်း ထိုးသံနည်း။ အကာအကွယ်မဲ့ ထိုးသတ်လေ့ ရှိသော မြန်မာ့လက်ဝှေ့ကို ဂုဏ်ယူစိတ် တစ်ဖက်၊ နိုင်ငံ တကာ ပညာရှင်အချို့၏ ဝေဖန်ထောက်ပြမှု တစ်ဖက်အကြား ဒုတိယတန်း လက်ဝှေ့သမား ပဲပြား မောင်မောင်မှာ ခန္ဓာကိုယ်ကို ရင်းလိုက်ရပြီ ဖြစ်သည်။



ရေးမြို့နယ် ဟံဂံကျေးရွာ ဘုန်းကြီးပျံပွဲ အထိမ်းအမှတ်အဖြစ် ဧပြီလ ၁ ရက်နေ့က မြန်မာနှင့် ထိုင်းကစား သမားများ ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာဒုတိယတန်း လက်ဝှေ့ကစားသမား ပဲပြားမောင်မောင်မှာ ပွဲအစ ပထမအချီ ပထမ မိနစ်အတွင်း ထိုင်းကစားသမား ခင်ခွန်း၏ တံတောင် ရိုက်ချက်များဖြင့် ပေနှစ်ဆယ် ကြိုးဝိုင်းအတွင်း သတိမေ့မြောသည်အထိ ဖြစ်ခဲ့ရသည်။

ခင်ခွန်း၏ တံတောင်ရိုက်ချက်များက ပဲပြားမောင်မောင်၏ နောက်စေ့ကို တစ်ချက်နှင့် မေးရိုးကို နှစ်ချက်ဆင့် ထိခဲ့သောကြောင့် ကြိုးတန်းကို ကိုင်ရင်း ပြိုင်ဘက် ကစားသမားကို စိန်ခေါ်နေစဉ် မဟန်နိုင်တော့ဘဲ တဖြည်းဖြည်း လဲကျခဲ့ပြီး သတိမေ့မြောခဲ့ရာ ပရိသတ်အချို့၏ ဝေဖန်မှုကိုပင် ခံခဲ့ရသည်ဟု ပွဲစီစဉ်သူများ က ပြောကြားသည်။ ယင်းနောက် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် အသက်ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရိုးရာ လက်ဝှေ့ကစားနည်းမှာ နည်းစနစ်တကျ လေ့ကျင့် ယှဉ်ပြိုင်ရသည့် အားကစားနည်း ဖြစ်သော် လည်း ကစားသမား အများစုမှာ စည်းကမ်း တင်းကျပ်သည့် ကလပ်များတွင် လေ့ကျင့်လိုခြင်း မရှိဘဲ အနေအထိုင် ဆင်ခြင်ရန် မလိုသည့် ကလပ်များတွင်သာ လေ့ကျင့်လိုကြသည်ဟု ကလပ်အသင်းပိုင်ရှင် အချို့နှင့် နည်းပြအချို့က တူညီစွာ ပြောဆိုကြသည်။ ထိုကစားသမားများထဲတွင် ပဲပြားမောင်မောင်လည်း ပါဝင်ခဲ့ဟန် တူသည်။ သူ၏ မူရင်းကလပ် ဖြစ်သည့် ဝါဆိုကလပ်သည် ကစားသမားများကို စနစ်တကျ လေ့ ကျင့်သင်ကြားပေးရုံသာမက နေထိုင်စားသောက်မှု ပုံစံပါ တင်းကျပ်သည့် ကလပ်ဖြစ်ကြောင်း လက်ဝှေ့ ကစားသမား အချို့ထံက သိရှိရသည်။

မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားနည်းသည် ပြိုင်ဘက်နှစ်ဦး သတ္တိချင်း ယှဉ်၍ ပေ၂၀ စည်းဝိုင်းအတွင်း ထိုးသတ်ရခြင်း ဖြစ်သောကြောင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ အသက်အန္တရာယ် ထိခိုက်မှု မရှိစေရေးအတွက် ပြိုင်ပွဲမစမီ ဆရာဝန်များ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဆေးစစ်ခြင်းများ ပြုလုပ် ရကြောင်း၊ ပြိုင်ပွဲမတိုင်မီ အရက်သေစာ သောက်စားထားသူများနှင့် မူးယစ်ဆေး သုံးစွဲထားသူများကို ယှဉ်ပြိုင်ထိုးသတ်ခွင့် မပြုကြောင်း မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က စည်းကမ်းထုတ်ထားသည်။

