ကျူရှင်

Written by ဉာဏ်လင်းမောင် 
ကျွန်တော်ဟာ ကျောင်းဆရာ တစ်ယောက် မဟုတ်သလို၊ ပညာရေး နယ်ပယ်ကလည်း မဟုတ်ပါဘူး။ ဒါ့အပြင် မူလတန်းအရွယ် ကျောင်းသား နှစ်ယောက်ရဲ့ ဖခင်ဖြစ်သလို ပြည်သူ့ဝန်ထမ်း တစ်ဦးဆိုတာ ဦးစွာပထမ ကျွန်တော် ဝန်ခံပါရစေ။ မိဘတိုင်း မေလအတွင်း ရောက်ပြီ ဆိုတာနဲ့ ကလေးတွေကျောင်း အပ်ဖို့ ကိစ္စအဝဝနဲ့အတူ ကလေးတွေကို ကျူရှင်လို့ ခေါ်တဲ့ ကျောင်းချိန်ပြင်ပ သင်ကြားမှုအတွက် အရေးတယူ ပြောဆိုကြရတဲ့ ကိစ္စတွေကြုံရမြဲပါ။

(၁၀) တန်းကျောင်းသား၊ ကျောင်းသူတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်တဲ့ စာမေးပွဲကိုဖြေကြ မှာဖြစ်တဲ့အတွက် ကျူရှင်ကို ကြိုက်နှစ်သက်ရာ ဆရာ၊ ဆရာမတွေနဲ့ သင်ကြားပေမယ့်လည်း သူငယ် တန်းကနေ နဝမတန်း အထိကတော့ မိမိကျောင်းအလိုက်၊ အလွန်ဆုံးမြို့နယ်အလိုက် မေးခွန်းထုတ်ပြီး စစ်ဆေးရတဲ့အတွက် ကျူရှင်ထားဖို့ကို အတတ်နိုင်ဆုံး ကျောင်းမှာ သင်ကြားတဲ့ ဘာသာရပ်အလိုက် ဆရာ၊ ဆရာမတွေဆီမှာ သင်ကြားလိုကြတာပါ။

ဘာကြောင့် ဒီလိုရွေးချယ် ကြရတာလဲဆိုတော့ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ သင်ကြားမှုပုံစံ၊ စာမေးပွဲစစ်မှု ပုံစံတွေကြောင့်လို့ပဲ ပြောရပါမယ်။ နှစ်စဉ်လိုလိုပြောင်းလဲနေတဲ့ ဥပဒေတွေ၊ စည်းမျဉ်း တွေ၊ အာဘော်တွေကို မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်လိုက် ကိုယ်တိုင်သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေကပဲ အကျွမ်းတဝင်ရှိလို့ပါ။ ပြင်ပကျူရှင်တွေမှာလည်း ဘာသာရပ်ပေါင်းစုံကို ကျွမ်း ကျွမ်းကျင်ကျင် သင်ကြားနိုင်တဲ့ဆရာ၊ ဆရာမတွေ အများအပြားရှိတယ်။ ဒါပေမဲ့ချမှတ်ထားတဲ့မူဝါဒ တွေနဲ့ ဘောင်ဝင်အောင်မသင်ကြားနိုင်လို့ စာမေးပွဲကျရှုံးကြရမှာကို မလိုလားပါဘူး။ ကိုယ့်သားသမီး စာမေးပွဲကျရှုံးကြရမှာကို မလိုလားပါဘူး။ ကိုယ့်သားသမီးစာမေးပွဲတစ်နှစ်ကျသွားတဲ့အတွက် ကုန်ဆုံး ရမယ့်အချိန်တွေ၊ ငွေကြေးတွေကို ဘယ်မိဘကမှရင်မဆိုင်လိုပါဘူး။

ကျောင်းချိန်အတွင်း ဆရာ၊ ဆရာမတွေ အားသွန်ခွန်စိုက် သင်နေတာပဲ ကျူရှင်ယူဖို့လိုသေးလို့လား။ ဟုတ်ကဲ့လိုပါတယ်၊ ချမှတ်ထားတဲ့ ၏သည်မရွေ့ကျက်၊ ၏သည်မရွေ့ဖြေဆိုတဲ့ သင်ကြားမှုပုံစံအရ ကျောင်းစာသင်ချိန် တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ သည့်အတွက် အပိုချိန်ပဲခေါ်ခေါ်၊ ကျူရှင်ပဲပြော ပြော လိုကိုလိုပါတယ်။ မိဘတွေကိုယ်တိုင် အိမ်မှာပြန်သင်ပေး ရမယ့်အတူတူ ကျူရှင်မှာပြန်ပြီး သင်ယူ စေတာက ပိုအဆင်ပြေတယ်လို့ ခံယူထားကြတာပါ။ ဒါကြောင့် ကျူရှင်ဆိုတာနဲ့ စာမေးပွဲပုံစံကို အံဝင် ခွင်ကျ အထောက်အကူပြုနိုင်တဲ့ ကျောင်းကဆရာ၊ ဆရာမတွေဆီမှာပဲ ထားလိုကြတာ ကျောင်းသား မိဘတိုင်းရဲ့ ဆန္ဒလိုပဲပြောရမှာပါ။

