ပညာရေး ရည်မှန်းချက်များ ပေါက်မြောက် အောင်မြင်ရေး

 Written by ခင်မောင်ဌေး (ပညာရေး) 
FM ရေဒီယို အစီအစဉ်မှ ဖြစ်သည်။ ပညာရေးဝန်ထမ်း (ငြိမ်း) ကျောင်းအုပ်ဆရာကြီး တစ်ဦးနှင့် တွေ့ဆုံ ဆွေးနွေးခန်းဖြစ်မည် ထင်ပါသည်။ ဆရာကြီးပြော ကြားနေသော အကြောင်းအရာမှာ မူလတန်းပညာ ရေး၏ အရေးကြီးပုံကို ပြောကြားနေခြင်းဖြစ်သည်။ ထိုသို့ပြောရာတွင် ဆရာ၊ ဆရာမတိုင်းတွင် ရှိသင့် သည့် ဆရာဖြစ်လက်မှတ် (Teachership) အကြောင်းလည်းပါသည်။

ဆရာဖြစ်လက်မှတ် (Teachership) ဆိုသည်မှာ ဆရာ၊ ဆရာမတိုင်းအား မည်သည့်အတန်းတွင် မည်သို့သင်ကြားပြသရမည်။ အတန်းကို မည်သို့ ထိန်းကျောင်းရမည်။ ပညာရေး သဘောတရားက မည် သို့။ အထူးသဖြင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာကို အထူးသိနားလည်၍ မိမိသင်ကြားတတ်မြောက်မှု ကိုမည်သို့ပေါက်မြောက်အောင် ဆောင်ရွက်နိုင်မည်ကို လေ့ကျင့်ပေးမှု၏ အသိအမှတ်ပြုလက်မှတ် တစ်ခုပင်ဖြစ်သည်။

ဆရာဝန်တစ်ဦးသည် လူနာတစ်ဦးကို ကုသရန်အတွက် လေး၊ ငါး၊ ခြောက်နှစ်ခန့် သင်ကြားကြရ သည်။ စာတွေ့သာမက လက်တွေ့ကွင်းဆင်းကုသရ၏။ အရည်အချင်းပြည့်မီမှ ကုသခွင်လိုင်စင်ရပါ သည်။ ထိုသို့မဟုတ်မူဘဲ တတ်သမျှမှတ်သမျှနှင့် ကုသနေသူများမှာ ဒေါက်တာရမ်းကုများသာ ဖြစ်ပါ သည်။ ထိုရမ်းကုများကြောင့် မဆုံးရှုံးသင့်ဘဲ အသက်ပေါင်းများစွာ ဆုံးရှုံးနေရ၏။ အထူးသဖြင့် အသိ ပညာဗဟုသုတနည်းပါးသော အရပ်ဒေသများတွင် အတွေ့ရများပါသည်။

စင်စစ်အတတ်ပညာတစ်ခုကို ကောင်းစွာမကျွမ်းကျင်ဘဲပြုလုပ်ခြင်းသည် အန္တရာယ်ရှိသကဲ့သို့ ဆိုးကျိုး လည်းများနိုင်ပါသည်။ ဆရာ၊ ဆရာမအဖြစ်တာဝန်ယူလုပ်ဆောင်တော့မည်ဆိုလျှင် မိမိအလုပ်နှင့်ပတ် သက်၍သိသင့်သိထိုက်သည့် အသိပညာများ၊ တတ်သင့်တတ်ထိုက်သည့် အတတ်ပညာများကို တတ် ကျွမ်းဖို့လိုသည်။ ဆရာဖြစ်လက်မှတ်သည် မိမိ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်။ မိမိအ လုပ်၏လမ်းညွှန်ချက်များသဖွယ်သုံးနိုင်၏။ မြန်မာနိုင်ငံတွင် ဆရာ၊ ဆရာမများ၏ ၆၀ ရာခိုင်နှုန်းမှာ လက်မှတ်မရှိကြောင်း အထက်ပါတွေ့ဆုံဆွေးနွေးခန်းမှ ကြားသိရသည်။

ဆရာဖြစ်လက်မှတ်မရှိဘဲ ဆရာ၊ ဆရာမအဖြစ်တာဝန်ယူနေရခြင်းသည် ဒေါက်တာရမ်းကုနှင့်တူ၏။ ရမ်းကုကဲ့သို့ ချက်ချင်းလက်ငင်း လူ့အသက်တစ်ချောင်းသေနိုင်သည်တော့မဟုတ်။ တဖြည်းဖြည်းနှင့် လှိုက်စားစားနေသည့် ကင်ဆာရောဂါနှင့်တူ၏။ ဆရာ၊ ဆရာမဆိုသည်မှာ စာသင်တတ်ရုံ သက်သက် လည်းမဟုတ်။ ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ၊ ပညာရေးစီမံခန့်ခွဲမှုစသည့် ပညာရပ် သဘောတရားများကိုပါ သိနားလည်ထားဖို့ လိုပါသည်။

