အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့...



(ဘလော့ဂ်ဒေးအမှတ်တရ ပို့စ်တစ်ခုရေးပေးဖို့ ကိုဖြိုး က Tag ထားပါတယ်. ဒါကြောင့် ဒီပို့စ်လေး ကို ရေးဖြစ်သွားပါတယ် ခင်ဗျာ.)

August 31 က ကျွန်တော်တို့ ဘလော့ဂါတွေ စုပေါင်းပြီး ရန်ကုန်မှာရော မန္တလေးမှာပါ ဘလော့ဂ်ဒေး အခမ်းအနားကျင်းပခဲ့တာ အားလုံးအသိပဲဖြစ်မှာပါ။ နှစ်နေရာလုံးအောင်မြင်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ပရိသတ်ကို နည်းပညာအသစ်နဲ့ မိတ်ဆက်ပေးရုံသာမက ပျော်ရွှင်ဖွယ်ရာ အစီအစဉ်လေးတွေကိုပါ ထည့် သွင်းဖြေဖျော်ခဲ့တာ သတိထားမိပါတယ်။ ဒီလိုမျိုး စိတ်ကူးစိတ်သန်းကောင်းလေးတွေကို အသုံးချတတ်တဲ့ ဘလော့ဂါမောင်မယ်တို့ကို ချီးကျူးလေးစားမိပါတယ်.

ကဲဗျာ. ကျွန်တော်တို့ ဘလော့ဂ်ခရီးလည်း တော်တော်လေး ရောက်ခဲ့ကြပြီနော်။ ဘာတွေဖြစ်နေတယ်ဆို တာရယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာရယ်ကို တစေ့တစောင်းလောက် အကဲခတ်ကြည့်လိုက်ကြ ရင်း အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ အကြောင်း နည်း နည်းလောက်ဆွေးနွေးတင်ပြချင်ပါတယ်.

ဘလော့ဂါတွေကြားထဲမှာ အရင်တုန်းက ပြဿနာတစ်ခု ပုံစံမတူဘဲ ခဏခဏ၀င်လာခဲ့ဖူးပါတယ်။ အဲဒါ ကတော့ စာလုံးပေါင်း သတ်ပုံအမှားအမှန်ကိစ္စပါ။ ဘလော့ဂါတစ်ယောက်က သတ်ပုံမှားရေးမိမယ်။ အဲဒါကို နောက်တစ်ယောက်က ထောက်ပြမယ်။ အဲဒီ့မှာ ပြောတဲ့သူကလည်း အပြောမတတ်ဘဲ ဆရာကြီး ၀င်လုပ်တဲ့လေသံတွေ ပါလာမယ်။ အပြောခံရသူက စိတ်တိုမယ်။ ပြန်လည်ချေပပြောဆိုမယ်။ နီးစပ်ရာ ဘလော့ဂါသူငယ်ချင်းတွေပါ ပါဝင်လာပြီးတော့ အုပ်စုလိုက် အငြင်းပွားမှုတွေ ဖြစ်လာမယ်။ အဖြေမရ တဲ့ ငြင်းခုန်ပွဲအပြီးမှာ အုပ်စုတွေကွဲလို့ ရန်သူတွေဖြစ်ကုန်ကြပါတယ်.။ တစ်ချို့ဆို ဘလော့ဂ်လောကကို စိတ်ကုန်သွားတဲ့ အထိတောင် ဖြစ်သွားကြပါတယ်။ ခံစားဖူးသူတိုင်းသိကြမယ် ထင်ပါတယ်။

ဘလော့ဂ်ရေးတာ ခေတ်မစားမီက ဖိုရမ်တွေ၊ Chat Room တွေ အတော်လေး ခေတ်ထ လိုက်ပါသေး တယ်။ အဲဒီ့တုန်းက Yangon Chat တို့၊ Planet တို့မှာ လူတွေ စည်ကားခဲ့ကြတာပေါ့ဗျာ။ ချက်ကြမယ်၊ မိတ်ဆွေဖွဲ့ကြမယ်စတဲ့လူတွေ ရှိသလို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဇွတ်မေးပြီး အတင်းမိတ်ဖွဲ့၊ ရည်းစားစကားပြောဖို့ ကြိုးစား စတဲ့သူတွေလည်းရှိပါတယ်။ ခုလည်းဒီလိုရှိနေတုန်းပါပဲ။ ဒါကိုကြိုက်တဲ့ သူတွေ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဘလော့ဂ်ဆိုတာ ပေါ်လာတော့ လူငယ်တွေ ဒီဖက်ကို အလုံးလိုက်အရင်းလိုက် ၀င်လာကြပြန်ပါတယ်။

ဘလော့ဂ်ရေးတာက တစ်ခြား Activity တွေနဲ့ သိပ်မတူဘူးဗျ။ သူက ကိုယ့်ရဲ့နေ့စဉ် ဒိုင်ယာရီ သဘောမျိုး အနေနဲ့ ဖြစ်နိုင်သလို ပညာသင်ယူတဲ့နေရာ၊ ပညာမျှဝေတဲ့နေရာ၊ ပရဟိတလုပ်ငန်းများအတွက် စည်း ရုံးနှိုးဆော်တဲ့နေရာ၊ လူမှုဆက်ဆံရေးနည်းပညာတွေကို သင်ယူတဲ့နေရာ စသည်ဖြင့် အမျိုးမျိုး ဖြစ်လာနိုင် ပါတယ်။ ကိုယ်ရေးတဲ့ဘလော့ဂ်က ဘယ်လိုပုံစံဖြစ်လာမလဲ ဆိုတာကိုလည်း ကိုယ်ပဲဆုံးဖြတ် သွားတာပါ။ အခုနောက်ပိုင်းဆိုရင် ဘလော့ဂါတွေ အများကြီးစုပေါင်းရေးသားတဲ့ ဘလော့ဂ်ကောင်းလေးတွေပါ ထွက်ပေါ်လာတာ သတိထားမိပါတယ်။ ဒီလိုရေးသားနိုင်ဖို့ ကိုယ်တစ် ဦးကောင်းတစ်ယောက်ကောင်း လုပ်လို့မရတော့ပါဘူး။ အများနဲ့ညှိနှိုင်းပြီး သူတို့ပါဝင်ရေးသားချင် လာအောင် ရည်ရွယ်ချက်ကောင်းဖို့၊ စည်းရုံးတတ်ဖို့ပါ လိုအပ်လာပါတယ်။

