အခြေခံသိပ္ပံပညာ ထူးချွန်ဆု
ယခုအချိန်ခါသည် ပညာရေးမူဝါဒအသစ်များ ရေးဆွဲစိစစ်ပြီး အကောင်အထည်ဖော်ရန် တာဆူနေချိန် ဖြစ်ပါသည်။
အခြေခံပညာ အထက်တန်း အောင်စာရင်းများ ထွက်ရှိပြီးဖြစ်၍ တက္ကသိုလ်ကောလိပ် အသီးသီး သို့ ဝင်ခွင့်များ လျှောက်ထားကြမည့် အချိန်လည်း ဖြစ်ပါသည်။ ယခင်ပညာရေး စနစ်အရ ချီးမြှင့် သော အခြေခံသိပ္ပံပညာ ထူးချွန်ဆုနှင့် ပတ်သက်သော အကြောင်းအရာများကို တင်ပြ လိုက်ရပါသည်။
အခြေခံသိပ္ပံထူးချွန်ဆုကို ပညာရေးဝန်ကြီးဌာန က ၁၉၆၉ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့သည်။ အခြေခံ ပညာ အထက်တန်းစာမေးပွဲတွင် သိပ္ပံဘာသာရပ်များ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ် သုံးခု ဂုဏ်ထူး ရရှိသူများ ဤဆုကို လျှောက်ထားခွင့်ရှိသည်။ လျှောက်ထားလိုသော အထူးပြုဘာသာရပ်တွင် ရမှတ် ၉၀ နှင့်အထက် ရရှိရမည်။ (ဥပမာ-ဓာတုဗေဒ အထူးပြုဘာသာရပ် လျှောက်ထားသူသည် သင်္ချာ၊ ဓာတု၊ ရူပ ဂုဏ်ထူး သုံးခုထွက်ပြီး ဓာတုရမှတ်သည် ၉၀ နှင့်အထက် ရရှိမည်။) နိုင်ငံသားဖြစ်ရမည်။ လျှောက်ထားသူများထဲမှ သင်္ချာ၊ ဓာတု၊ ရူပဗေဒ တစ်ဘာသာလျှင် ဆု ၂၀ စီချီးမြှင့်ပြီး ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တွင် တက်ရောက်ကြရသည်။
သင်္ချာလူရည်ချွန်ဆုရရှိသူများလည်း သင်္ချာအထူးပြု အခြေခံ သိပ္ပံပညာထူးချွန်ဆုကို လျှောက်ထားနိုင် သည်။ သင်္ချာလူရည်ချွန် ရရှိသူများစာရင်းကို အခြေခံပညာ အထက်တန်းကျောင်း အောင်စာရင်းထွက် ပြီးမကြာခင်မှာ ကြေညာသည်။ အခြေခံပညာ အထက်တန်းစာမေးပွဲ မဖြေဆိုမီသီးသန့်အထူးသင်္ချာ မေးခွန်းတစ်ခုကို တစ်ပြည်လုံးမှ သင်္ချာထူးချွန်သူများ ခရိုင်အလိုက် ဝင်ဖြေကြရသည်။ ၎င်းသီးသန့် သင်္ချာမေးခွန်းရမှတ်နှင့် အခြေခံပညာအထက်တန်းစာမေးပွဲကြီးမှ သင်္ချာရမှတ်တို့ပေါင်းပြီး တစ်ပြည် လုံးအတိုင်းအတာနှင့် သင်္ချာလူရည်ချွန်ဆုကို နှစ်စဉ် ၁၅ ဦးထိချီးမြှင့်ခဲ့သည်။
သိပ္ပံထူးချွန်ဆုရရှိသူများသည် တက္ကသိုလ်တက်စဉ် ပထမလေးနှစ်တွင် တစ်လ ၁၀၀ ကျပ် ပညာသင် ဆုရရှိသည်။ ပထမလေးနှစ် တက်ရောက်ပြီး ဘီအက်(စ်)စီဘွဲ့ရရှိသောအခါ မဟာသိပ္ပံတန်းတက်ရန် အရည်အချင်းမီပါက မဟာသိပ္ပံတန်းတက်ချိန်တွင် တစ်လ ၁၂၅ ကျပ်ချီးမြှင့်သည်။ နိုင်ငံတော်အစိုးရ မှချီးမြှင့်သော တက္ကသိုလ်ပညာသင်ဆု (တက္ကသိုလ် ဝင်တန်းတွင် စုစုပေါင်းရမှတ်နှင့်ပေးသောဆု တစ်လ ၇၅ ကျပ်) သုံးထပ်ကွမ်းလူရည်ချွန် တက္ကသိုလ်ပညာသင်ဆု တစ်လ ၇၅ ကျပ်ရရှိထားသူများ လည်း အခြေခံသိပ္ပံပညာ ထူးချွန်ဆုကို လျှောက်ထားနိုင်သည်။ သို့သော်ဆုတစ်ဆုသာ ခံစားခွင့်ရှိ သည်။