အဆိုပါ FM ရေဒီယိုဆွေးနွေးခန်းတွင် မူလတန်းကျောင်းများ၌ ဆရာ၊ ဆရာမကိုယ်တိုင်မှားယွင်းနေပုံ ကို ထောက်ပြထား၏။ “ဈေး” ကို စာလုံးပေါင်းဆိုရာတွင် “သဝေထိုး စလုံးယပင့်ဝစ္စနှစ်လုံးပေါက်-ဈေး” ဟု သင်နေကြောင်း၊ ဤအမှားကို ဆရာ၊ ဆရာမများကိုယ်တိုင်မသိကြောင်း၊ စာလုံးပေါင်းအမှန်ကို ရှင်းပြခဲ့ရကြောင်း၊ ဤသို့သင်နည်းစနစ် မှားနေသူများကိုကြည့်လျှင် ဆရာဖြစ်လက်မှတ်မရှိသူများဖြစ် နေကြောင်း ပြောပြသွားသည်ကို ကြားသိရ၏။

စင်စစ် မည်သည့်အလုပ်အကိုင်အခွင့်အလမ်းပင်ဖြစ်စေကာမူ ယင်းသက်ဆိုင်ရာအလုပ်နှင့် ပတ်သက် ၍ ကျွမ်းကျင်မှုအထောက်အထားရှိမှသာလျှင် ယင်းလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်၏။ အလုပ်ခန့်ထားနိုင်မည်လည်းဖြစ်၏။ မိမိတို့ပညာရေးလုပ်ငန်းသည် သက်မဲ့ထုတ်ကုန်များ ထုတ်လုပ်ရ သည့်လုပ်ငန်းမဟုတ်။ အစားထိုးပြုပြင်တပ်ဆင်ရသည့်အလုပ်လည်း မဟုတ်။ လူကိုပြုစုပျိုးထောင်ပုံ ဖော်ထုဆစ်ရသည့် လုပ်ငန်းဖြစ်ရာ ဆရာ၊ ဆရာမအလုပ်သည် ပို၍ပင်ကျွမ်းကျင်မှု၊ လိမ္မာပါးနပ်မှု၊ စိတ် ရှည်သည်းခံမှု၊ ဇွဲလုံ့လရှိမှုတို့ လိုအပ်လှပါသည်။

လက်ရှိအနေအထားတွင် ၆၀ ရာခိုင်နှုန်းသည် လက်မှတ်မဲ့နေသည်။ အထူးသဖြင့် ကျူရှင်များ၊ ကိုယ် ပိုင်နည်းပြသင်တန်းများနှင့် ဘော်ဒါကျောင်းများတွင် ပို၍များနိုင်ပါသည်။ ကျောင်းသား၊ ကျောင်းသူ ထောင်ချီရှိသော ပြင်ပကျောင်းကြီးတစ်ကျောင်းမှ တပည့်တစ်ဦးနှင့် တွေ့ဖူးပါသည်။ နဝမတန်း၌ ယင်း ကျောင်းတွင် ကျောင်းတက်ခဲ့သော်လည်း တက္ကသိုလ်ဝင်တန်းတွင် အစိုးရကျောင်းသို့ ပြန်ပြောင်းလာခဲ့ ကြောင်းပြောပြ၏။ အကြောင်းမှာယင်းကျောင်းတွင် ခန့်ထားသော ဆရာ၊ ဆရာမအများစုမှာ အတွေ့ အကြုံနုနယ်သော ဘွဲ့ရဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝင်တန်းအောင်ပြီး ကျောင်းသား၊ ကျောင်းသူ များကိုပြန်လည်ခန့်အပ်သင်ကြားနေကြောင်း၊ လုပ်သက်ရှိ ဝါရင့်သမ္ဘာရင့် ဆရာကြီး၊ ဆရာမကြီးများ အလွန်နည်းကြောင်း ပြောပြ၏။

ထိုတပည့်ကပင် “ဆရာရယ် ကျွန်တော်တို့ကိုသင်မယ့် ဆရာ၊ ဆရာမဆိုတာက ကျွန်တော်တို့နဲ့ရွယ်တူ တွေ၊ ဘယ်မှာ လေးစားပါတော့မလဲ” ဟူ၍ပြော၏။ ဆရာဆိုသည်မှာလည်း ကျွမ်းကျင်ရုံသာမက ကလေးများအတုယူလေးစားလောက်သ်ည့ အသက်အရွယ်၊ ပညာဗဟုသုတနှင့် ပြည့်စုံဖို့လိုသည်။ အတွေ့အကြုံရင့်ကျက်ဖို့လိုသည်။ “ပုဂ္ဂိုလ်ခင်မှ တရားမင်နိုင်မည်” မဟုတ်ပါလား။

