နေခြည်မှာ ရွှေရည်လောင်းစေ

 Written by တင်ညွန့် 
ပညာရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ရှိသော အခြေခံပညာ ကျောင်းများတွင် လုပ်ငန်း ဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့စေရန် အတွက် ထောက်ပံ့ရေး အစီအစဉ်များကို ၂၀၁၄-၂၀၁၅ စာသင်နှစ်က စတင် ဆောင်ရွက် တော့မည် ဆိုသည့် သတင်း ထွက်ပေါ်လာသည်။ ထုံးစံအတိုင်း ပညာရေးလောကကို အပြစ်မြင်ပြီး ပြုပြင်ပြောင်းလဲရန် အဖြေရှာမပြနိုင်သူများ ဝိုင်းဝန်း ဝေဖန်လိုက်ကြသည်။ ပြင်ပထောက်ပံ့ ငွေတွေ မကြာခင် ဟိုခေါင်းစဉ်၊ သည်ခေါင်းစဉ် ပြောင်းလဲကာ ပျောက်ဆုံး ကုန်တော့မယောင် ပြောဆိုဝေဖန်မှု များကိုလည်း ကြားလိုက်ရသည်။

ယခုတစ်ကြိမ် မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်က ထောက်ပံ့ပေးသည့် ငွေပမာဏသည် နည်းနည်းနောနော မဟုတ်။ ကမ္ဘာ့ဘဏ်က IDA Credit အနေနှင့် အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ဖြစ်သည်။ AusAID Multi-Doner Trust Fund-MDTF အဖွဲ့ကလည်း အမေရိကန်ဒေါ်လာ သန်း ၂၀ ထပ်မံချေးခဲ့ သောကြောင့် အခြေခံပညာကျောင်းများသည် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်က စတင်ပြီး ခံစားခွင့် ရရှိတော့မည် ဖြစ်သည်။

အိပ်မက်ငွေ

ပညာရေးဌာနတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူများ၊ ပင်စင်ယူသွားသူများအဖို့ ကျောင်းတွေ က အချိုးကျရရှိမည့် ငွေပမာဏမှာ အိပ်မက်လို ဖြစ်နေသည်။ ယခု စာသင်နှစ်က စတင်ပြီး လေးနှစ် ဆက်တိုက် ထောက်ပံ့ငွေများကို ရရှိသွားမည် ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အထိ ထောက်ပံ့ကြေး အသစ်ကို ခံစားခွင့် ရရှိကြမည် ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာနက အခြေခံပညာကျောင်းများကို ထောက်ပံ့ပေးမည့် အစီအစဉ်သစ်အတွက် “အခြေခံပညာကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ဘဏ္ဍာရေး အရင်း အမြစ်များ ထောက်ပံ့ပေးသည့် အစီအစဉ်” ဟု ခေါင်းစဉ်တပ်ထားသည်။

အစီအစဉ်သစ်အရ ထောက်ပံ့ကြေးအနေဖြင့် မူလတန်းကျောင်း တစ်ကျောင်းသည် ကျောင်းသား ၁၀၀ အောက် ကျောင်းဆိုလျှင် တစ်နှစ် ထောက်ပံ့ကြေး ရှစ်သိန်းကျပ်၊ ကျောင်းသား ၁၀၁ ဦးမှ ၂၀၀ အထိ ဆယ်သိန်းကျပ်၊ ကျောင်းသား ၂၀၁ ဦးမှ ၃၀၀ အထိ ကျပ်ဆယ့်နှစ်သိန်း၊ ကျောင်းသား ၃၀၁ ဦးမှ ၄၀၀ အထိ ကျပ်ဆယ့်လေးသိန်း၊ ကျောင်းသား ၄၀၁ ဦးနှင့်အထက် ဆယ့်ခြောက်သိန်းနှင့် မူလတန်းကျောင်း ခွဲများအတွက် ထောက်ပံ့ကြေး လေးသိန်းဖြစ်သည်။ အထက်ပါ ထောက်ပံ့ငွေများကို ကျောင်းများအနေနှင့် ပညာသင်နှစ် တစ်နှစ်အတွင်း နှစ်သုတ်ခွဲကာ ထက်ဝက်စီခွဲပြီး ထုတ်ကြရမည် ဖြစ်သည်။ 