ဒါဆိုပြည်သူ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမတွေကို ကျူရှင်သင်ခွင့် ပေးထားလို့လား။ မေးစရာရှိလာပါ တယ်။ ပေးမထားပါဘူး။ ကျူရှင်သင်ခွင့်မရှိလို့ အမိန့်ထုတ်ထားတာပါ။ ဒါပေမဲ့အများစုသော ဆရာ၊ ဆရာမတေ သင်နေကြတာပါ။ ဒီလိုသင်နေတာကိုလည်း အမိန့်ထုတ်ထားတဲ့ သက်ဆိုင်သူတွေသိ လျက်နဲ့ မသိသလိုဖြစ်နေကြတယ်။

ဘာအတွက်လဲလို့ စဉ်းစားမိတော့ တစ်ခုတည်းသော အဖြေက ထောင်ချောက် ဆင်ထားတာလို့လဲ တွေးမိတယ်။ ဆရာ၊ ဆရာမတွေ အပြောအဆို အနေအထိုင် တစ်ချက်လေး မှားတာနဲ့ ကျူရှင်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလွယ်တကူ အရေးယူလို့ရအောင် ဆင်ထားတာလို့ပဲမြင်မိတယ်။ တကယ့်လက် တွေ့မှာလည်း မြင်ခဲ့ကြားခဲ့ရတာပါပဲ။

ဆရာ၊ ဆရာမတွေလည်း ကြိုးတန်းပေါ် လမ်းလျှောက်နေမှန်း သိပါလျက်နဲ့ စားဝတ်နေရေးအတွက် လစာနဲ့မလောက်ငတော့ မိမိတတ်ကျွမ်းတဲ့ ပညာနဲ့ အပိုဝင်ငွေရှာကြတာပါပဲ။ ဒီလိုမှမရှာကြရင်လည်း ဆရာမတွေမနက်ပိုင်းကျောင်းချိန်မတိုင်ခင် ပဲပြုတ်ရောင်း၊ ဆရာတွေကျောင်းချိန်နောက်ပိုင်း ဆိုက် ကားနင်း၊ မီးကင်းစောင့်ရမလို ဖြစ်နေပြီ။ ကျွန်တော်လွန်လွန်ကျူးကျူးပြောနေတာမဟုတ်ပါဘူး။ ပြည် သူ့ဝန်ထမ်းအများစုမှာ တောင့်တင်းတဲ့ စီးပွားရေးထူထောင်ထားနိုင်ဖို့ စီးပွားရေးတစ်ခုရှိဖို့လည်း မလွယ် ကူပါဘူး။ လက်ရှိရတဲ့လစာနဲ့ ဘဝရပ်တည်ဖို့ မလွယ်ကူပါဘူး။ စားဖို့နေဖို့လောက်ငတယ်ပဲထား၊ ကျန်းမာရေး၊ လူမှုရေးနဲ့ ဘဝအနာဂတ်အတွက် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။

အချို့ကလည်း ပြောကြတယ်။ ဆရာ၊ ဆရာမတွေ ကျူရှင်သင်ဖို့တောင် မလိုပါဘူး။ ကျောင်းအပ် လက်ခံတာနဲ့တင် အဆင်ပြေနေပါပြီတဲ့။ ဟုတ်ပါတယ်။ အခုလိုကျောင်းဖွင့်ချိန်ဆိုအမြဲကြားနေရတဲ့ နာမည်ကြီးကျောင်းတွေမှာ ကျောင်းအပ်ချင်ရင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်လိုက် လို့ပေးရတဲ့ငွေကလည်း ကျောင်းသားတစ်ယောက်အတွက် သိန်းဆယ်ချီတယ်ဆိုတဲ့ စကားပါပဲ။ မြန်မာတစ်နိုင်ငံလုံးမှာ အဲဒီလိုပေးပြီးအပ်ရတဲ့ ကျောင်းအရေအတွက် ဘယ်လောက်ရှိနိုင်မလဲ။ ၁၀ ရာခိုင်နှုန်းရှိတယ်ထားတော့၊ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းသော ကျောင်းကဆရာ၊ ဆရာမတွေ ‘မစားရ အညှော်ခံ’ ‘ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံပုပ်’ ဆိုသလို ထိခိုက်နစ်နာကြရတယ်။ လစာကိုပဲ မှီခိုနေကြရတဲ့ ကျောင်းဆရာ၊ ဆရာမတွေ ဒုနဲ့ဒေးပါ။

