ကျောင်းပြောင်းအပ်နှံခြင်း၊ ကျောင်းကြို/ပို့ယာဉ်နှင့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာ



၂၀၁၃-၂၀၁၄ ပညာသင်နှစ်၏ (အခြေခံပညာ အထက်တန်းမှအပ) အတန်းတင် စာမေးပွဲများ၏ အောင် စာရင်းအား ၁၃၇၆ ခုနှစ် မြန်မာနှစ်ဆန်း ၂ ရက်နေ့ (၁၈-၄-၂၀၁၄) တွင် မြန်မာနိုင်ငံတစ်ဝန်း၌ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခွင့်များအား မကြာမီ လက်ခံ ဆောင်ရွက်ကြတော့မည် ဖြစ်ပါသည်။

ထိုသို့ပညာသင်နှစ်အစ၌ ကျောင်းသားအပ်နှံမှုအား လက်ခံဆောင်ရွက်ရာတွင် တတ်နိုင်သူအများစု အနေဖြင့် နာမည်ရှိသောကျောင်းများ၌ မိမိတို့၏သားသမီးများအား အပ်နှံခွင့်ရရှိရေးအတွက် ယခုက ပင် စတင်၍ ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်နေကြပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်အရ နိုင်ငံတော် အစိုးရပိုင် အခြေခံပညာကျောင်းများ၏ ပညာရေးအဆင့်အတန်းအားတစ်ပြေးညီသတ်မှတ် ထားသော် လည်း ကျောင်းတည်ရှိရာ တည်နေရာ၊ ကျောင်းသားမိဘများ၏ ကြွယ်ဝချမ်းသာမှုနှင့် အာဏာရှိမှုတို့ အပေါ်လိုက်၍ ကျေးလက်တောရွာများရှိ အခြေခံပညာကျောင်းများ၏ အခြေအနေနှင့် ရန်ကုန်မြို့လယ် ရှိကျောင်းများ၏ အခြေအနေမှာမိုးနှင့်မြေပမာ လွန်စွာကွာခြားလျက်ရှိသည်ကို တွေ့ မြင်နိုင်ပါသည်။

နယ်မြို့တစ်မြို့ တွင်နေထိုင်စဉ်က နိုင်ငံတော် အကြီးအကဲတစ်ဦး၏ ခရီးစဉ်တွင် မြို့အုပ်ချုပ်ရေးအာဏာပိုင် ကမြို့နယ်အတွင်းရှိ အခြေခံကျောင်းများ၏ သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေး အတွက် စွမ်းစွမ်းတမံဆောင်ရွက်ထားပုံများအား ရွှန်းရွှန်းဝေအောင်တင်ပြခဲ့ပါသည်။ သို့ရာတွင် ကြားရ သူဒေသခံများမှာမူ ကျိတ်၍ပြုံးနေကြပါသည်။ အကြောင်းမှာထိုမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိ သူမှာသူ၏ သားသမီးများကိုမူ ထိုမြို့တွင်မထားဘဲ အနီးရှိခရိုင်မြို့ကြီးမှ နာမည်ကြီးကျောင်းတွင် ထားရှိသောကြောင့်ဖြစ် ပါသည်။ ဆိုလိုသည်မှာ အခြေခံပညာကျောင်းများ၏ အနေအထားသည် တစ်ပြေးညီမဟုတ်ဘဲ ကွာခြားမှု ရှိနေသည်ကို မြို့နယ်/ခရိုင်အုပ်ချုပ်ရေး အာဏာပိုင်များကိုယ်တိုင် လက်ခံထားပြီးဖြစ်ကြောင်း သိစေလို ၍ဖြစ်ပါသည်။