သွေးပျက်သူတွေ ပျက်

“ကျွန်မ ပင်စင်ယူဖို့ ၁၀ လလောက်ပဲ လိုတော့တယ်။ သက်ပြည့်၊ လုပ်သက်ပြည့် ပင်စင်ယူမှာ။ ကျွန်မ ဆရာမသက်တမ်း တစ်လျှောက်လုံး မူလတန်းကျောင်းလေး တစ်ကျောင်းကို ထောက်ပံ့ကြေးအနေနဲ့ ရှစ်သိန်းလောက်က စပြီး ချပေးတယ်ဆိုတာ လုံးဝကြားဖူးတာ မဟုတ်ဘူး။ သတင်းကြားလိုက်ရတော့ ခေါင်းနပန်း ကြီးသွားတယ်။ ပင်စင် မယူခင်လေးတင် အကုသိုလ် ဝင်လာတာလား၊ ကောင်းဖို့ ဖြစ်လာ တာလားတော့ မသိဘူး။ ကျောင်းနဲ့ ငွေဆိုတာ အရမ်းတာဝန်ကြီးတယ်။ မရခင်တုန်းကလည်း မရသ လိုလေးပဲ မဖြစ်ဖြစ်အောင် လုပ်ခဲ့ကြတာ ပြဿနာ မဟုတ်ဘူး။ ခုတော့ ပိုက်ဆံတွေရတော့မယ် ဆိုတော့ အရပ်က ပြဿနာရှာ နိုင်တာတွေ၊ ကိုယ့်ကျောင်းက ဆရာ၊ ဆရာမတွေကပဲ ဆရာမကြီးတော့ ထောပြီဆိုတဲ့ အပြောမျိုးကို ခံလိုက်ရတာ အရမ်းကို ခံစားရတယ်။ ကျောင်းထောက်ပံ့ကြေး ဆိုတာ ကျောင်းကိုပေးတာ၊ ဆရာမကြီးကို ပေးတာမှ မဟုတ်တာ” ဟု အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စိုး (အမည်လွှဲ) က ဆိုသည်။

သူပြောတာလည်း ပြောစရာ ဖြစ်သည်။ မူလတန်းကျောင်းလေးများတွင် တစ်ချိန်က ငွေကြေးဆိုင်ရာ ပြဿနာများ ရှိခဲ့ပြီး မဖြစ်စလောက် ငွေလေးနှင့် အရေးယူခံခဲ့ရမှုများ ရှိခဲ့ဖူးသည်။ ဥပမာ- ကျောင်းသုံး စာအုပ်များ ကျောင်းအုပ်တွေကို ရောင်းခိုင်းတာမျိုး၊ မဖြစ်စလောက် ဆောက်လုပ်ရေး ရန်ပုံငွေလေးများ ချပေးပြီး ကျေးရွာ သို့မဟုတ် ရပ်ကွက်နှင့် လှည့်ပြီး ပြဿနာ ရှာခိုင်းတာမျိုးများ ဖြစ်သည်။