အရင်တုန်းက တော်တော်များများက ယူဆခဲ့ကြပါတယ်။ ဘလော့ဂ်ရေးတယ်ဆိုတာဟာလည်း Online Activity တစ်ခုပါပဲ။ အချိန်တန်ရင် ငြီးငွေ့သွားပြီး အသစ်တစ်ခုကို ထပ်ရှာမှာပါပဲလို့ပေါ့။ ပြီးတော့လည်း ထင်ကြပါသေးတယ်။ ဘလော့ဂါတွေဆိုတာဟာလည်း Online Community တစ်ခုပါပဲ။ အပြင်မှာ လက်တွေ့မကျဘူးလို့ ယူဆခဲ့ကြဖူးပါတယ်။

ဒီအမြင်တွေ မမှန်ကန်မပြည့်စုံဘူးဆိုတာကို မကြာခင်ကမှ ကျင်းပပြီးစီးသွားတဲ့ ဘလော့ဂ်ဒေး အခမ်း အနားနဲ့ မကြာခင်ထုတ်ဝေတော့မယ့် ဘလော့ဂ်စာအုပ်တို့က သက်သေပြနေပါတယ်။ ဘလော့ဂါတွေ Online ပေါ်မှာ တွေ့ဆုံရင်းနှီးခဲ့ကြရုံသာမက အပြင်လက်တွေ့ဘ၀ထဲမှာပါ လုပ်ဖို့ခဲယဉ်းတဲ့ ကိစ္စတွေ ကို အောင်မြင်စွာ လုပ်ဆောင်သွားနိုင်ခဲ့တယ်။ ရင့်ကျက်မှုတွေ၊ ပညာပြည့်ဝမှုတွေကို ပြသနိုင်ခဲ့တယ်။ ဒါကြောင့်ကျွန်တော်တို့ ဘလော့ဂါတွေကို အိပ်မက်ထဲမှာပဲ အိပ်ပျော်နေသူတွေ၊ မိန်းမောနေသူတွေလို့ ယူဆမိရင် မှားမယ်လို့ ရဲဝံ့စွာ ပြောချင်ပါတယ်။

ဘလော့ဂ်တစ်ခုလုပ်ဖို့ လွယ်သလားမေးရင် လွယ်ပါတယ်လို့ ပြန်ဖြေရပါမယ်။ ဘလော့ဂါ တစ်ယောက်ဖြစ် ဖို့ရော လွယ်သလားထပ်မေးရင်တော့ ထင်သလောက် မလွယ်ဘူးလို့ ပြန်ဖြေချင်ပါတယ်။

ဘာလို့လဲဆိုတော့

ဘလော့ဂါတိုင်း ဘလော့ဂ်ရှိကြတယ်။ ဒါပေမယ့် ဘလော့ဂ်တစ်ခုရှိတိုင်း ဘလော့ဂါကောင်း တစ်ယောက် ဖြစ်မလာနိုင်ဘူး။

ဟုတ်ကဲ့။ မအံ့ဩပါနဲ့ခင်ဗျာ။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့၊ အများလက်ခံတဲ့ စာပေတွေ ရေးသားနိုင်ဖို့ ဆိုတာကျတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေသာမက ကိုယ်ပြဋ္ဌာန်းတဲ့ စေတနာပေါ်လည်း မူတည် ပါတယ်။

ကဲ. ဘလော့ဂ်တစ်ခုရပြီ။ ရေးတယ်ဗျာ။ ပို့စ်တစ်ခု. နောက်နေ့လာမယ်. ရေးမယ်. နောက် တစ်ခု. နောက်နေ့. နောက်တစ်နေ့. တစ်ပတ်နှစ်ပတ်လောက်နေတော့ ခင်ဗျား ဘာဆက်ရေးရမယ် မသိတော့ဘူး။ ကဲ. ဘယ်လိုလုပ်ကြမလဲ။

သူများတွေများ ရေးနေလိုက်တာ ပို့စ်တွေတစ်ခုပြီးတစ်ခု၊ ကော်မန့်တွေလည်း ရနေလိုက်ကြတာ သူတို့ပဲ သိမ်းကျုံးယူနေသလား အောက်မေ့ရတယ်. ငါ့ကျတော့ ဘယ်သူမှလည်း လာအားမပေး. ငါ့ရဲ့ ဆီဘောက်စ်လေးမှာ ဘယ်သူမှ လာနှုတ်မဆက်. ငါကိုယ်တိုင်လည်း ဘာဆက်ရေးရမယ် မသိ. အဲဒီ့မှာ ခင်ဗျား ဘလော့ဂါဖြစ်မဖြစ် သက်သေပြရတော့မယ်..

တစ်ခုဖြတ်ပြောမယ်… ဘလော့ဂါကောင်းတစ်ယောက်အတွက် ရေးစရာမရှားဘူး. သူ့မှာ ပြဿနာနှစ်ခုပဲ ရှိနေ တယ်. ရေးနိုင်ဖို့အချိန်ရယ်၊ ရေးချင်တဲ့စိတ်ရယ်ပဲ လိုနေတယ်. အဲဒီ့နှစ်ခုနဲ့ပြည့်စုံရင် ပို့စ်တွေတစ်ခုပြီး တစ်ခု ရေးနေနိုင်တယ်.

အခုခင်ဗျားမှာ ရေးစရာပြတ်နေတယ်. ဘာဆက်ရေးရမယ်မသိဘူး. နီးစပ်ရာဘလော့ဂါ တစ်ချို့ ကိုမေးမြန်းပြီး အကြံဥာဏ်တောင်းကြည့်တော့လည်း သူတို့ကပြန်ပြောပါလိမ့်မယ်.

Everything is bloggable. မင်းကြိုက်တာသာရေး...

အဲဒါမှဒုက္ခ၊ ဘာရေးရမှန်းမသိပါဘူးဆို ကြိုက်တာရေးတဲ့….

ဟုတ်ပြီဗျာ. အဲလိုမျိုး ကျွန်တော့်ကို တစ်ယောက်ယောက်က လာမေးမယ်ဆိုပါတော့. ဘာရေးရမလဲ. ကိုယ့် ဘလော့ဂ်ကို လူလာအောင်ဘယ်လို လုပ်ရမလဲ. အောင်မြင်တဲ့ဘလော့ဂါတစ်ယောက်ဖြစ်အောင် ဘယ်လိုပို့စ်တွေ ရေးရမလဲ.

စိတ်ချ. ကျွန်တော်ပြောတာတွေကိုသာ တသွေမတိမ်းလုပ်. ခင်ဗျား အောင်မြင်စေရမယ်.