၁၉၆၉-၁၉၇၀ နှစ်ကာလများ၌ တက္ကသိုလ်တွင် အဆောင်နေပါက စားစရိတ်အပါအဝင် အဆောင်နေခ မှာတစ်လ ၅၇ ကျပ်နှင့် ကျောင်းလခမှာ တစ်လ ၁၅ ကျပ်ဖြစ်ပါသည်။ ယင်းနှစ်ကာလများ၌ တက္က သိုလ်ဝင်တန်းတွင် စုစုပေါင်းအမှတ် များသော သူများသည် အသက်မွေးဝမ်းကျောင်းတက္ကသိုလ် (ဆေး တက္ကသိုလ်) တို့ကိုသာ လျှောက်ထားကြသည်။
အခြေခံသိပ္ပံပညာထူးချွန်ဆု စတင်သည့် ၁၉၆၉ ခုနှစ်တွင် ရူပဗေဒဘာသာရပ် အထူးပြုအခြေခံသိပ္ပံ ပညာထူးချွန်ဆုရရှိသူ နှစ်ဦးရှိပြီး ၎င်းနှစ်အခြေခံသိပ္ပံပညာထူးချွန်ဆုရရှိသူများကို ပညာရေးဝန်ကြီး ဌာနပညာရေးဝန်ကြီး ဆရာကြီးဒေါက်တာညီညီက တွေ့ဆုံပြီးအင်တာဗျူးပြုလုပ်ကာ နိုင်ငံပိုင်သတင်း စာများတွင် တခမ်းတနားဖော်ပြခဲ့ကြသည်။ ၁၉၇၀ ခုနှစ်တွင် ရူပဗေဒဘာသာရပ်အထူးပြုသိပ္ပံထူးချွန် ဆုရရှိသူ ငါးဦးရှိပါသည်။ ယင်းတို့ငါးဦးတွင် တက္ကသိုလ်ပညာသင်ဆု ရရှိသူများနှင့် သင်္ချာလူရည်ချွန် ဆုရရှိသူတို့ပါဝင်သည်။
၁၉၇၃ ခုနှစ် အင်းလေးလူရည်ချွန်စခန်းတွင် အထက်တန်းပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဆရာ ဦးစံသာအောင် အပါအဝင်ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ကြသည်။ ထိုလူ ရည်ချွန်စခန်းတွင် ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် တတိယနှစ် ရူပဗေဒအခြေခံ သိပ္ပံပညာထူးချွန်ဆုရ လူရည်ချွန်ကျောင်းသားက အောက်ပါမေးခွန်းမေးခဲ့ပါသည်။
“ရေးဆွဲထားသော အစီအစဉ်များရှိသည်။ နိုင်ငံတော်အတွက် အသုံးချမည့်အစီအစဉ်များရှိသည်” ဟု ဖြေကြားခြင်းမရှိခဲ့ပါ။ တိုင်းပြည်၏ဘဏ္ဍာငွေများ အကုန်အကျခံ သင်ကြားပေးခဲ့သော သိပ္ပံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ဘွဲ့ရသောအခါ နိုင်ငံတော်အတွက် မည်ကဲ့သို့ပြန်လည်အသုံးချမည်ဆို သည့် အစီအစဉ်များရေးဆွဲထားခြင်းမရှိကြောင်း သိခဲ့ရသည်။
၁၉၇၄ ခုနှစ်တွင် ဒုတိယအသုတ် အခြေခံသိပ္ပံပညာထူးချွန်ဆုရရှိသူများ တက္ကသိုလ်စာသင်နှစ် လေး နှစ်ပြီးဆုံး၍ အမှတ်များများအဆင့်မြင့်မြင့် အောင်မြင်ကြပြီး ဘွဲ့ဒီဂရီရကြသည်။ မဟာသိပ္ပံတန်း ဆက် တက်ကြသည်။
၁၉၇၆ ခုနှစ်တွင် တစ်ပြည်လုံးရှိ တက္ကသိုလ်ကောလိပ်များအတွက် သရုပ်ပြဆရာများကို နိုင်ငံတော် အစိုးရမှခေါ်ယူခဲ့ပါသည်။ ဘာသာရပ်အလိုက် အနည်းငယ်သာ ခေါ်ခဲ့ပါသည်။ (တစ်ပြည်လုံးအတွက် သရုပ်ပြဆရာ သင်္ချာနှစ်ဦး၊ ရူပဗေဒခုနှစ်ဦး ခေါ်ယူခဲ့ပါသည်။) ရေးဖြေ၊ လူတွေ့နှုတ်ဖြေ ဖြေဆိုကြရ မည်ဖြစ်ပါသည်။ သိပ္ပံထူးချွန်အချို့မှာ မဟာသိပ္ပံတန်းကိုသာ ဆက်တက်ချင်သည်။ အချို့မှာသရုပ်ပြ ဆရာ ရာထူးအတွက် ဝင်ဖြေချင်ကြသည်။ ဆုံးဖြတ်ရန်ဝေခွဲမရဖြစ်နေ၍ ပညာရေးဝန်ကြီး ဒေါက်တာ ခင်မောင်ဝင်းထံ တွေ့ခွင့်တောင်းပြီး သွားရောက်မေးမြန်းကြပါသည်။ အဖြေမှာ -
“အခြေခံသိပ္ပံပညာထူးချွန်ဆုကို ဝန်ကြီးမသိပါ။ မင်းတို့အဆင်ပြေသလိုလုပ်ပါ” ဟုဖြေကြားခဲ့သည်။