“ကျွန်တော် စာအုပ်ဖိုး ကိစ္စတွေမှာရော၊ ကျောင်းဆောက်လုပ်ရေး ကိစ္စတွေမှာရော ပြဿနာမျိုးစုံ ကြုံဖူး တယ်။ စာအုပ်ဖိုးငွေတွေကို ကျောင်းကိစ္စ ဟိုလှည့်သုံး၊ ဒီလှည့်သုံး ထည့်ထားမိတယ်။ အဲဒီအချိန်က ကျောင်းဆောက်လုပ်ရေးကလည်း လုပ်နေရတော့ ဆောက်လုပ်ရေးက ငွေပြန်ပေါ်လာရင် ပြန်ထည့်မယ် ဆိုပြီး စာအုပ်ဖိုးငွေတွေ ဆောက်လုပ်ရေးထဲ စိုက်ထားတယ်။ ပိုက်ဆံက နောက်ဆုံး အရစ်လည်း မကျ၊ ရပ်ကွက်ကလည်း ကတိပေးထားတဲ့ ပိုက်ဆံတွေ ကောက်မပေး၊ စာအုပ်ဖိုး ငွေတွေကလည်း ဘယ်နေ့ နောက်ဆုံးထားပြီး မသွင်းရင် အရေးယူခံရမယ်လို့ အမိန့်တွေထုတ်၊ အရမ်းစိတ်ညစ်ရဖူးတယ်။ နောက် ဆုံးတော့ အိမ်ပေါင်ပြီး ဖြေရှင်းလိုက်ရတယ်။ အတိုးကတော့ အိတ်စိုက်ပေါ့” ဟု ကျောင်းအုပ်ဆရာကြီး ဦးမျိုးနောင် (အမည်လွှဲ) က ရယ်မောရင်း ပြောရှာသည်။ 

ကျောင်းဆရာနဲ့ ငွေ

“ကျွန်တော် ကျောင်းဆရာလုပ်သက် နှစ်ပေါင်း ၃၀ ပြည့်တော့မယ်။ ဒီလောက် ရန်ပုံငွေတွေ အများကြီး ချပေးတာ တစ်ခါမှ မကြုံဖူးဘူး။ ကျွန်တော်က အမှန်အတိုင်း ပြောရရင် ကျောင်းတွေမှာ ဘာငွေမှ မကောက်ရဘူး ဆိုတုန်းက စိတ်ချမ်းသာနေတာ။ ရှိတာလေးနဲ့ ဖြစ်အောင် လုပ်တာခဲ့တာပဲ။ ဘာပြဿနာမှ မရှိခဲ့ဘူး။ ခုတော့ ပိုက်ဆံတွေ လက်ထဲ ထည့်ပေးတော့မယ် ဆိုတာ မပျော်နိုင်ဘူးဗျ။ အရမ်းစိတ်ဆင်းရဲ ရတယ်။ ငွေတွေ လက်ထဲ ရောက်လာရင် ထိန်းသိမ်းရတဲ့ အလုပ်၊ ဆရာတွေ ဆရာမတွေနဲ့ အဲဒီငွေတွေ သုံးဖို့ အကွက်ချရမှာ၊ ရပ်ကွက်နဲ့ ညှိနှိုင်းရမှာ၊ သုံးထားတဲ့ ငွေတွေကို ဌာနဆိုင်ရာကို ပြန်ပြီး စာရင်းအင်း တွေနဲ့ တင်ပြရမယ်ဆိုတာ အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်။ ကျွန်တော်က စာပဲသင်ချင်တယ်။ စာရင်း ဇယားတွေ လုပ်လည်း မလုပ်ချင်ဘူး။ ကျွန်တော့်စိတ်ထဲမှာ အဲဒီလောက် ငွေတွေကို သတ်မှတ်တဲ့ ရက်အတွင်း စာရင်းဇယားနဲ့ ကိုက်ညီအောင် ဘယ်လိုသုံးရမယ် ဆိုတာတွေးပြီး အိပ်လို့တောင် မပျော် ဘူး။ ကျွန်တော်တို့ ကျောင်းဆရာတွေကို ငွေတွေပုံပေးပြီး ကောင်းအောင် လုပ်ကြဆိုတာ တာဝန် အရမ်းကြီးတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကျောင်းတွေမှာ စာရင်းအင်းနိုင်တဲ့ စာရေးတွေ ခန့်ပေးရင် ကောင်းမယ်လို့တောင် ကျွန်တော်က တောင်းဆိုချင်နေတာ” ဟု ကျောင်းအုပ်ဆရာကြီး ဦးရွှေမောင်က ဆိုသည်။ 