၁. စာဖတ်ရမယ်၊ ဗဟုသုတလေ့လာဆည်းပူးရမယ်
၂. ဘလော့ဂ်ရေးတာကို အမှန်တကယ်စိတ်ပါဝင်စားရမယ်
၃. သင့်တော်တဲ့ အချိန်တစ်ခုကို ခွဲဝေပေးနိုင်ရမယ်
၎. မိတ်ဆွေအပေါင်းအသင်းအသစ်တွေ ရယူလိုစိတ်ရှိရမယ်
၅. ကိုယ့်ရဲ့စိတ်ခံစားချက်ကို နိုင်နင်းရမယ်၊ ရိုးသားရမယ်

အဲဒီ့လောက်ဆိုရင် ခင်ဗျားမှာ ဘလော့ဂါကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေရှိလာပါပြီ.

သတိထားမိလား. ဘာတွေရေးရမယ်လို့ ကျွန်တော်ဘာမှ ထည့်မပြောသွားဘူးနော်. ကျွန်တော်ပြောသွား တာက ခင်ဗျားကိုယ်တိုင်ရဲ့ အကြောင်းတွေပဲ.

ဟုတ်တယ်. အဲဒီ့အချက်တွေကို လိုက်နာနိုင်ရင် ခင်ဗျားဟာ ဘလော့ဂ်မရေးဘဲနဲ့တောင် ဘလော့ဂါတွေ ကြားမှာ အောင်မြင်နိုင်ပါတယ်. (ရှုပ်သွားပြီလား. ခဏနေရင်ရှင်းသွားပါလိမ့်မယ်)

ဘလော့ဂါတစ်ယောက်ဖြစ်ချင်ပြီ ဆိုမှတော့ အချက် (၂) နဲ့ (၃) က ပြည့်စုံနေပါပြီ. အချက် (၁) နဲ့ ပြည့်စုံတဲ့ ဘလော့ဂါတိုင်းမှာတော့ ရေးစရာတွေ ပေါများနေမှာ အမှန်ပါပဲ. အဲဒီ့အချက် (၁) နဲပြည့်စုံအောင် ခင်ဗျား ကိုယ်တိုင်လည်း စာပေဗဟုသုတ လေ့လာဆည်ပူးချင်စိတ် ရှိရပါမယ်. အဲလိုမှမဟုတ်ရင်တော့ ခင်ဗျားရေး တဲ့ စာတွေမှာ အနှစ်သာရ မရှိဘဲ ပေါ့ပျက်ပျက် ဖြစ်နေပါလိမ့်မယ်. တော်တော်များများက ဘလော့ဂ်ကို လှပနေအောင် အပီအပြင်မွန်းမံတတ်ကြပါတယ်. ဒါပေမယ့် ပရိသတ်က စာကို ဦးစားပေးဖတ်ပါတယ်ခင် ဗျာ. မဟုတ်ရင်တော့ နောက်တစ်ခါထပ်လာဖို့ မသေချာတော့ပါဘူး. ဘလော့ဂ်လည်းလှ၊ ရေးတဲ့စာတွေ လည်းလှ ဆိုရင်တော့ ပြောစရာမရှိပေါ့ဗျာ…

အချက် (၄)ကတော့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပါတယ်. ဘလော့ဂါအသစ်လေးတွေက ဘာတွေဖြစ်နေ တတ်လဲ ဆိုရင် ကိုယ့်ဘလော့ဂ်ကို လူလာစေချင်တယ်. လူသိများတဲ့ ဘလော့ဂ်တွေရဲ့ ဆီဗုံးတွေထဲ ၀င်ပြီး ကြော်ငြာဝင်တယ်. လူတွေလာလည်ရင် ပျော်နေတယ်. လာတာကြဲသွားရင် ၀မ်းနည်းနေတတ် တယ်..

ဒါဟာ လွဲမှားနေတဲ့ လုပ်ဆောင်ချက်တစ်ခုပါ. ကိုယ့်ဘလော့ဂ်ကို လူလာစေချင်ရင် ကိုယ်က အရင် သူများ ဘလော့ဂ်တွေကို လျှောက်လည်ရပါတယ်. နှုတ်ဆက်ရပါတယ်. လာလည်ဖို့ ဖိတ်ခေါ်ရပါတယ်. သူများတွေရေးတဲ့ ပို့စ်တွေကို ကော်မန့်လေးတွေ ရေးပြီး ချီးကျူးဝေဖန်တတ်ရပါတယ်. အဲဒီ့လို လုပ်တာဟာ မိတ်ဆွေအပေါင်းအသင်း ပွားများအောင် လုပ်တာပါပဲ. လူဆိုတဲ့သဘောက ပုဂ္ဂိုလ်ခင်ရင် တရားမင်တတ် ပါတယ်. ဒီလိုမျိုး မိတ်ဖွဲ့ပြီး ခင်မင်ရင်းနှီးအောင် ပေါင်းတတ်မှ ကိုယ့်ဘလော့ဂ်ကိုလည်း အပြန်အလှန်အနေ နဲ့ လာလည်မယ်. ကိုယ်ကထပ်ခါထပ်ခါ သွားလည်ရင် သူကလည်း အပြန်အလှန်အနေနဲ့ ထပ်ခါထပ်ခါ လာလည်မယ်. အဆင်ပြေရင် Gtalk မှာ တွေ့မယ်၊ ပိုရင်းနှီးလာစေမယ်. ကိုယ့်ဘလော့ဂ်အတွက် လိုအပ်တာလေးတွေကို အကြံဥာဏ်တောင်းခံနိုင်မယ်. နောက်ဆုံး ခင်ဗျား ဘာပို့စ်မှ မရေးနိုင်ဘဲ ဒီတိုင်း ထားပြီး မိတ်ဆွေဘလော့ဂါတွေဆီ လျှောက်လည်နေရင် ခင်ဗျားဟာ ဘလော့ဂါမဟုတ်ဘဲနဲ့တောင် ဘလော့ဂါတွေကြားမှာ လူသိများလာနိုင်ပါတယ်. (မယုံရင် ဒီမိုကစ်တိုကိုကြည့်ပါ. သူ့မှာ ဘလော့ဂ်မရှိပါ ဘူး. ရေးလည်းမရေးပါဘူး. ဒါပေမယ့် နာမည်ကြီးဘလော့ဂါတိုင်း သူ့ကိုသိကြပါတယ်. ခင်မင်ရင်းနှီးကြပါ တယ်.)