အထူးသဖြင့် ရန်ကုန်မြို့ပေါ်တွင် အခြေခံပညာကျောင်းပေါင်းများစွာရှိသော်လည်း မိဘအများစုမှာ အောင် ချက်ရာခိုင်နှုန်းကောင်းသော လက်ချိုးရေတွက်၍ရသည့် အခြေခံပညာကျောင်းများနှင့် လေ့ကျင့်ရေးကျောင်း များသို့ ငွေကုန်ကြေးကျခံ၍ ဝင်ခွင့်ရရှိရေးခက်ခဲသည်နှင့်အမျှ ကျောင်းရန်ပုံငွေ (အလှူငွေ) ထည့်ဝင်ကြေး၊ ကန်တော့ကြေးများမှာလည်း မြင့်မားလှသည်ကိုကြားသိနေရပါသည်။

စည်းကမ်းသတ်မှတ်ချက်အရ ကျောင်းများအနေဖြင့် ကျောင်းသားသစ်များလက်ခံရာတွင် ကျောင်း တည်ရှိ ရာနေရာအပေါ်မူတည်၍ ကျောင်းသားသစ်များလက်ခံရမည့် ရပ်ကွက်၊ မြို့နယ်များအားသတ် မှတ်ထား ပြီးဖြစ်ကြောင်း သိရှိရပါသည်။ သို့ရာတွင် မိဘအများစုမှာ မိမိတို့ရပ်ကွက်၊ မြို့နယ်အတွက် ခွဲတမ်း ရသောကျောင်းတွင် မအပ်ဘဲဂုဏ်သတင်းကျော်စောသော ကျောင်းများသို့နယ်ကျော်အပ်ကြသည် ကို တွေ့ရှိရသဖြင့် ကျောင်းသားဦးရေများသည့် ကျောင်းကများပြီး နည်းသည့်ကျောင်းက ကျောင်းသား မရှိဘဲဖြစ်နေပါမည်။

ဥပမာအားဖြင့်ပုဇွန်တောင်မြို့နယ်အတွင်းရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် နှစ်စဉ်ကျောင်းသား ဦးရေ မှာ ၁၀၀ ပင် မပြည့်သော်လည်း ထိုကျောင်းမှ ခြေကျင်ငါးမိနစ်သာ သွားရသော ကျောင်းတွင်မူ ကျောင်းသား များပြည့်လျှံနေသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ မူဝါဒချမှတ်ထားပြီးဖြစ်သော်လည်း ကြီးကြပ်မှုမရှိ သဖြင့် နာမည်ကြီးကျောင်းများတွင် လာဘ်လာဘယူပြီး နယ်ကျော်ကျောင်းသားအပ်နှံမှု များအား လက်ခံနေ မှုများဖြစ်ပွားနေရခြင်း ဖြစ်ပါသည်။

ဤတွင်ကျောင်းသားမိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများအား သူကြိုက်သည့်ကျောင်း သူထား တာ ဘယ်သူတွေကိုထိခိုက်နေလို့လဲဟု မေးစရာရှိပါသည်။ ဟုတ်ပါသည်။ သူ့သားသမီးများအား သူကြိုက် သည့်ကျောင်းထားတာအရေးမကြီးပါ။ အရေးကြီးသည်က သူတို့အားလုံးနာမည်ကြီး အခြေခံ ပညာကျောင်း များ၊ လေ့ကျင့်ရေးကျောင်းများတွင် စုပြုံထားကြခြင်းဖြစ်ပါသည်။

ထို့ကြောင့်ထိုကျောင်းများ၏ ကျောင်းတက်ချိန်၊ ကျောင်းလွှတ်ချိန်များတွင် ထိုကျောင်းများရှေ့မိန်း လမ်းမကြီး တစ်ခုလုံး ပိတ်ဆို့သွားသည်ကို ရန်ကုန်သူ၊ ရန်ကုန်သားအားလုံးကြုံဖူးကြမည်ဖြစ်ပေသည်။ ထို့ကြောင့် ဌာနဆိုင်ရာ ယာဉ်မောင်းများ၊ တက္ကစီယာဉ်မောင်းများ၊ ယာဉ်ပိုင်ရှင်များအနေဖြင့် မည်သည့် အချိန် မည်သည့်ကျောင်းတက်သည်၊ ဆင်းသည်ကို စာရင်းဖြင့်ပင်မှတ်သားပြီး လမ်းကြောင်းရှောင် မောင်းကြ သည်ကို တွေ့ရှိရပါသည်။