တာဝန်ယူရဲရမည်

“၂၀၁၄-၂၀၁၅ ပညာသင်နှစ်က စပြီးတော့ ပညာရေး ဝန်ကြီးဌာန လက်အောက်က မူလတန်းအဆင့် ရှိတဲ့ အခြေခံပညာ ကျောင်းအားလုံးကို သတ်မှတ်ထားတဲ့ ထောက်ပံ့ကြေးတွေ ပေးမယ်။ နောက်နှစ် တွေမှာတော့ မူလတန်းအဆင့် ရှိတဲ့ ကိုယ်ပိုင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ ပါလာလိမ့်မယ်။ ဒီနှစ် ချမှတ်ပေးထားတဲ့ ကျောင်းထောက်ပံ့ ကြေးတွေကို အလွဲသုံးစား မဖြစ်စေဖို့နဲ့ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ အဆင့်ဆင့် ကြပ်မတ်တဲ့ အစီအစဉ်တွေ ထည့်ပေးထားတယ်။ လက်ထောက် ဆရာ ဆရာမ တွေရော၊ မိဘတွေရော ပါတဲ့ အစီအစဉ်ပေါ့။ Operational Guide Lines တွေကို စနစ်တကျ အကောင် အထည်ဖော်နိုင်ဖို့နဲ့ မသမာမှုတွေ ကင်းနိုင်အောင် ကျွန်တော်တို့ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးတွေ ကို သင်တန်း သုံးရက် ခေါ်ပေးတယ်။ အချိန်ကာလ နည်းတယ်ဆိုပေမယ့် သူတို့ ဆောင်ရန် ရှောင်ရန် တွေ အားလုံး သဘောပေါက်ကြမယ် ထင်ပါတယ်”

“ကျောင်းအုပ်ကြီးတွေက ကိုယ့်ကျောင်းရဲ့ လိုအပ်ချက်တွေကို ရတဲ့ငွေနဲ့ စီမံခန့်ခွဲ သုံးနိုင်ရမယ်။ ကျောင်း သား၊ ကျောင်းသူတွေ ပညာသင်ယူမှု အခွင့်အလမ်းတွေ ပိုကောင်းအောင်နဲ့၊ သင်ကြားသင်ယူမှု ပတ်ဝန်း ကျင် ကောင်းမွန်ရေး၊ သင်ထောက်ကူ ပစ္စည်းတွေနဲ့ သင်ကြားရေး ပစ္စည်းတွေ ကျောင်းမှာ ပြည့်စုံလာ ရေး၊ အရည်အသွေး ရှိတဲ့ ပညာရေးကို အကောင်အထည် ဖော်နိုင်ရေးတို့အတွက် ကျောင်းအုပ်တစ် ယောက်ရဲ့ စွမ်းဆောင်နိုင်ရည် ဘယ်လောက်ရှိတယ် ဆိုတာ ဒီမှာ ပေါ်လာပါလာလိမ့်မယ်”

“ကျောင်းအုပ်ကြီး တစ်ယောက်ဟာ ရတဲ့ ငွေကြေးပမာဏကို စနစ်တကျ သုံးတတ်ရေး၊ ဘတ်ဂျက် စည်းကမ်းများနဲ့အညီ သုံးတတ်ရေး၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ် ဘယ်လို ရေးဆွဲပြီး အကောင်အထည်ဖော်နိုင်တယ် ဆိုတာတွေလည်း တွေ့ရတော့မယ်။ အဓိကကတော့ ရတဲ့ငွေကို အလွဲ သုံးစား မလုပ်ရေးဟာ သိပ်အရေးကြီးတယ်။ နိုင်ငံတကာက အထောက်အပံ့ အနေနဲ့ ပေးတဲ့ငွေတွေ ဆိုတော့ ကျွန်တော်တို့အနေနဲ့ အကျိုးရှိစွာ သုံးဖို့လည်း အရမ်းတာဝန်ကြီးတယ်။ ပညာရေးဌာနရဲ့ ပုံရိပ်တွေကို အကောင်းဆုံး ပြနိုင်တဲ့အချိန်လို့ ကျွန်တော်တော့ ထင်တယ်။ ကျွန်တော်တို့ လုပ်ဆောင်နေ တာတွေကို ကမ္ဘာ့ဘဏ်နဲ့ အဖွဲ့က Monitoring and Evaluation လုပ်နေမှာ ဆိုတော့ ကျွန်တော်တို့ ဆရာတွေအနေနဲ့ လုပ်ကိုင်တဲ့နေရာမှာ သတိထားပြီး လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ တာဝန်ယူရဲဖို့ လိုသလို၊ တာဝန်ခံရဲဖို့လည်း လိုမယ်ထင်ပါတယ်” ဟု ဒုတိယမြို့နယ် ပညာရေးမှူးတစ်ဦးက ဆိုသည်။ 