ကဲဗျာ. လာလည်ကြပြီနော်. ခင်ဗျားရေးတဲ့ပို့စ်တွေကို သေချာဖတ်မယ်ထင်လား. မထင်ပါနဲ့. ၁၀၀ မှာ ၉၉ ယောက်လောက်က ရမ်းသရူးဖတ်သွားပြီး ခင်ဗျားကို First Impression ပေးသွားပါလိမ့်မယ်. သူက ဘာလဲဆိုပြီးတော့ပေါ့. ပြီးရင်တော့ အားနာပါးနာနဲ့ ဖြစ်စေ၊ တကယ်ခင်မင်လို့ဖြစ်စေ ခင်ဗျားကို နှုတ်ဆက် မယ်၊ အားပေးမယ်. ဒီလောက်ပဲ. ခင်ဗျားရေးတဲ့ပို့စ်လေးတွေ ကောင်းတယ်၊ တကယ်ကိုစစ်မှန်တဲ့ ခံစား ချက်တွေနဲ့ ရေးထားတယ်၊ ပညာဗဟုသုတ တစ်ခုခုရတယ်ဆိုရင်တော့ သူတို့နောက်တစ်ခေါက် အချိန်ပေးပြီး ပြန်လာဖတ်မှာ သေချာသွားပါပြီ.

ဒီတော့ ခင်ဗျားအနေနဲ့ ပို့စ်ကောင်းကောင်းလေးတွေ ရေးတတ်ဖို့ လိုလာပြီနော်. ဘာရေးမလဲ. ပို့စ်ကောင်း တယ်ဆိုတာဘာလဲ. H.G.Wells ရဲ့ စာအုပ်တွေကို ဘာသာပြန်ပြီး တင်ထားမှ ပို့စ်ကောင်းတယ်ခေါ်မှာ လား၊ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဒါတွေလုပ်ရမယ်ဆိုပြီး ပြောပြထားတာကို ပို့စ်ကောင်းတယ် ခေါ် တာလား၊ စာပေဗဟုသုတတွေကို အတုံးလိုက်အတစ်လိုက် ချပြထားပြီး ကိုယ်ဘယ်လောက်တတ် ကျွမ်းကြောင်း ဝေဖန်ပြောဆိုထားတာကို ပို့စ်ကောင်းတယ် ခေါ်တာလား….

တစ်ခုမှမဟုတ်ပါဘူး..

ရိုးသားစွာရေးပါ. အမှန်ကိုရေးပါ. ရှင်းလင်းစွာရေးပါ. ယဉ်ကျေးစွာရေးပါ. အဲဒါပို့စ်ကောင်းပဲ..

လမ်းထဲမှာ ခွေးနှစ်ကောင်ကိုက်တာကို ရေးပါ. သေချာမျက်စိထဲမြင်လာအောင်ကြိုးစားရေးပါ. ခင်ဗျား ပို့စ်ကောင်းတာပဲ. လာဖတ်မယ်. ရီမယ်. ခင်ဗျားရဲ့ အရေးအသားကို ချီးကျူးမယ်. မယုံမရှိနဲ့. ခင်ဗျားရဲ့ ပို့စ်မှာ ကော်မန့် 1+ ရလာလိမ့်မယ်. ကော်မန့်တစ်ခုကတော့ သေချာတယ်. နောက်ထပ် + က ကျွန်တော်ဝင်ရေးမယ့် ကော်မန့်လို့ ပြောတာ. (ဟတ်ဟတ်)

ကျောင်းသွားတုန်း၊ ရုံးသွားတုန်း ကြုံကြိုက်လိုက်ရတဲ့ အဆင်မပြေမှုတစ်ခုခုကို ရေးပါ. အဲဒါလည်း ပို့စ်ကောင်းတစ်ခုပါပဲ…

Rule of thumb (ယေဘုယျသဘော) ပြောမယ်. ကြိုက်တာရေး..

ခင်ဗျားရဲ့စေတနာမှန်ကန်ရင်၊ ဆဲဆိုပုတ်ခတ်မှုမပါရင် ခင်ဗျားရေးတဲ့ ပို့စ်တွေ ကောင်းတာပဲ. ခင်ဗျားဟာ ဘလော့ဂါကောင်းတစ်ယောက် ဖြစ်လာမှာပဲ.. တစ်ချို့ Rapper တွေ အောင်မြင်တယ် ဆိုတာလည်း သူတို့က တကယ့်လက်တွေ့ဘ၀ထဲက အဖြစ်တွေကို ပြောင်မြောက်တဲ့ စကားလုံးတွေ သုံးပြီး အပြင်မှာ စကားပြောနေတဲ့ ပုံစံမျိုးနဲ့ သီဆိုသွားကြတာပဲလေ. ဒီလိုပဲပေါ့. Blogger နဲ့ Rapper သိပ်မကွာပါဘူး. သူတို့က မိုက်ကိုင်ပြီး ဘ၀အကြောင်းပြောတယ်. ကျွန်တော်တို့ ဘလော့ဂါတွေက Keyboard ကိုင်ပြီး ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအကြောင်းကို ပြောတယ်. ဒါပါပဲ.

အချက် (၅) ကတော့ ဘလော့ဂါတိုင်းနဲ့ ပတ်သက်ပါတယ်. ဘလော့ဂါတစ်ချို့က ကိုယ့် စိတ်ခံစားချက်၊ အမြင်နဲ့ မကိုက်ညီရင် ပစ်ပစ်ခါခါကို ဝေဖန်တတ်ကြပါတယ်. အပြစ်တင်တဲ့ ကော်မန့်တွေ ၀င်ရေးသွား တတ်ကြပါတယ်. အဲဒါမကောင်းပါဘူး.

ခံစားရသူဖက်ကကြည့်ပါ. သူလည်းကြိုးစားပြီး ရေးထားရတာပဲ. အဲဒါကို တစ်ဖက်လူက ပျစ်ပျစ်နှစ်နှစ် ဝေ ဖန်သွားရင် စိတ်မကောင်းဖြစ်ရပြီပေါ့. သူရေးတဲ့ပို့စ်က သိပ်ကို ရိုင်းပျနေရင်၊ အဓိပ္ပါယ်ယုတ္တိမရှိရင်တော့ ဆက်ဖတ်မနေပါနဲ့တော့. အဲဒီ့အတွက် ခင်ဗျားရဲ့ အချိန်တွေ ပေးနေရတာ မတန်ပါဘူး. ဒါမှမဟုတ်ဘဲ သူမြင်တာကို ပွင့်လင်းရိုးသားစွာ ရေးသားထားရင်တော့ အဲဒါကို ခင်ဗျားက ဖွင့်ထားတဲ့စိတ်နဲ့ စာဖတ် တတ်ဖို့လိုမယ်.