၁၉၇၆ ခုနှစ်တက္ကသိုလ်ကောလိပ် သရုပ်ပြဆရာစာမေးပွဲကို ဝင်ဖြေကြရာ သိပ္ပံထူးချွန်အချို့ သရုပ်ပြ ဆရာဖြစ်လာကြပါသည်။ နောင်နှစ်များတွင် ဘွဲ့ရပြီးအခြေခံသိပ္ပံ ပညာထူးချွန်ဆု ကျောင်းသားများ ထွက်ပေါ်လာသည်။ အချို့မှာ တက္ကသိုလ်ကောလိပ်များတွင် သရုပ်ပြဆရာများဖြစ်လာကြသည်။ တက္ကသိုလ်ဆရာဖြစ်ပြီးမှ အခြားဌာနသို့ပြောင်းရွှေ့သူများလည်း ရှိပါသည်။
အခြေခံသိပ္ပံပညာထူးချွန်ဆု ရရှိသူများထဲမှ အချို့သည် တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ပါမောက္ခများ၊ ပါမောက္ခချုပ်များ၊ အချို့မှာစစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ကြီးများ၊ အချို့မှာနိုင်ငံခြားရေးရုံးမှ သံအရာရှိကြီး များ၊ အချို့မှာကျူရှင်ဆရာများ၊ အချို့မှာ နိုင်ငံခြားထွက်သွားသူများ၊ အချို့မှာရေကြောင်းဦးစီးဌာန၊ အချို့မှာ မီးရထားဝန်ကြီးဌာန၊ အချို့မှာ ဆက်သွယ်ရေးဝန်ကြီးဌာန၊ အချို့မှာ ပုဂ္ဂလိကကုမ္ပဏီ စီးပွား ရေးလုပ်ငန်း ရှင်များ၊ ရှေ့နေယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ၊ လွှတ်တော်ကိုယ်စားလှယ် စသည့်နယ်ပယ်ပေါင်း စုံသို့ ပြန့်ကျဲခဲ့ကြသည်။
အခြေခံသိပ္ပံပညာထူးချွန်ဆု ချီးမြှင့်ပြီးနောက် နှစ်နှစ်အကြာတွင် စီးပွားပညာထူးချွန်ဆု ချီးမြှင့်ခဲ့ပါ သည်။ စီးပွားပညာထူးချွန်ဆုရသူများ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တက်ရောက်ခဲ့ကြသည်။
နိဂုံးချုပ်အနေနှင့် စာရေးသူ၏ စေတနာစကားပါးလိုပါသည်။
-နိုင်ငံတော်မှ ငွေကုန်ကြေးကျ မြောက်မြားစွာ အကုန်ခံပြီးထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ လူသားအရင်းအမြစ်များကို ပျိုးထောင်ပေးရာတွင် စီမံကိန်းကို စနစ်တကျရေးဆွဲပြီး စီမံကိန်းမှထွက် ပေါ်လာမည့် အသီးအပွင့်များကို နိုင်ငံတော်အတွက် မည်သို့အသုံးချမည်ကို စီမံကိန်းအစီအစဉ်တွင် ထည့်သွင်းရေးဆွဲသင့်ပါသည်။
-စီမံကိန်းတွင်ပါဝင်သော ထူးချွန်ကျောင်းသားများထဲမှ ထပ်ဆင့်ဆက်တိုက်ကြိုးစားသူများ၊ တော်နေ သူများကို မျက်ချည်ပြတ်မခံဘဲ နိုင်ငံတော်မှထူးချွန်လူငယ်များအား မည်သို့အသုံးချမည်ကို ကြိုတင်စီမံ ကိန်းဆွဲပြီး ကာယကံရှင်များကိုလည်း အသိပေးသင့်ပါသည်။
-စီမံကိန်းမူဝါဒများ ရေးဆွဲအကောင်အထည်ဖော်သည့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်ကြီးများ ပြောင်းလဲ သွားသည့်အခါ နောက်ရောက်လာသည့် သက်ဆိုင်ရာပုဂ္ဂိုလ်ကြီးများမှာ စီမံကိန်းကိုလျစ်လျူမရှုဘဲ မျက်ချည်ပြတ်မခံဘဲ ကောင်းသည်ထက်ကောင်းအောင် တိုင်းပြည်ဘဏ္ဍာငွေများ ကုန်ရကျိုးနပ်အောင် စေတနာရှေ့ထား ဆောင်ရွက်သင့်ပါကြောင်း၊ ဆောင်ရွက်နေကြသည်ဟုလည်း ယုံကြည်ပါကြောင်း။
ကြေးမုံသတင်းစာ
ဇူလိုင် (၂) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
Written by ကျော်ဌေး (ရူပ-သိပ္ပံချွန်) |