ခေါင်းစဉ်တွေကများ

၂၀၁၂-၂၀၁၃ ပညာသင်နှစ်က စတင်ကာ အခြေခံပညာ မူလတန်းကျောင်းများတွင် (၀၃၀၅) ရုံးသုံး ပစ္စည်းများနှင့် (၀၃၃) လုပ်ငန်းသုံး ပစ္စည်းများဆိုသည့် ခေါင်းစဉ် နှစ်ခုနှင့်သာ ငွေများ ချပေးခဲ့သည်။ ယခုနှစ် ထောက်ပံ့ကြေး အစီအစဉ်သစ်တွင် ခေါင်းစဉ် (၁၂) ခုဖြင့် ထောက်ပံ့ကြေးများကို သုံးစွဲကြရန် သတ်မှတ်ပေးထားသည်။

စနစ်သစ် ထောက်ပံ့ကြေး အစီအစဉ်အရ ပြည်တွင်းခရီးစရိတ်၊ လုပ်အားခ၊ ငှားရမ်းခ၊ သယ်ယူပို့ဆောင် ခ၊ ရုံးအသုံးအဆောင်ပစ္စည်း၊ တံဆိပ်ခေါင်း ကြေးနန်နှင့် တယ်လီဖုန်း၊ လျှပ်စစ်ဓာတ်အားခ၊ စာအုပ် စာနယ်ဇင်း သတင်းစာ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ အစားအစာ ရိက္ခာ၊ ပြပွဲပြိုင်ပွဲနှင့် အခြားဆိုသည့် ခေါင်းစဉ် ၁၂ ခုဖြင့် သုံးစွဲကြရန် လျာထားကြောင်း သိရသည်။

“တကယ်ဆိုရင် ကျွန်တော်တို့လို တောကျောင်းလေးတွေမှာ တယ်လီဖုန်းခတွေ၊ လျှပ်စစ်ဓာတ်အားခတွေ အပြင် အတော်များများ သုံးဖို့ မလိုတာတွေလည်း ရှိတယ်။ တကယ်တမ်း ပြောရရင် ကျွန်တော့်ကျောင်း မှာ လိုနေတာက ကျောင်းဆောင်သစ်။ အဆောင်သစ် ဆောက်ချင်ပေမယ့် ဘတ်ဂျက်အရ ခွင့်မပြုဘူး။ သူတို့ သတ်မှတ်တဲ့ ၁၂ ခုနဲ့ ဘောင်ဝင်အောင် သုံးရမှာ။ ကျောင်းဆောက်ချင်ရင် သူတို့ကို သီးခြားတင်ပါ။ ချပေးမယ် ပြောတယ်။ နောက်ခွကျကျ ကိစ္စတစ်ခု ရှိသေးတယ်။ အစားအစာကျွေးရင် ရေတွက်လို့ ရတဲ့ ဟာတွေပဲ ကျွေးပါဆိုတာ။ ဥပမာ-ငှက်ပျောသီး ဘယ်နှလုံး ကျွေးတယ်ပေါ့ဗျာ။ ဆန်ပြုတ်၊ သာကူ၊ မုန့်ဟင်းခါးတွေ ကျွေးဖို့ ခက်သွားတယ်”