လူတိုင်းမှာ ကိုယ်နှစ်သက်လို့ စီးထားတဲ့ ကိုယ်နဲ့တော်တဲ့ ဖိနပ်တစ်ရံစီရှိကြတယ်. ခင်ဗျားခြေထောက် နဲ့တော် တိုင်း ခင်ဗျားရဲ့ ဖိနပ်နဲ့လူတိုင်းကို လိုက်စီးခိုင်းနေလို့ မရဘူး. ကိုယ်နဲ့အမြင်မတူတိုင်း သူဟာ အဆင့် မရှိတဲ့လူတစ်ယောက်လို့ ယူဆနေရင် ခင်ဗျားဟာ အဆင့်ရှိတဲ့ ပညာတတ်တစ်ယောက် မဖြစ်သေး ဘူး. အဲဒါကို နားလည်သဘောပေါက်မိဖို့ လိုတယ်.

အခုဖြစ်နေတာက အဲလိုမဟုတ်ဘူး. မင်းကဒီလိုရေးတယ်. မင်းက ဘာလဲ. မင်းဒါတွေကို မသိဘူးလား. ငါပြောပြမယ်. မင်းနားထောင် …. ဒီလို လေသံမျိုးတွေပါတဲ့ ကော်မန့်တွေကို တွေ့နေရတယ်.

ဒီတော့ အပြောခံရတဲ့သူက နားထောင်မယ်ထင်လား..

ခင်ဗျားရဲ့ စေတနာကမှ မမှန်ဘဲ သူလည်းနာလိုစိတ်မရှိဘူး. သူ့မှာလည်း ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေတယ်. သူကလည်း ပြန်ချေပတယ်. အဲဒီ့မှာ အမုန်းတရားတွေ ဖြစ်လာတယ်. တိုက်ပွဲတွေပြင်းထန်လာ တယ်. ရည်ရွယ်ချက်တွေ ဘေးရောက်ကုန်ပြီ ကိုယ်ရေးကိုယ်တာတိုက်ပွဲ သဘောမျိုးထိ ဖြစ်လာတယ်.

တစ်ခါတစ်လေမှာ ကိုယ်က တကယ်ကို စေတနာအမှန်နဲ့ ထောက်ပြပြောဆိုတယ်. သူက လက်မခံဘူး. ဒါဆိုရင် ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတော့ ကိုယ့်မှာပဲ အပြစ်ရှိတယ်.

ခင်ဗျားမပြောတတ်သေးလို့. တစ်ဖက်လူနာခံတတ်အောင် ပြောနည်းဆိုနည်း လူမှုရေးနည်းပညာကို ခင်ဗျား နားမလည်သေးလို့၊ ပြောရမယ့် အချိန်အခါကို မသိတတ်သေးလို့ ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ရမယ်.

ဒါဟာ ဘလော့ဂ်ရေးတဲ့ ပတ်ဝန်းကျင်ကို ကျော်လွန်သွားပြီနော်. တကယ့်ကို လူမှုဆက်ဆံရေး နည်းပ ညာတွေ ဖြစ်လာပြီ. ဟုတ်တယ်. လက်တွေ့မှာလည်း ကျွန်တော်တို့ ဘလော့ဂ်လောကက Reality သဘောမျိုးဖြစ်လာနေပြီ. ဒါကြောင့် လောကကြီးအကြောင်းကို ဘလော့ဂ်ရေးသားရင်းနဲ့လည်း သင်ယူနိုင်နေပြီလို့ဆိုရင် မှားမယ်မထင်ပါဘူး

ဒီတော့ ကိုယ်နဲ့မကိုက်ညီတဲ့ အမြင်တွေ၊ မှားယွင်းကောင်းမှားယွင်းနေနိုင်မယ့် သဘောတရားတွေ ကို ရေးထားတာတွေ့လို့ ဝေဖန်အကြံပြုတော့မယ်ဆိုရင်…

၁. သူနာလိုအောင် ပြောတတ်ရမယ်
၂. ပြောရမယ့် အချိန်အခါကို သိတတ်ရမယ်
၃. ထွက်ပေါက်ပေးထားရမယ်

“စကားခြောက်ခွန်း လူ၌ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းတည်”ဆိုသလို မှန်တိုင်းပြောလို့မရတဲ့ စကားတွေ ရှိနေပါတယ်.

ဘာတွေလဲ ဆိုတော့

(၁) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း
(၂) မဟုတ်မမှန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း
(၃) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်၍ မပြောသင့်တစ်ခွန်း
(၄) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးမရှိ၍ ကြားသူနှစ်သက်သော်လည်း မပြောသင့်တစ်ခွန်း
(၅) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူမနှစ်သက်စေကာမူ ပြောသင့်တစ်ခွန်း
(၆) ဟုတ်ဟုတ်မှန်မှန်၊ အကျိုးရှိ၍ ကြားသူနှစ်သက်သဖြင့် ပြောဆိုသင့်တစ်ခွန်း

(နှာ-၁၃၆၊ စံမြင့်မှတ်စု၊ မင်းလှစံမြင့်)

နံပါတ် (၅) နဲ့ (၆) ကိုပဲ ပြောသင့်ပါတယ်. ဒါပေမယ့် ပြောရမယ့် အချိန်အခါကို သိတတ်ဖို့လည်း သိပ် အရေးကြီးပါတယ်. မြတ်စွာဘုရားတောင်မှ လူတစ်ယောက်ကို တရားဓမ္မဆေးတိုက်ကျွေးတော့မယ်ဆိုရင် သူ့ရဲ့ ကျွတ်တမ်းဝင်ချိန်ကို မျှော်ကြည့်ပါတယ်. အချိန်အခါကျရောက်မှ သူနဲ့သင့်တော်တဲ့ တရားတော် ကို ဟောကြားတော်မူပါတယ်. အချိန်အခါမကျသေးဘဲ ပြောဟောရင် ဒီတရားစကားပဲဖြစ်နေပေမယ့် အကျိုးတရားဖြစ်ထွန်းမှာ မဟုတ်ပါဘူး.

တကယ်တော့ How to do ထက် When to do က အများကြီး ပိုခက်နေတတ်ပါတယ်. အဲလိုပါပဲ. How to say ထက် When to say ကလည်း အများကြီး ပိုအရေးကြီးနေတတ်ပါတယ်. ဒါကို မှန်ကန်စွာ ရှုမြင်သုံး သပ်တတ်ဖို့ကတော့ မိမိကိုယ်တိုင်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်နေပါတယ်. ဒါပေမယ့် ဒါတွေက သတိထားပြီးသင်ယူရင် တတ်ပါတယ်.