မိမိတင်ပြလိုသည်မှာ နာမည်ကြီးကျောင်းများအနေဖြင့် မိမိကျောင်းအတွက် သတ်မှတ်ထားသော နယ်မြေပြင်ပမှ ကျောင်းသားတစ်ဦးအား လက်ခံလိုက်သည်နှင့် တတ်နိုင်သောမိဘ၏ သားသမီးဆိုပါက ကိုယ်ပိုင်ယာဉ် ကျောင်းကြို/ပို့ကားတစ်စီးတိုးလာမည်ကို တင်ပြလိုခြင်းဖြစ်ပါသည်။ ထိုကျောင်းသား အား ကျောင်းကြို/ပို့သောကားသည် သူနေထိုင်ရာအိမ်မှ တက်မည့်ကျောင်းအကြားရှိ ခရီးလမ်း ကြောင်း အားနံနက်အပို့/အပြန်တစ်ကြောင်း၊ ညနေအကြို/အပြန်တစ်ကြောင်း မဖြစ်မနေအသုံးပြုရမည် ဖြစ်ပါသည်။

ထို့အပြင်ထိုကျောင်းကြို/ပို့ကားများသည် ကျောင်းကြို/ပို့ချိန်များတွင် ထိုကျောင်းရှေ့သို့ တစ်ပြိုင်နက် တည်း စုပြုံရောက်ရှိကြခြင်းဖြစ်၍ ထိုကျောင်းပတ်ဝန်းကျင်တွင် ယာဉ်ကြောပိတ်ဆို့မှုပြဿနာ အဆမ တန်ကြီးထွား သွားစေမည် ဖြစ်ပါသည်။

သို့ရာတွင် အချို့သောကျောင်းများမှာ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့်ချိတ်ဆက်၍ စုပေါင်းကျောင်းကြို/ပို့ယာဉ်များဖြင့် ပြေးဆွဲပေးသည်ကို တွေ့ရှိရပါသည်။ သို့သော်လည်းအခြားနိုင်ငံ များနည်းတူ ကျောင်းသားလူငယ်များအားလုံခြုံမှုရှိစေသည့် ကျောင်းကြို/ပို့ယာဉ် (School Bus) များ မဟုတ်သည်ကိုတွေ့ရှိရပါသည်။

အခြားနိုင်ငံများတွင် ကျောင်းကားများအား အဝါရောင်ဖြင့် သတ်မှတ်ထားလေ့ရှိသော်လည်း ရန်ကုန် မြို့တွင် မူ အများစုမှာလိုက်ထရပ်ကားများဖြစ်ပြီး ကျောင်းသားလူငယ်ကလေးများမှာ ယာဉ်နောက်ပိုင်း တွင် အုပ်ထိန်းသူမပါရှိဘဲ ဆော့ကစားသွားသည်ကို မကြာခဏတွေ့မြင်နေရပါသည်။ ထိုကျောင်းသား များသည် ကျောင်းတက်ချိန်၊ ဆင်းချိန်များတွင် မိမိကျောင်းသားများကျောင်းပေါက်ဝနှင့် အနီးဆုံးသို့ ရောက် ရှိစေရေးအတွက် ကျောင်းပေါက်ဝအနီးတွင်သာ အပြိုင်အဆိုင်ယာဉ်ကြော သုံး၊ လေးထပ်အထိ စုပြုံရပ်ကြ သဖြင့် ယာဉ်ကြောများပိတ်ဆို့သွားလေ့ရှိပါသည်။ ထို့ကြောင့် ထိုကျောင်းများသို့ ကျောင်း ဆင်း/တက်ချိန် တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လာရောက်ထိန်းသိမ်းပေးသော်လည်း ထိန်းမနိုင်သိမ်းမနိုင် ဖြစ်ပြီး မျက်နှာချင်း ဆိုင်ဘယ်ဘက်ယာဉ်ကြောအထိ ပိတ်ဆို့မှုများမကြာခဏ ဖြစ်ပွားလေ့ရှိပါသည်။

