Endometriosis သားအိမ်ရောဂါ



Sun, May 27, 2012 at 2:17 PM
ကျွန်တော်က (့) ကပါ။ အိမ်ထောင်ကျတာ ၁ နှစ် ရှိပါပြီ။ ကျွန်တော့် ဇနီး အသက်က ၂၉ နှစ်ပါ။ အစတုန်းက တားဆေး Marvalon 28 သောက်ပါတယ်။ မသောက်တာ ၇ လရှိပါပြီ။ ကလေးမရသေးပါဘူး။ ကလေးလိုချင်လို့ ဆရာဝန်ဆီ သွားပြတော့ (အာလ်ထရာဆောင်း) ရိုက်ခိုင်းပါတယ်။ ရိုက်ထားတဲ့ အဖြေစာရွက်ပေါ်မှာက Impression မှာ Endometriosis ဆိုပြီး ရေးထားပါတယ် ရှင်းပြပေးစေလိုပါတယ်။

Endometriosis ကို သားအိမ်ရောဂါလို့ ခေါင်းစဉ်တပ်ရပေမဲ့ သားအိမ်မဟုတ်တဲ့ နေရာတွေမှာ ဖြစ်နေတာပါ။ ဒီရောဂါဟာ နာတာရှည်ဖြစ်တယ်။ အရွယ်ရောက်ချိန် သာသာလောက်ကတည်းက စဖြစ်သူတွေရှိတယ်။ Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း နဲ့ Ovarian cysts မျိုးဥအိမ်-အကျိတ် ရောဂါတွေ မဟုတ်တာ သေခြာအောင် လုပ်ရမယ်။ ဝမ်းနဲ့ ပါတ်သက်သူတွေမှာလဲ Irritable bowel syndrome (IBS) နဲ့ မမှားသင့်ဘူး။ သတိထားဘို့က ရောဂါတွေ တွဲဖြစ်နေတာမျိုးလဲ ရှိတယ်။


နာတာကို အဓိက ခံစားကြရတယ်။ ရာသီလာရင် သူများထက်နာမယ်။ အိမ်ထောင်နဲ့ နေချိန်မှာ မနာသင့်ဘဲ နာမယ်။ ဆက်ဆံနေချိန်သာ မဟုတ်ဘဲ ဆက်ဆံပြီးတဲ့နောက်မှာပါ နာနေမယ်။ ရေအိမ်သွားချိန် (ဝမ်းသွား-ဆီးသွား) မှာလဲ ရောဂါ မရှိခင်ကထက် နာနိုင်တယ်။ နာတာက ကိုယ်ဝန်ဆောင်ချိန်မျိုးမှာ ယာယီသဘော သက်သာနေနိုင်တယ်။ သွေးဆုံးချိန်မှာ နာတာ ပျောက်သွားနိုင်တယ်။ နောက်လက္ခဏာတခုက ရာသီဆင်းတာ များမယ်။ ကြားရက်မှာလဲ ရာသီဆင်းနိုင်တယ်။ အားယုတ်တာ၊ ဝမ်းမမှန်တာ၊ အစာမကျေတာတွေလဲ ဖြစ်နိုင်တယ်။ ရောဂါရှိသူထဲမှာ ကိုယ်ဝန်ရဘို့ ခက်ခဲသူ ၃ ပုံ ၁ ပုံကနေ ၂ ပုံ ၁ ပုံအထိ ရှိနိုင်တယ်။

နာတဲ့အချိန်အတွက် Pain medications အနာသက်သာဆေးတွေတော့ သောက်နေရမယ်။ နာတာ ဆိုးတိုင်း ရောဂါ ဆိုးနေတယ်လို့ မယူဆသင့်ပါ။ သိပ်မနာဘဲ ရောဂါဆိုးနေတာ၊ နာပေမဲ့ ရောဂါသိပ်မဆိုးတာလဲ ရှိနိုင်တယ်။

Hormone therapy ဟော်မုန်းဆေးတွေလဲ အားကိုးရပါမယ်။ ဒါပေမဲ့ ကလေးရဘို့ လုပ်တာမဟုတ်ပါ။ ဆေးတွေက ရောဂါကို ရာသက်ပန် ပျောက်သွားစေမှာတော့ မဟုတ်ပါ။ ပြန်ဖြစ်တာလဲ ရှိနိုင်တယ်။