ပြည်သူ့ဝန်ထမ်းကျောင်းဆရာ၊ ဆရာမတွေကို ကျူရှင်သင်ကြားမှုအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ အညီတင်းတင်းကျပ်ကျပ် ကိုင်တွယ်အရေးယူမယ်ဆိုရင် ဘယ်ဆရာ၊ ဆရာမမှ သင်မှာမဟုတ်တော့ ပေမယ့် ကျူရှင်ဆိုတဲ့ စနစ်ကတော့ပျောက်ကွယ် မသွားသလို၊ ကျောင်းသား၊ ကျောင်းသူတွေလည်း ကျူရှင်ယူနေကြရတဲ့အဖြစ်က ကင်းဝေးမသွားပါဘူး။ ကျောင်းသားမိဘတွေကလည်း တရားဝင်သင် ကြားခွင့်ရတဲ့ ကျူရှင်ကျောင်းတွေမှာ ပြောင်းအပ်ကြမှာပါပဲ။

ဘာကြောင့်လဲဆိုတော့ ကိုယ့်သားသမီးတွေ အခြေခံကောင်းအောင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ကိုယ့် တုန်းကလို ဘွဲ့ရပြီးအောက်သက်မကျေခဲ့တဲ့ အခြေအနေမျိုးမဖြစ်စေလိုကြတော့ပါဘူး။ ဒါတွေက မိဘ တစ်ယောက်က ကိုယ့်သားသမီးတွေအပေါ်ထားတဲ့ စေတနာလို့ပဲ ပြောရပါမယ်။

ဆရာ၊ ဆရာမတွေဘက်က ကြည့်တော့လည်း ပြည်သူ့ဝန်ထမ်းဆချင်းအတူတူ ဆေးရုံကြီးမှာတာဝန် ထမ်းဆောင်နေကြတဲ့ ဆရာဝန်၊ ဆရာမတွေမှာတော့ တာဝန်ချိန်ပြင်ပမှာ မိမိကိုယ်ပိုင် ဆေးခန်းဖွင့် ခွင့်၊ လူနာတွေကုသခွင့်ရှိပါလျက်၊ သူတို့တွေကိုတော့ သင်ကြားရေးပိုင်းမှာ လျော့ပေါ့နိုင်တဲ့အတွက်ဆို တဲ့အကြောင်းပြချက်နဲ့ ကျူရှင်မသင်ရဆိုတော့ မညီမျှတဲ့သတ်မှတ်ချက်ကို လက်ခံနိုင်ဖို့ မလွယ်ပါဘူး။ ဆရာဝန်၊ ဆရာမတွေကိုယ်ပိုင်ဆေးခန်းဖွင့်ကြလို့ ဆေးရုံတွေမှာ ကုသရေးပိုင်းအားနည်းတာတွေကို ထည့်မစဉ်းစားကြဘူးလား။ ပြည်သူ့ဝန်ထမ်းဆရာဝန်၊ ဆရာမတွေမှ တာဝန်ချိန်ပြင်ပမှာ ကိုယ့်ရဲ့တတ် ကျွမ်းတဲ့ပညာနဲ့ ဘဝရပ်တည်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေကြတာမဟုတ်ပါဘူး။ အခြားသော ပြည်သူ့ဝန်ထမ်းတွေဖြစ်တဲ့ အင်ဂျင်နီယာ၊ စီးပွားရေးပညာရှင်တွေလည်း ကိုယ့်ပညာရပ်နဲ့ တာဝန်ချိန် ပြင်ပမှာ လုပ်ကိုင်ဆောင်ရွက်နေကြတာပါ။ ပညာရေးဝန်ထမ်းဆရာ၊ ဆရာမတွေကိုမှ မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ခွဲခြားကန့်သတ်ထားတာ မသင့်လျော်ဘူးလို့ပဲ ထင်မြင်မိပါတယ်။

ဒီလိုရေးလို့ ဘယ်သူ့ကိုသာစေ၊ ဘယ်သူ့ကိုနာစေ၊ မရည်ရွယ်သလို ဝန်ထမ်းချင်းသွေးခွဲတာလည်း မဟုတ်ပါဘူး။ တကယ်ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို တင်ပြခြင်းဖြစ်ပါတယ်။ မိမိတက်ကျွမ်းတဲ့ပညာရပ် နဲ့ကိုယ်ပိုင်အချိန်မှာ လွတ်လပ်စွာဝမ်းစာရှာစားခွင့်မရတဲ့အပေါ် ကိုယ်ချင်းစာမိတာပါ။

တကယ်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေစနစ်နိမ့်ကျနေတာဟာ ကျောင်းဆရာ၊ ဆရာမတွေ ကျူ ရှင်သင်လို့လား၊ ချမှတ်ထားတဲ့ မူဝါဒတွေသင်ကြားနေတဲ့စနစ်ကြောင့်လားဆိုတာတော့ သေသေချာ ချာဝေဖန်သုံးသပ်သင့်တယ်လို့ အကြံပြုရေးသားလိုက်ရပါတယ်။

‘ပြည်သူ့ဝန်ထမ်းကျောင်းဆရာ၊ ဆရာမမှာ ကျီးလန့်စာစားဘဝမှ ကင်းဝေးနိုင်ကြပါစေ’


စံတော်ချိန်သတင်းစာ
ဇွန် (၄) ရက်၊ ၂၀၁၄ ခုနှစ်
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...