“အမှန်အတိုင်း ရိုးသားစွာ ပြောရရင် ကျွန်တော် ခုရမယ့် ပိုက်ဆံ ရှစ်သိန်းက မကုန်ဘူးဗျ။ မကုန် ကုန်အောင် သုံးရတော့မယ့် သဘောရှိတယ်။ သုံးဆိုတဲ့ နေရာမှာလည်း သူတို့ သတ်မှတ်ထားတဲ့အတိုင်း သုံးဆိုတော့ ဘောင်ဝင်အောင် စီမံချက်တွေ ရေးတင်ပြီး ရပ်ရွာနဲ့ ညှိနှိုင်း လုပ်ရတော့မှာပဲ။ တစ်ခုကောင်း တာတော့ ရှိတယ်။ ကျွန်တော် ဒီနှစ် ကျွန်တော့်ကျောင်းမှာ ထူးချွန်တဲ့ ကျောင်းသားတွေကို ခမ်းခမ်း နားနားနဲ့ ကောင်းကောင်းမွန်မွန်၊ ထိုက်ထိုက်တန်တန် ဆုပေးနိုင်တော့မယ်။ ကျွန်တော် ဆန္ဒရှိပေမယ့် ပိုက်ဆံမရှိလို့ တစ်နှစ်မှ မလုပ်နိုင်ခဲ့ဘူး။ ဒီနှစ်တော့ သူတို့ ခေါင်းစဉ်အောက်မှာလဲ ဆုချီးမြှင့်ခြင်း ဆိုတာ ပါနေတော့ ဆုကောင်းကောင်းပေးဖို့ စီစဉ်ထားတယ်” ဟု မူလတန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပွင့်လင်းစွာ ပြောရှာသည်။ 

တရားခံ မဖြစ်ရန်လို

ငွေ ရှစ်သိန်း၊ ၁၀ သိန်းဆိုသည့် ပမာဏသည် ချမ်းသာသော ရပ်ကွက်ဒေသကြီးများ အတွင်းရှိ ကျောင်းကြီးများတွင် သိပ်ပြီး ဂရုပြုစရာ ငွေပမာဏ ဟုတ်ကောင်းမှ ဟုတ်ပေလိမ့်မည်။ သို့သော် ကျောင်း သားပေါင်း ၄၀ ခန့်သာ ရှိသည့် တောထဲတောင်ထဲ၊ မဖွံ့ဖြိုးသေးသည့် ဒေသများအတွင်းမှ ကျောင်းငယ် လေးများတွင် ထိုငွေကြေးက ပြဿနာ ရှိနိုင်သည်။ ထို့ပြင် မငြိမ်းချမ်းသော ဒေသများတွင် ထိုငွေတို့ကို ကျောင်းအုပ်ဆရာကြီးများနှင့် ရပ်ရွာက မည်သို့ထိန်းသိမ်း စောင့်ရှောက်ကာ သုံးစွဲကြမည်နည်း ဆိုသည် မှာ ရင်လေးစရာ ဖြစ်သည်။

“ကျွန်တော်တို့က မြို့မှာ ဘဏ်ရှိတဲ့ နေရာတွေမှာတော့ ဘဏ်မှာ အဲဒီငွေတွေကို သွားထားပြီး အဖွဲ့နဲ့ ထုတ်သုံးဖို့ အကြံပေးထားတယ်။ မြို့နဲ့ဝေးပြီး ဘဏ်မရှိတဲ့ အရပ်တွေမှာတော့ ငွေကြေးသုံးစွဲရေး ကော်မတီ အဖွဲ့မှာ သေတ္တာတစ်လုံး၊ သော့နှစ်လုံးခတ်ပြီး ကျောင်းအုပ်နဲ့ တာဝန်ရှိသူ သော့တစ်ယောက် တစ်ယောက်ချောင်း ကိုင်ပြီး သဘောတူညီမှုနဲ့ ထုတ်သုံးကြဖို့ စီစဉ်ထားတယ်” ဟု ဒုတိယမြို့နယ် ပညာရေးမှူးက ဆိုသည်။ သို့သော် သဘာဝဘေးနှင့် ရန်သူမျိုးငါးပါး ဘေးအန္တရာယ်ကြောင့် ထိုငွေ သေတ္တာလိုက် ပျောက်ဆုံး၊ ပျက်စီးသွားခဲ့လျှင် ဆိုသည့် မေးခွန်းအတွက်မူ အစီအစဉ်ထဲတွင် မပါဟန်တူ သည်။ အဖြေကောင်း တစ်ခုတော့ မရခဲ့ပေ။