“ကြိုးဝိုင်းတွေမှာ တာဝန်ယူတဲ့ ဆရာဝန်တွေက အားကစားဆိုင်ရာ ဆရာဝန်တွေ မဟုတ်ဘူးဆိုတာ မှန်ပေမယ့် ဆရာဝန်တိုင်းက သွေးပေါင်ချိန် တိုင်းတာ၊ ဒဏ်ရာ အတိမ်အနက်ကို ခွဲခြားနိုင်တဲ့ သူတွေပါ။ ဒဏ်ရာရ ကစားသမား၊ ကြိုးဝိုင်းဒိုင်နဲ့ ကစားသမားရဲ့ နည်းပြ ဆက်လက် ယှဉ်ပြိုင်ချင်ရင်တောင် ဆရာဝန်က ခွင့်မပြုရင် ဆက်ထိုးလို့ မရပါဘူး” ဟု ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးစိုင်းဇော်ဇော် က ပြောဆိုသည်။

မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမား အများစုမှာ ကရင်၊ မွန်တိုင်းရင်းသားများသာ အများစု ဖြစ်ခြင်းကြောင့် စည်းကမ်းဆိုသည်မှာ သူတို့အတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်ခဲ့ဟန် ရှိသည်။ ယင်းကြောင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရှိသည့် မြန်မာ့ရိုးရာ လက်ဝှေ့ကလပ်များထက် ၎င်းတို့ နေထိုင် ရာ ဒေသများတွင် ရှိသည့် ကလပ်များ၌သာ ကျင်လည်ခဲ့ကြသည်ကို တွေ့ရသည်။

“ကြိုးဝိုင်းထဲမှာ ကစားသမား နှစ်ဦး လက်ရည်မတူဘူးဆိုရင် ကြိုးဝိုင်းဒိုင်က ပွဲရပ်သင့်တယ်။ ကစားသမားနဲ့ နည်းပြကတော့ သူတို့သိက္ခာအတွက် ဆက်ထိုးချင်မှာပဲ။ ဒါကို ဒိုင်တွေက အတိအကျ လိုက်နာရမယ်” ဟု မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်တွင် ခုံဒိုင်ချုပ်အဖြစ် နှစ်ပေါင်း နှစ်ဆယ်ကျော် လုပ်ကိုင်နေသည့် ရိုးရာလက်ဝှေ့ကစားသမားဟောင်း ဦးဒေါင်းနီက ပြောကြားသည်။

လက်ဝှေ့ကစားသမားများ အသက်မွေးဝမ်းကျောင်းပြုရာ ဒေသများမှာ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ အများဆုံး ကျင်းပသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်း၌ ဖြစ်သည်။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ ဒေသခံအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့် အားလျော်စွာ ရဟန်းသံဃာများကို အားထား ကိုးကွယ်ကြသောကြောင့် ထေရ်ကြီးဝါကြီး ဆရာတော်များ၏ မွေးနေ့ပွဲမှသည် ပျံလွန်တော်မူချိန်ထိ နှစ်စဉ် ရိုးရာလက်ဝှေ့ပွဲများ ကျင်းပတတ်ကြပြီး လပြည့်လကွယ် ဘုရားပွဲများတွင်လည်း ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများကို ထည့်သွင်း ကျင်းပလေ့ ရှိသည်။

ပွင့်လင်းရာသီ ဖြစ်သည့် ဇန်နဝါရီလမှ ဧပြီလအထိ ယင်းဒေသများတွင် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများကို ကျင်းပကြရာ လက်ဝှေ့ အားကစားနည်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသည့် ကစားသမားများအတွက် မိုးခိုသည့် ပွဲများဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးလည်းဖြစ်သည့် ဦးစိုင်းဇော်ဇော်က ပြောကြားသည်။

ရန်ကုန်မြို့တွင်မူ မိုးတွင်းကာလ ဖြစ်သည့် ဇွန်လမှ ဒီဇင်ဘာလအထိ ခုနစ်လတာ ကာလအတွင်း ပွဲကြီးလေးပွဲခန့်သာ ကျင်းပနိုင်ကြောင်း၊ ပွဲစီစဉ်သူများအနေနှင့် ရုံငှားရမ်းခ၊ ကစားသမားများအတွက် ထိုးသတ်ကြေးများ ကာမိရုံသာ ကျင်းပနိုင်ခြင်းကြောင့်လည်း ပွဲစိတ်သည့် နယ်များ၌သာ ကစားသမား အများစု ကျင်လည်ရင်း ဝမ်းစာရှာခဲ့ကြခြင်း ဖြစ်သည်ဟု ပွဲစီစဉ်သူအချို့က တူညီစွာ ပြောဆိုကြသည်။

ရိုးရာလက်ဝှေ့ ကစားသမားများ တစ်နှစ်တွင် ပွဲမည်မျှ ထိုးသတ်ရမည်ဟု ကန့်သတ်ထားမှု မရှိခြင်း မှာ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်၏ အားနည်းချက် ဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
“ကစားသမားတစ်ဦး ယှဉ်ပြိုင်ချိန် မတိုင်မီ နှစ်ပတ်နဲ့ ပြိုင်ပွဲပြီးနှစ်ပတ် အနားယူရမယ်ဆိုတဲ့ အချက်တွေ ရှိပေမယ့် မိသားစုတွေက ဒီကစားသမားတွေအပေါ် မှီခိုနေရတာ ဆိုတော့ အဖွဲ့ချုပ် အနေနဲ့ သိပေမယ့် ခွင့်ပြုပေးခဲ့ရတာ ရှိပါတယ်” ဟု မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ်သူ ဦးစိုင်းဇော်ဇော်က ပြောဆိုသည်။

မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲများသည် ခန္ဓာကိုယ်ကို အရင်းပြု၍ ယှဉ်ပြိုင်ရသည့် အားကစားနည်း ဖြစ်ခြင်းကြောင့် မတော်ရာ နေရာကိုထိ၍ အရှုံးပေးခဲ့ရသည့် ပြိုင်ပွဲများ ရှိသလို မျက်လုံးကွယ်ခဲ့ရသည်အထိ ဖြစ်ခဲ့ပြီး အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ရသည်များ ရှိခဲ့ဖူးသည်။

မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမား အများစုမှာ ငယ်ရွယ်ချိန်၌ ရရှိခဲ့သည့် ဒဏ်ရာဒဏ်ချက်များကို ခံနိုင်မည် ဖြစ်သော်လည်း အသက်အရွယ် ရလာသည့် အချိန်၌ ယင်းဒဏ်ရာများကို ပြန်လည် ခံစားရဦးမည် ဖြစ်သည်။ ယင်းကြောင့် လက်ဝှေ့ကစားသမား ကြိုးဝိုင်းအတွင်း ဒဏ်ရာအနာတရ ဖြစ်ခဲ့ပါက အာမခံရနိုင်ရန်အတွက် ကစားသမားများ အသက်အာမခံ ထားရှိရန် စည်းရုံးမည် ဖြစ်ကြောင်းနှင့် ပွဲအရေအတွက် ကန့်သတ်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းဇော်ဇော်က ပြောကြားသည်။

လက်ရှိအချိန်၌ ပထမတန်းရိုးရာ လက်ဝှေ့ကစားသမား တစ်ဦး၏ တစ်ပွဲ ထိုးသတ်ကြေးမှာ ကျပ် ၃၅ သိန်း၊ ဒုတိယတန်း ကစားသမားတစ်ဦး၏ တစ်ပွဲထိုးသတ်ကြေးမှာ ကျပ် ၁၀ သိန်းမှ သိန်း ၂၀၊ တတိယတန်း လက်ဝှေ့ကစားသမား တစ်ဦး၏ တစ်ပွဲထိုးသတ်ကြေးမှ ကျပ် ၅ သိန်းမှ ၁၀ သိန်းကြား ရရှိနေသည်။ ထိုအပြင် ပရိသတ်က ချီးမြှင့်သည့် ဆုကြေးငွေများကြောင့် မြန်မာ့လူနေမှု ဘဝတွင် ထိုက်သင့်စွာ နေထိုင်နိုင်သည် ဖြစ်ရာ အသက်နှင့်ခန္ဓာ အရင်းပြု၍ အသက်မွေးဝမ်းကျောင်း ပြုနေရသည့် လက်ဝှေ့ကစားသမားတိုင်း အသက်အိုးအိမ်နှင့် အခြားကျန်းမာရေး၊ လူမှုဖူလုံရေးဆိုင်ရာ ရှေ့ရေး အာမခံနိုင်ရေး မည်သို့ ရှေ့ဆက်လုပ်ဆောင်မည်ကို မြန်မာရိုးရာ လက်ဝှေ့ အဆင့်တန်းမြင့် ရေရှည် တည်တံ့ရေး ဆောင်ရွက်နေသူများ ဆက်လက်ခေါင်းစားရမည်ပင်။

နိုင်ငံတကာတွင် လက်ရှိ ကျင်းပနေသော ထိုးသတ်သည့် အားကစားနည်း အချို့မှာ မူရင်းက အန္တရာယ် ရှိသော်လည်း တဖြည်းဖြည်းနှင့် အသက်အန္တရာယ် ပိုမိုစိတ်ချရသော ကစားနည်းအဖြစ်သို့ အသွင်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လက်ဝှေ့ကား အကာအကွယ်မဲ့ ခန္ဓာကိုယ်နေရာ အချို့မှလွဲ၍ မည်သည့် နေရာကို မည်သည့်နည်းနှင့်မဆို ထိုးသတ်နိုင်ခြင်းကို ဆက်လက် သယ်ဆောင်နေဆဲ။

အားကစားဟု ဆိုသော်လည်း ခပ်လွယ်လွယ် အသက်ပေးလိုက်ရခြင်း၊ ထိခိုက်ဒဏ်ရာ ရလွယ်ခြင်းတို့က မည်သူတို့အတွက် ခေါင်းလောင်းထိုးသံနည်း။ မြန်မာ့လက်ဝှေ့ အသွင်ပြောင်းရန် အချိန်တန်ပြီလော။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...