• Hormonal contraceptives ဟော်မုန်းပါ ကိုယ်ဝန်တားဆေးတွေ ဥပမာ Birth control pills စားဆေး၊ Patches ဆေးကပ်ခွါ၊ Vaginal rings ဗဂျိုင်းနား-ဆေးကွင်းတွေ သုံးနိုင်တယ်။ ရာသီလာတာနည်းလို့ နာတာလဲ သက်သာမယ်။ ဘေးထွက်-ဆိုးကျိုးတွေ သတိထားရမယ်။
• Gonadotropin-releasing hormone (Gn-RH) agonists and antagonists ဟော်မုန်းတမျိုးကနေ ရာသီ မလာစေအောင် လုပ်ပေးမယ်။ (အီစထိုဂျင်) နည်းစေမယ်။ ရောဂါကို နောက်ဆုတ်စေမယ်။ သွေးဆုံးသလို ဖြစ်သွားစေမယ်။ ဘေးထွက်-ဆိုးကျိုးတွေ သတိထားရမယ်။
• Danazol ဆေးကနေ ရာသီမလာစေအောင်လုပ်ပေးမယ်။ ရောဂါလက္ခဏာတွေသက်သာစေမယ်။ ဘေးထွက်-ဆိုးကျိုးတွေ သတိထားရမယ်။
• Medroxyprogesterone (Depo-Provera) ကိုယ်ဝန်တား ထိုးဆေး ကနေ ရောဂါလက္ခဏာတွေ သက်သာစေမယ်။ ဘေးထွက်-ဆိုးကျိုးတွေ သတိထားရမယ်။
• Aromatase inhibitors ဆေးကိုလဲ သုံးတယ်။


Conservative surgery ခွဲစိတ်ကုသတာ လဲလုပ်နိုင်တယ်။ ကလေးရစေအောင် နေရာလွဲရောက်နေတဲ့ သားအိမ် (တစ်ရှူး) တွေ၊ အမာရွတ်တွေကို ခွဲထုတ်နည်းလုပ်ပေးတာ ဖြစ်တယ်။ အနာလဲ သက်သာလာစေမယ်။

Hysterectomy သားအိမ်ထုတ်တာကို နောက်ဆုံးနည်းလမ်းအနေနဲ့ သုံးရတယ်။ ထုတ်တာကလဲ သားအိမ်တထုထဲ မဟုတ်ဘဲ၊ သားအိမ်ပြွန်တွေနဲ့ မျိုးဥအိမ်တွေကိုပါ ထုတ်လိုက်မှ သိသိသာသာကောင်းမယ်။ သွေးဆုံးမယ်။ ကလေးတော့ မရနိုင်တော့ဘူးပေါ့။

ဒီရောဂါရှိနေတဲ့ အမျိုးသမီးကနေ ကလေး မရနိုင်တာဖြစ်နိုင်ပေမဲ့ ကလေး မရနိုင်တာ အသေအခြာဖြစ်ပါတယ်လို့တော့ ဆေးစာက မဆိုပါ။ ဖြစ်နေရင်လဲ ကုသမှုတွေက အတော် ထိရောက်ပါတယ်။ ကလေးရဘို့ဆိုတာ မျိုးဥအိမ်ကနေ လစဉ် မျိုးဥတခုထွက်ပြီး သားအိမ်ပြွန်ထဲ ကူးသန်းသွားလာနိုင်ရတယ်။ ဒီရောဂါကြောင့် လမ်းပိတ်နေနိုင်တယ်။ သဘောက ကလေး မရနိုင်သေးတာက တိုက်ရိုက်သဘောမဆောင်ဘူး။ ကုန်ပစ္စည်းတော့ ထုတ်ပေးနေတယ်၊ သယ်ယူပို့ဆောင်ဘို့ မရလို့ လိုရာကို မရောက်နိုင်တာမျိုး ဖြစ်တယ်။ ဆရာဝန်တွေ အကြံပေးတာက ကလေးယူမဲ့အချိန်တွေ ဘာတွေ စောင့်မနေပါနဲ့ အိမ်ထောင်ကျတာနဲ့ ကလေးတန်းယူပါ။ အချိန်နောက်ကျလေ ခက်လေဖြစ်နိုင်တယ်။

1. Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
2. Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html

Dr. တင့်ဆွေ
၂၈-၅-၂ဝ၁၂

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...