ယခင်က ဆောက်လုပ်ရေး ကိစ္စများအတွက် တောနယ်သို့ ငွေကြေးများ ချပေးလိုက်ရာတွင် ကျေးရွာများ က ထိုငွေကို သူတို့လက်ထဲ မထည့်ရကောင်းလာ ဆိုပြီး ကျောင်းအုပ်တွေကို ပြဿနာ အမျိုးမျိုးရှာပြီး တိုင်ကြားမှုများကို ဖြေရှင်းပေးခဲ့ရကြောင်း၊ ကျေးရွာလက်ထဲသို့လည်း မူအရ ပိုက်ဆံအပ်ခွင့် မရှိကြောင်း၊ ကျောင်းအုပ်ကြီးက စီမံခန့်ခွဲမှုတွင် တစ်နေရာ တစ်ခန်းမှ ပါဝင် နေရမည်သာ ဖြစ်ကြောင်း၊ ပညာရေး ဌာနကိစ္စ ယင်းတွင် တာဝန်ရှိကြောင်း၊ ရပ်ကွက်ကျေးရွာ လက်ထဲထည့်လိုက်သဖြင့် ငွေကြေးများ ပျောက်ဆုံး၊ ဆုံးရှုံးသွားလျှင်လည်း ကျောင်းအုပ်သာ တာဝန်ယူရမှာ ဖြစ်ကြောင်း သူက ဆိုသည်။

“ခုဆိုရင် ကျောင်းတွေမှာ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင် အပြင် ကျောင်းထောက်ပံ့ကြေး ကော်မတီ ဆိုပြီး တစ်ခုထပ်တိုးလာတယ်။ ကော်မတီဝင်အားလုံး အတည်ပြု၊ ခွင့်ပြုမှ ဒီငွေတွေကို သုံးရ မယ်။ အသုံးငွေတွေကို သဘောတူဖို့ ခက်ခဲနေရင် မဲခွဲ ဆုံးဖြတ်နိုင်အောင်လို့ ကော်မတီဝင်တွေကိုတောင် ကျွန်တော်တို့က စုံဂဏန်း မထားရဘူး၊ မဂဏန်း ထားပြီး ဖွဲ့စည်းရမယ်လို့ ညွှန်ကြားထားတယ်။ ဒါမှမဲခွဲ ရင် တစ်ဖက်ဖက်က နိုင်မှာပေါ့” ဟု ဒုတိယမြို့နယ် ပညာရေးမှူးက ဆိုသည်။

ပညာရေးဌာနတွင် ကျောင်းနှင့်တူသော ကျောင်း၊ ဆရာနှင့်တူသော ဆရာဖြစ်ရန် အလွန်အရေးကြီး ပါသည်။ နှစ်ပေါင်းများစွာ ကျေးလက်မြို့ပေါ်မကျန် မူလတန်းကျောင်းလေးများကို မစို့မပို့ ငွေကြေးလေး များ ထောက်ပံ့ကာ ပစ်ထားခြင်းခံရသော ကာလပေါင်း များစွာတွင် မြို့ကြီးပြကြီးများနှင့် မနီးသည့် ကျေးလက်တောရွာရှိ ကျောင်းလေးများသည် ချို့တဲ့ဆင်းရဲစွာ ရပ်တည်ခဲ့ကြရသည်။