ယခုအခါ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေမှာ အလွန်ဆိုးရွားနေပြီဖြစ်ပါသည်။ မူလ က ရွှေဂုံတိုင်နှင့်လှည်းတန်းခုံးကျော်တံတားများပြီးပါက အဆင်ပြေသွားမည်ဟု ယူဆရသော်လည်း ယခု ပိုဆိုးနေသည်ကို တွေ့ရပါသည်။ ခုံးကျော်တံတားတစ်ခုတည်ဆောက်ရန်မှာလည်း အချိန်နှင့်ငွေများ စွာသုံးစွဲရမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် မြေနီကုန်း ခုံး ကျော်တံတားတည်ဆောက်မှုအတွက် ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလီယံသုံးစွဲရမည်ဖြစ်ကြောင်း သိရှိ ရသည်။

၎င်းအပြင်ကျောင်းများ ပတ်ဝန်းကျင်တွင် ယာဉ်ကြောထိန်းသိမ်းရန်အတွက် ဘလော့တုံးများအများအပြား ချထားရရာ ၎င်းတို့အတွက် ကုန်ကျစရိတ်မည်မျှရှိမည်ကို ခန့်မှန်းသိရှိနိုင်သည်။

စာရေးသူဆိုလိုသည်မှာ ရန်ကုန်မြို့လယ်ရှိ အချက်အချာကျသော အခြေခံပညာကျောင်းတစ်ကျောင်း တွင် ကျောင်းသားသစ်တစ်ဦးအား နယ်ကျော်လက်ခံလိုက်ပါက ထိုကျောင်းသားသစ်နေထိုင်သော ကျောင်း အကြားရှိ ခရီးလမ်းကြောင်းပေါ်သို့ ယာဉ်တစ်စီးတစ်နေ့လျှင် လေးကြိမ်ရောက်ရှိလာမည်ဖြစ် ပါသည်။ ထို့အတူယာဉ်ကြောပိတ်ဆို့မှုအချိန်နှင့် လမ်းအသုံးပြုချိန်ပို၍ ကြာမြင့်လာမည်ဖြစ်ပြီး ထိုယာဉ် အတွက်လောင်စာဆီလည်းပို၍ ကုန်ကျလာမည်ဖြစ်ပါသည်။ ထိုမှဆက်၍ လေထုညစ်ညမ်းမှုလည်း ဖြစ် လာမည်ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျောင်းနှင့်ဝေးကွာသော နေရာဒေ သမှ ကျောင်းသားသစ်တစ်ဦးအား ကျောင်းဝင်ခွင့်ပြုလိုက်သည်နှင့် ယာဉ်ကြောပိတ်ဆို့မှု၊ လောင်စာဆီ ပိုမိုကုန်ကျမှု၊ လေထုညစ်ညမ်းမှုစသော မကောင်းသည့်ဆိုးကျိုးများ သက်ရောက်မှုရှိလာ စေသည်ကို သတိပြုရန်လိုပေသည်။