နံပါတ် (၃) ဖြစ်တဲ့ ထွက်ပေါက်ပေးထားရမယ် ဆိုတာကတော့ တစ်ဖက်လူကို ချောင်ပိတ်ပြီး စကားစစ်မထိုး ပါနဲ့. လူမှာ အတ္တဆိုတာရှိပါတယ်. ကိုယ့်အတ္တကိုထိရင် လူတိုင်းဆတ်ဆတ်ထိမခံ ဖြစ်တတ်ပါတယ်.

ခွေးပိန်လေးတစ်ကောင်ကို ချောင်ပိတ်ပြီးရိုက်ကြည့်ပါ. သူ့မှာ ထွက်ပေါက်မရှိတော့တာ သေချာရင် ရိုက်တဲ့ သူကို ရှိတဲ့အင်အားလေးနဲ့ ပြန်ကိုက်ဖို့ ကြိုးစားပါလိမ့်မယ်.

ဒီလိုပါပဲ. ဘယ်သူ့ကိုမှ ထွက်ပေါက်ပိတ်ရလောက်အောင် ဖိမပြောပါနဲ့. ကိုယ်ပြောချင်တာကို ပြောပါ. Pros and Cons (အကျိုးအပြစ်) တွေကို ချပြပါ. ပြီးရင်တော့ သူကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ပါစေ.

ခေါင်းဆောင်ကောင်း၊ မန်နေဂျာကောင်းတွေက တစ်ဖက်လူကို ဇွတ်မတိုက်တွန်းဘူး. သူဖြစ်စေချင်တာကို ချပြပြီးတော့ တစ်ဖက်သားကို စဉ်းစားခိုင်းတယ်. နောက်ဆုံးမှာ ကျွန်တော်ဒီလိုစဉ်းစားမိလိုက်တယ်ဆိုပြီး တစ်ဖက်သားက ထုတ်ပြောလာတဲ့အထိ ကိုယ့်ရဲ့ အကြံဥာဏ်က သူ့စိတ်ထဲကို စီးဝင်နစ်မြောသွားစေရမယ်.

အဲဒါခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းပဲ.

လူတစ်ယောက်ကို ပြောင်းလဲလာစေချင်ရင်လည်း ဒီသဘောပဲ. ပြောင်းလဲသင့်တဲ့ အချက်တွေကို ပြောပြရ မယ်. သူယူဆတာတွေ ဘယ်နေရာမှာ လွဲချော်သွားတယ်ဆိုတာကို သူမြင်လာအောင် ရှင်းပြရမယ်. ကိုယ့် အမြင်ကိုလည်း သူ့အတ္တကို မထိခိုက်စေဘဲ တင်ပြတတ်ရမယ်. ပြီးတော့မှ ကိုယ့်ဖက်ပါအောင် စကား အလိမ္မာသုံးပြီး စည်းရုံးတတ်ရမယ်.

ဒီတိုင်းသွားပြီး

ဟေ့ကောင်. မင်းထင်တာ မှားနေတာ. ဒါကမှ အမှန်. မင်းမသိဘူးလား. ငါတို့အားလုံးသိတယ်. မင်းတို့ မို့မသိတာ ငါသိပ်အံ့ဩတယ်.

ဒါမျိုးသွားပြောကြည့်. ဘယ်သူမှ မခံဘူး. သူများမှားကြောင်းပြောနေတဲ့ ခင်ဗျားကိုယ်တိုင်ရဲ့ ပြောဆိုပုံ မှားနေတယ်. ဒါကြောင့် ခင်ဗျားလိုချင်တဲ့ ရလာဒ်ရလာမှာ မဟုတ်ဘူး.

နိုင်ငံခြားကလာတဲ့ ဆေးတောင့်လေးတွေကို အခွံချွတ်ပြီး သောက်ကြည့်ဖူးတယ်. ခါးလိုက်တာဗျာ. အခွံလေးကို ကိုက်စားကြည့်တော့ ချိုနေတာပဲ. ဒီလိုပဲပေါ့ဗျာ. ကောင်းတယ်ဆိုတိုင်း ဒီတိုင်းသွားပြောလို့ မရဘူး. အပေါ်က သကာအုပ်တတ်ရတယ်. အဓိကက ကိုယ့်စကားနားဝင်ဖို့ပဲ. ပြောတတ်ရတယ်. မဟုတ် ရင်တော့ ခင်ဗျား ရန်သူတစ်ယောက် ကောက်ရလိုက်တာနဲ့ အတူတူပဲ. မယုံရင်စမ်းကြည့်ပေါ့. ကျွန်တော် အပိုမပြောဘူး.

မိဘတောင်မှ သားသမီးကို ဆုံးမတယ်ဆိုပြီး နိုင့်ထက်စီးနင်းပြောတာနဲ့ ချိုချိုသာသာနဲ့ နားဝင်အောင်ပြော တာ ဘယ်လောက်ကွာတယ်ဆိုတာ ငယ်ရာကကြီးလာခဲ့တဲ့ ကျွန်တော်တို့အားလုံးသိပါတယ်. ဒါတွေကို လက်တွေ့လူမှုဘ၀ကြီးထဲမှာကျတော့ ဘာလို့ မသိကျိုးကျွံပြုထားကြတာလဲ.

“တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ချိုလှစေ…” တဲ့.

အဲလိုမကျင့်သုံးဘဲ ငါ့စကားနွားရပြောနေကြတာကို ဘလော့ဂါတွေကြားမှာ တွေ့နေရတယ်. ဒါတွေကို မဆင်ခြင်ဘဲ ဒုံရင်းအတိုင်းနေလည်း သဘောပါ. ဒါပေမယ့် ဆင်ခြင်မယ်၊ ပြုပြင်မယ်၊ ကြိုးစားလိုက်နာမယ် ဆိုရင်တော့ ခင်ဗျားဟာ အရှိန်အ၀ါကြီးတဲ့ ဩဇာကြီးတဲ့ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက် ဖြစ်လာ ပါလိမ့်မယ်.

ပြဿနာတစ်ခုဖြစ်တဲ့ အခါမှာ ၀င်တိုင်းမကောင်းပါဘူး. ၀င်သင့်တဲ့အချိန်ကို ပညာမျက်စိနဲ့ ကြည့်တတ်ရပါ တယ်. အခြေအနေနဲ့ အချိန်အခါကို နားလည်ကျင့်သုံးတတ်ဖို့လိုတယ်လို့ စကားဟောင်းတစ်ခုကိုပဲ ပြန်သုံး လိုက်ပါရစေ..