ကျောင်းတစ်ကျောင်းကို ကောင်းအောင် လုပ်ချင်သူများတွင် စိတ်ဓာတ်ချည်း သက်သက် ကောင်းအောင် မလုပ်နိုင်ကြောင်း အားလုံး သဘောပေါက်ပြီး ဖြစ်မည် ထင်ပါသည်။ ကျေးရွာက ထောက်ပံ့ချင် သော်လည်း စားစရာပင် နပ်မှန်အောင် မရှိသော နေရာများ၌ ရွှေကျောင်းကို ပြောင်အောင် မည်သူမျှ ကြံဆောင်နိုင်မည် မထင်ပေ။ ယခုအခါ တစ်သက်လုံး ဖြစ်သလို ရပ်တည်ခိုင်းခဲ့သည့် ကျောင်းလေးများ လက်အတွင်းသို့ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ အကူအညီဖြင့် ငွေကြေးများ ရောက်လာတော့မည် ဖြစ်သည်။ ထိုငွေကြေးများ မထောက်ပံ့၊ မကူညီ၊ မရောက်လာလျှင် သူ့သဘောသူဆောင် မည်မျှသော အတိုင်းအတာ ကာလအထိ ထိုကျောင်းလေးများ ဤအတိုင်း ခရီးဆက်သွားနေရမည် မသိ။

ငွေကြေးရှိမှ အကောင်အထည်ဖော်နိုင်မည့် နေရာများတွင် ငွေကြေးမရှိဘဲ ဘာမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

“ကျွန်တော်ဆိုရင် ကျွန်တော့်ကျောင်းမှာ အတန်းတိုင်းကို သင်ထောက်ကူ ကားချပ်တွေ၊ ပန်းချီတွေ ဝေဝေဆာဆာနဲ့ သင်တာတွေကို မြင်ချင်တာပေါ့။ ကျိုးပျက်နေတဲ့ စာသင်ခုံတွေကို ဖြစ်သလို သံလေးတွေ ရိုက်ပေးပြီး စာသင်ခဲ့ရတာ ကြာမှပဲ။ အတန်းတိုင်းမှာ ကျောင်းဂုဏ်အင်္ဂါနဲ့ ညီတဲ့ ပရိဘောဂ အသစ်လေး တွေ ဝယ်မထည့်ပေးနိုင်တာ ကြာလှပြီ။ ဆရာတွေ ထိုင်ဖို့ ကုလားထိုင်တောင် လောက်ငအောင် မစီစဉ်ပေးနိုင်သေးဘူး။ ခုတော့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်တော့မယ် ထင်ပါရဲ့” ဟု ကျောင်းအုပ်ကြီး တစ်ယောက်က ဆိုသည်။

ကျောင်းအုပ်တွေ၏ ရင်ထဲတွင် ပြောစရာ စကားတွေက အတောမသတ်နိုင်အောင် ရှိနေမည်မှာ သေချာလှသည်။ သူတို့အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်တော့မည့် ငွေကြေးတွေ လက်ထဲ ရောက်လာတော့မည် ဖြစ်သောကြောင့် သူတို့ ပျော်ကောင်း ပျော်နိုင်သည်။ သို့သော် ထိုငွေကြောင့် မည်သူတွေ ဒုက္ခရောက်ကုန်ဦးမည်ကို စိုးရိမ်စိတ်တွေတော့ ဖြစ်မိသည်။

အားလုံးသော ကျောင်းလေးများ နေခြည်မှာ ရွှေရည်လောင်းနိုင်ကြပါစေ ဟုသာ ဆုတောင်းလိုက် ပါတော့သည်။

မှတ်ချက်။ ။ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ရှင်းပြ ကူညီပေးခဲ့သော ပဲခူးမြို့မှ မူလတန်း၊ အလယ်တန်း ကျောင်းအုပ်ဆရာကြီးများ ဖြစ်ကြသည့် ဦးသောင်းဝင်း (အမက မူလွန်၊ မှော်ကန်)၊ ဦးသက်အောင် (အမက ဗဟို)၊ ဦးအောင်စိုး (အမကမူလွန် ဘုရင့်နောင်)၊ ဦးအေးလွင် (အလယ်တန်းကျောင်းအုပ်၊ အလက စာလေးကွင်း)၊ ဦးယုချိန် (အမက လာကမို့) နှင့် ပဲခူးမြို့နယ် ဒုတိယပညာရေးမှူး ဦးအေးသိန်းတို့ကို အထူးကျေးဇူး တင်ရှိပါသည်။ 


The Voice Weekly
5.7.2014
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...