စာရေးသူ၏မိတ်ဆွေ ဆရာတစ်ဦးမှာ ပြင်ပကျောင်းကြီးတစ်ကျောင်းသို့ အလုပ်ဝင်ရောက်လိုကြောင်း စုံစမ်း၏။ ထိုကျောင်းက ကောင်းမွန်စွာလက်ခံဖြေဆို၏။ ထိုကျောင်းမှ တာဝန်ခံက မိတ်ဆွေဆရာ၏ အတွေ့အကြုံ၊ ပညာအရည်အချင်း၊ လုပ်သက်အနုအရင့်ကို မမေး။ အသက်ကိုမေး၏။ မိတ်ဆွေက အသက် (၅၀) ကျော်ဟုဖြေ၏။ တာဝန်ခံကတစ်ခွန်းတည်းသာဖြေ၏။ “အသက် (၅၀) အထက်ဆရာ၊ ဆရာမများအား ဤကျောင်းတွင် အလုပ်မခန့်ပါ” ဟူ၏။

ဆိုရလျှင် ကျောင်းအချို့သည် ဆရာ၊ ဆရာမများ၏ အတွေ့အကြုံရင့်ကျက်မှု၊ ပညာရေးဘွဲ့ရမှု၊ ဆရာ ဖြစ်လက်မှတ်ရှိမှု စသည်တို့ကိုအလေးမထား။ စာသင်တတ်ရုံဆိုလျှင်ပြီးနေကြသည်။ အတန်းထိန်းရှိရုံ နှင့် ပြီးနေကြသည်လား မသိ။

ယခုအခါ နေ့စားလပေးဆရာ၊ ဆရာမများအား နိုင်ငံအနှံ့တိုးမြှင့်ခန့်ထားလျက်ရှိ၏။ ထိုဆရာ ဆရာမ များအတွက်လိုအပ်သော သင်တန်းများဖွင့်လှစ်ပေး၏။ ပုဂ္ဂလိကကျောင်းများတွင် ကိုယ်ပိုင်ကျောင်း ဆရာလက်မှတ်များကိုလည်း စိစစ်ထုတ်ပေးလျက်ရှိ၏။ သင်တန်းမရှိသေးသူများကိုလည်း လိုအပ် သောသင်တန်းများပေးလျက်ရှိကြောင်း သိရ၏။ ဆရာဖြစ်လက်မှတ်မရှိဘဲ တွေ့သလိုကြုံသလိုသင် ကြားနေခြင်းသည် ထိရောက်အောင်မြင်မှုမရှိနိုင်။ လက်ရှိအကောင်အထည်ဖော်နေသည့် ကလေးဗဟို ပြုသင်ကြားနည်းစနစ် (Child Centre Apporach) ကိုလည်း အဟန့်အတားဖြစ်စေနိုင်၏။ လက်ရှိတွင် အစိုးရကျောင်းများနှင့် ပုဂ္ဂလိကကျောင်းအများစုတို့တွင် လက်မှတ်ရှိဆရာ၊ ဆရာမများပါသည်။

ထို့ကြောင့်ဆရာ၊ ဆရာမအဖြစ် တာဝန်ထမ်းဆောင်လိုသည့် ဘွဲ့ရများအတွက် ရက်တိုသင်တန်းများ၊ အထူးမွမ်းမံသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးနိုင်ဖို့လိုပါသည်။ ဆရာ၊ ဆရာမအဖြစ် အမှုထမ်းလိုပါက ဤသင်တန်းသို့ မဖြစ်မနေတက်ရောက်ရမည်ဖြစ်သည်။ ဤသင်တန်းသည် ဆရာ၊ ဆရာမဖြစ်လိုသူများအတွက် ပညာရေးသဘောတရားများ၊ ယနေ့ဖော်ဆောင်နေသည့် လက်တွေ့ကျ သောပညာရေးပြုပြင်ပြောင်းလဲမှုများနှင့် ယနေ့ကျင့်သုံးနေသည့် ပညာရေးစနစ်အား ယေဘုယျသိစွမ်း နိုင်လိမ့်မည်ဖြစ်သည်။ တစ်ဖက်ကလည်း မိမိတို့ကျောင်းများ၊ သင်တန်းများတွင် ဆရာဖြစ်လက်မှတ် တစ်မျိုးမျိုးပါမှသာလျှင် လက်ခံသင့်၏။

ဤသို့ဖြင့် အခြေခံပညာရေးကို ပုံဖော်ကြမည့် ဆရာ၊ ဆရာမများ၏ ပညာအရည်အချင်း၊ သင်ကြားမှုအ ရည်အသွေးပြည့်စုံပြည့်ဝစေခြင်းဖြင့် မိမိတို့လိုလားသည့် ပညာရေးရည်မှန်းချက်များလည်း ပေါက် မြောက်အောင်မြင်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ။


ကြေးမုံသတင်းစာ
ဇွန် (၂၃) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...