ဒါကြောင့် အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ချင်ရင် ဘလော့ဂ်တွေကို လျှောက်လည်ရုံသာမ က ကော်မန့် လည်းရေးတတ်ရပါမယ်. ရေးသင့်ရေးထိုက်တာကို ရေးတတ်ဖို့လိုသလို ရေးရမယ့် အချိန် အခါကိုလည်း နားလည်သင်ယူတတ်ဖို့လိုပါတယ်. မဟုတ်ရင်တော့ ခင်ဗျားကိုယ်တိုင်ပါ ကော်မန့်တိုက်ပွဲထဲ ၀င်ပါသွားပြီးတော့ အရည်မရအဖတ်မရ ငြင်းခုန်မှုတွေနဲ့ အချိန်ကုန်၊ လူမုန်းများဖို့ပဲ ရှိပါတယ်.

အဲလိုပြောလို့ လူချစ်အောင် ဘာမှမဝေဖန်တော့ဘဲ ဒီတိုင်းလေးနေလို့ မဆိုလိုဘူးနော်. လူတိုင်းရဲ့ စိတ်ဆန္ဒ ကို သိမ်းကျုံးယူနိုင်ဖို့ တကယ်တော့ မလွယ်ပါဘူး. ကိုယ်ယုံကြည်ရာ၊ ကိုယ်လုပ်ချင်ရာကို မည်သူ့အကျိုး စီးပွားကိုမျှ မထိခိုက်စေဘဲ ယုံကြည်စွာနဲ့ပဲ တစိုက်မတ်မတ်လုပ်ပါ. လူချစ်အောင်မလုပ်ပါနဲ့. လူကြည် ညိုအောင်လည်း ပြုံးပြုံးပြုံးပြုံးလေးနဲ့ သဘောကောင်းဟန်ပြပြီး မနေပါနဲ့. လုပ်သင့်တာ ရေးသင့် တာ ပြော သင့်တာ ဆိုသင့်တာကိုသာ လုပ်ပါ ရေးပါ ပြောပါ ဆိုပါ. မိတ်ဆွေစစ်တစ်ယောက်ရတိုင်း ခင်ဗျားမှာ ရန်သူ တစ်ယောက်ပါ ရလာလိမ့်မယ်. ဘာလို့လဲဆိုတော့ မိတ်ဆွေရဲ့ရန်သူဟာ ခင်ဗျားရဲ့ ရန်သူပဲလေ. ဒါကြောင့် ရန်သူမရှိတဲ့သူမှာ မိတ်ဆွေမရှိဘူးလို့ စကားပုံဖြစ်ပေါ်လာတာပေါ့.

ဒီလိုပါပဲ. ကျွန်တော်တို့ မိတ်ဆွေချည်းသက်သက်ပဲ လိုချင်တယ်ဆိုလို့တော့ မရဘူး. ဘလော့ဂ်လောကမှာ လည်း သူ့ဖာသာ အသိုင်းအ၀ိုင်းလေးတွေ ဖွဲ့ပြီးနေနေကြတဲ့ ဘလော့ဂါတစ်ချို့ရှိတယ်ဆိုတာ ကြာလာတာနဲ့ အမျှ သိလာပါလိမ့်မယ်. ကြာလေကြာလေ ဘလော့ဂ်လောကကြီးက ပြင်ပလက်တွေ့ဘ၀ကြီးနဲ့ တူ လာလေ ဖြစ်နေတယ်ဆိုတာ ဘလော့ဂ်ရေးတဲ့ သက်တမ်းကြာလာရင် သိလာမှာပါခင်ဗျာ.

တစ်ချိုးတစ်ကွေ့မှာ ခင်ဗျားနဲ့ ဘလော့ဂါတစ်စုံတစ်ယောက် ကတောက်ကဆဖြစ်ခဲ့ရင်တောင်မှ ပညာတတ် ပီသစွာ ငြင်းခုန်ဆွေးနွေးပါလို့ ကျွန်တော်အကြံပြုချင်ပါတယ်. ဒါဆိုရင် တစ်ဖက်လူက ခင်ဗျားကို အမြင်မတူ တာတောင်မှ လေးစားမှုပေးပါလိမ့်မယ်. ရေရှည်လည်း အမုန်းမပွားဘဲ ဆက်ဆံသွားနိုင်ပါလိမ့်မယ်. ကျွန်တော်တို့ဟာ တစ်ဦးတစ်ယောက်တည်း ရပ်တည်လို့ မရပါဘူး. ဘလော့ဂ်လောကမှာလည်း ဒီလိုပါပဲ. အွန်လိုင်းက ကိစ္စတွေပါကွာဆိုပြီး ခင်ဗျားတစ်ဦးတည်းနေကြည့်ပါ. ဘာဖြစ်လာမလဲဆိုတာ မကြာခင်သိ လာပါလိမ့်မယ်.

ဒါကြောင့် မိတ်ဆွေတိုးပွားအောင် ရယူပါ. မိမိကို တစ်ဖက်သတ် တိုက်ခိုက်ပြီး စကားတင်းဆိုလာခဲ့ ရင်တောင် တည်ငြိမ်ရင့်ကျက်စွာ ဖြေရှင်းပါ၊ ဆွေးနွေးပါ၊ ထိပ်တိုက်ရင်ဆိုင်ပါ၊ စိန်မခေါ်ပါနဲ့။ ဒါဆိုရင် ခင်ဗျား ကို ရန်သူကတောင် လေးစားပါလိမ့်မယ်. လက်တွေ့ ပြင်ပဘ၀ထဲမှာလည်း ဒီလိုသဘောတရားတွေကို အသုံးချနိုင်ပါတယ်.

ပြီးတော့လည်း ငါ့ဘလော့ဂ်ပဲကွာဆိုပြီး ရေးချင်ရာတွေ လျှောက်မရေးပါနဲ့. မိမိဘလော့ဂ်အတွက် မိမိသာ လျှင် အယ်ဒီတာပါ. ဒါကြောင့် ပိုတာဝန်ကြီးပါတယ်. မကြီးဘူးလို့ ယူဆရင်လည်း မကြီးဘူးပေါ့လေ. ကျွန်တော်ကတော့ သုံးလိုက်တဲ့ စကားလုံးအသုံးအနှုန်းကအစ စာဖတ်သူကို စော်ကားတဲ့ ပုံစံမ ပါအောင် သေချာစိစစ်ရွေးချယ်ပြီး သုံးပါတယ်. ဘလော့ဂ်ပေါ်မှာ အတင်းအဖျင်းပြောတာမျိုး၊ လူမှုရေးအရ မသင့်တော်တဲ့ ဓာတ်ပုံတွေ တင်တာမျိုးလည်း မလုပ်သင့်ပါဘူး.