ထို့ကြောင့်ကျောင်းကြို/ပို့ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များအားလုံး ကျောင်းရှေ့ယာဉ်ကြောပေါ်တွင် လုံးဝ ရပ်တန့်ခွင့်မပြုဘဲ ကျောင်းအနီးကွင်းပြင်များ၊ အားကစားကွင်းများသို့ သွားရောက်ရပ်တန့်စေပြီး ကျောင်း သား၊ ကျောင်းသူများ ထိုနေရာမှ ကျောင်းများသို့ခြေကျင်သွားစေမည်ဆိုပါက ယာဉ်ကြော ပိတ်ဆို့မှုလည်း သက်သာသွားစေမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဗိုလ်ချုပ်လမ်းနှင့်ရွှေဂုံတိုင်ဘုရား လမ်းတစ်ဝိုက်ရှိ အခြေခံပညာကျောင်းများသို့ ကျောင်းကြို/ပို့သော ယာဉ်အားလုံးအား လဟာပြင်ကား ရပ်နားစခန်း၌သာ ရပ်တန့်စေပြီး ကျောင်းသားများအားလုံး ထိုယာဉ်ရပ်နားကွင်းမှ မိမိတို့သက်ဆိုင်ရာ ကျောင်းများသို့ လမ်းလျှောက်သွားစေသော နည်းဖြစ်ပါသည်။

ထိုသို့ကျောင်းများအနီးပတ်ဝန်းကျင်၌ ကျောင်းသားများကားပေါ်မှ အဆင်းအတက်ပြုလုပ်နိုင်စေ ရန် မော်တော်ယာဉ်များအားလုံး လုံးဝရပ်တန့်ခွင့်မပြုဘဲ လမ်းဘေးဝဲယာရှိ စင်္ကြတစ်လျှောက်နှင့် ကား လမ်းအကြားတွင် ကျောင်းဝင်ပေါက်၏ တစ်ဖက်တစ်ချက်ကိုက် ၁၀၀ စီခန့် သံဆန်ခါရံထားပါက ယာဉ် ကြောပိတ်ဆို့မှုများ လျော့နည်းသွားစေနိုင်ပါသည်။ အထူးသဖြင့်ကျောင်းတက်/ဆင်းချိန်တိုင်း ယာဉ် ကြောပိတ်ဆို့မှုများ ဖြစ်ပွားလေ့ရှိသော အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ ပြည် လမ်း၊ ကမ္ဘာအေးဘုရားလမ်းစသော လမ်းမကြီးများတွင် ထိုကဲ့သို့သံဆန်ခါရှိပါက ယာဉ်ကြောပိတ်ဆို့မှု များကင်းဝေးသွားမည် ဖြစ်ပါသည်။

သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လေ့ကျင့်စေရေး၊ လောင်စာဆီ သုံးစွဲမှု လျော့ကျစေရေးနှင့် လေထုညစ်ညမ်းမှုကို လျော့ကျစေရေးအတွက် နယ်မြေကျော်၍ ကျောင်းသား သစ်များ ကျောင်းပြောင်းအပ်နှံခြင်းကိစ္စအား ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အမီအစိုးရ၊ လွှတ်တော်တို့မှ တစ်ဆင့် အလေးထားထိန်းချုပ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ (ကျောင်းအုပ် ကြီးများမည်သည့်အတွက် နယ်မြေကျော်ကျောင်းအပ်နှံခြင်းအား လက်ခံခွင့်ပြုသည်ကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ပညာရေးဝန်ကြီးဌာနတို့သို့ လစဉ်တင်ပြစေပြီး တိုင်းဒေသကြီး လွှတ်တော် နှင့် မီဒီယာများမှမေးမြန်းပါက တရားဝင်ဖြေကြားစေခြင်း တို့ကို ဆောင်ရွက်ရန် အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားပါက အဂတိလိုက်စားပြီး နယ်မြေကျော်ကျောင်း အပ်နှံခွင့်ပြုခြင်း ကိစ္စရပ်များလျော့နည်း သွားမည်ဖြစ်ပါသည်။)

စံတော်ချိန်သတင်းစာ
အတွဲ(၂)၊ အမှတ်(၃၈၈)၊ မေလ(၁၂) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...