ယောင်္ကျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်နဲ့ လက်ရှိမှာ ချစ်နေပေမယ့်လည်း သူက ကိုယ့်ရဲ့ အိမ်ထောင်ဖက် မဟုတ်သေးပါဘူး. (လုံးဝကိုသေချာနေရင်တော့ တစ်မျိုးပေါ့လေ.) ဒါပေမယ့် ကိုယ့်ရဲ့ ဂုဏ်သိက္ခာ၊ တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ဓာတ်ပုံတွေ မတင်သင့်ပါဘူး. ဒါက အားလုံးအတွက်ရည်ရွယ်ပြီးပြောတာပါ. (ကြိုက်သလိုကွဲလွဲစွာ မြင်နိုင်ပါတယ်ခင်ဗျာ)

ကြမ်းကျွံရင် နှုတ်ရတယ်. စကားကျွံရင် နှုတ်မရဘူးဆိုတာတောင် ရှိနေသေးတာပဲ. ခုလိုမျိုး အားလုံး သိအောင် လူသိရှင်ကြားလုပ်ပြီးမှ အကြောင်းတစ်ခုခုကြောင့် လက်မတွဲဖြစ်တော့ရင် တစ်ဖက်သား သိပ်နစ်နာပါတယ်. အခုဟာက အကုန်ကျွံကုန်တာပါ. ဒါကြောင့် လူမှုရေးရှုထောင့်ကနေ ကြည့်ပြီး ဒါမျိုး မလုပ်သင့်ပါဘူး. မိန်းကလေးတစ်ယောက် ကိုယ့်ကို ဆက်ပြီး မချစ်နိုင်တော့လို့ လက်တွဲဖြုတ်သွားမယ် ဆိုရင် ဒါကို နားလည်လက်ခံပေးနိုင်ဖို့လိုပါတယ်. ကြေကွဲပါ. ခံစားပါ. ဒါပေမယ့် လက်စားတော့ မချေ ပါနဲ့. ယောင်္ကျားကောင်းပီသစွာ ရင်ဆိုင်ဖြေရှင်းပါ. ကျွန်တော်တို့ Gentleman ပီသဖို့လိုပါတယ်. မကျေနပ် ရင် အပြင်မှာ ထိပ်တိုက်တွေ့ဆုံဆွေးနွေးပါ. ဘလော့ဂ်ပေါ်တင်ပြီး အရှက်ခွဲတဲ့ပုံစံမျိုး၊ ကြေကွဲတမ်းတနေတဲ့ ပုံစံမျိုးလုပ်ရင်တော့ မိန်းကလေးလည်း နစ်နာတယ်. ခင်ဗျားကိုလည်း အားလုံးက အထင်သေးရွံရှာသွား မှာ သေချာပါတယ်. ကိုယ်နဲ့ချစ်နေစဉ်က ယုံကြည်စွာပေးခဲ့တဲ့ သူ့ဓာတ်ပုံလေးတွေကို ခုလိုဖြစ်တော့မှ တစ်ဖက်သားအတွက် ထည့်မစဉ်းစားဘဲ ကိုယ်လုပ်ချင်တာတွေကို ဇွတ်မလုပ်သင့်တာ လောကနီတိထဲမှာ ထည့်မရေးထားတဲ့ unwritten law တစ်ခုပါ. ဒါတွေကို ဂရုမစိုက်ဘူးဆိုရင်တော့ ဆက်လုပ်ပါ. ဘာမှ ဆက်ပြောစရာမရှိတော့ပါဘူး. လူတိုင်း ကိုယ့်သမိုင်းကိုယ်ရေးတာချည်းပါပဲ.

တစ်ချိန်တည်းမှာပဲ ပညာဗဟုသုတတိုးပွားအောင် ကြိုးစားလေ့လာမှတ်သားပါ. ဘလော့ဂ်ကိုလည်း ပို့စ် မှန်မှန်လေးတင်ပေးပါ. မတင်နိုင်သေးရင်လည်း မတင်နိုင်သေးကြောင်း လေးစားစွာ အသိပေးပါ. ဒါဟာ စာဖတ်သူအပေါ်ထားရှိတဲ့ ကိုယ့်စေတနာကို ပြသရာလည်း ရောက်ပါတယ်. တစ်ပတ်မှာ ပို့စ်တစ် ခုလောက်တော့ တင်ပေးနိုင်အောင် ကြိုးစားပါ. မိမိဘလော့ဂ်ကိုလည်း တန်းပလိတ်ခဏခဏမပြောင်းပါနဲ့. စာဖတ်သူက သူအကျွမ်းဝင်နေပြီးသား တန်းပလိတ်မှာ စာလာဖတ်ရတာ ပိုပြီးတော့ သက်တောင့် သက်သာဖြစ်တယ်လို့ ခံစားရပါတယ်. တန်းပလိတ်ကို ကြိုက်တာသေချာလိုက်ရွေးပါ. ကြိုက်ပြီဆိုရင် အဲဒါကိုပဲသုံးပါ. တဖြည်းဖြည်းချင်း feature တွေကို ပြောင်းယူပါ. တန်းပလိတ်တစ်ခု လုံးကြီး ပြောင်းရ တာက တကယ်ကို လိုအပ်မှပဲ လုပ်သင့်ပါတယ်. ခဏခဏပြောင်းနေတာထက် အချိန်အတော်ကြာ မှ နောက်တစ်ခုပြောင်းတာ ပိုကောင်းပါတယ်. ပို့စ်ကောင်းကောင်းလေးတွေ ရေးတဲ့ဖက်ကို ပိုပြီး အာရုံ စိုက်သင့်ပါတယ်.

ပညာဥာဏ်ကြီးမားအောင် စာများများဖတ်ပါ. စာမျိုးစုံဖတ်ပါလေ့လာဆည်းပူးခဲ့တာတွေ ကို ဝေငှပါ. အများဆီကလည်း ပြန်သင်ယူပါ. မိတ်ဆွေအပေါင်းအသင်း တိုးပွားအောင် လုပ်ပါကိုယ်ရေး ကိုယ်တာ ခံစားချက်ကို ထိန်းသိမ်းပါ စာဖတ်သူကို လေးစားပါ

ဒါဆိုရင် မြေကြီးလက်ခတ်မလွဲဘူးခင်ဗျားဟာ အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ရုံ သာမက ဘူး. အောင်မြင်တဲ့လူသားတစ်ယောက် ဖြစ်လာဖို့ပါ ၁၀၀ % သေချာနေပါပြီ..

ခင်မင်လေးစားလျက်

Credit/ ရန်အောင်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...