အိမ်ထောင်ရေး တိုးကိန်းသီအိုရီ
သင်တန်းကျောင်း တစ်ခုရဲ့ နောက်ဆုံး သင်တန်းချိန်က "အိမ်ထောင်ရေး၏ လုပ်ဆောင်မှုနှင့် တီထွင်မှု" အကြောင်း ဖြစ်တယ်။ ဟောပြောမယ့် ဆရာက အတန်းထဲ ဝင်လာပြီး အသင့် ယူလာတဲ့ ကားချပ်တစ်ချပ်ကို ကျောက်သင်ပုန်းပေါ် ချိတ်ဆွဲလိုက်တယ်။ ကားချပ်ပေါ်မှာက "အောင်မြင်တဲ့ အိမ်ထောင်ရေး အချက်နှစ်ချက်" ဆိုပြီး
၁) လူကောင်း တစ်ယောက်ကို ရှာပါ။
၂) ကိုယ်ကိုယ်တိုင် လူကောင်း ဖြစ်အောင် လုပ်ပါ... လို့ ရေးထားတယ်။
ဆရာက "အောင်မြင်တဲ့ အိမ်ထောင်ရေးက ဒီလောက်ပဲ လွယ်ကူပါတယ်။ တခြားအောင်မြင်တဲ့ လျှို့ဝှက် ချက်တွေကိုလည်း သက်ကြီး ရွယ်အိုတွေဆီက အမြဲကြားဖူးကြလိမ့်မယ် ထင်ပါတယ်" လို့ စကားစလိုက် တာနဲ့ သင်တန်းသား တွေဆီက တွတ်ထိုးသံတချို့ ထွက်လာတယ်။ သင်တန်းသား အများစုက အိမ်ထောင် ရှိသူတွေ ဖြစ်ကြတယ်။
တအောင့်ကြာတော့ အသက် ၃ဝအရွယ် အမျိုးသမီးတစ်ဦးက ထရပ်ပြီး "တကယ်လို့ ဒီအချက် နှစ်ချက် စလုံးကို မလုပ်နိုင်ခဲ့ဘူးဆိုရင်ရော" လို့ ဆရာ့ကိုမေးတယ်။
ဆရာက "မလုပ်နိုင်ခဲ့ရင် အချက်(၄)ချက် ဖြစ်သွားလိမ့်မယ်" လို့ ပြောပြီး နောက်ကားချပ်တစ်ခုကို ချိတ်ဆွဲလိုက်တယ်။
၁) သည်းခံပါ၊ ကူညီပါ။ ကူညီတာ အလိုမကျရင် သည်းခံပါ။
၂) သည်းခံတာကို အကျင့်ဖြစ်အောင်လုပ်ပါ။
၃) တုံးအ,တဲ့ စရိုက်လေးပါအောင် ကျင့်ပါ။
၎) တုံးအ,အစရိုက်ကို တစ်သက်လုံးကျင့်သွားပါ။
အချက် (၄)ချက်ကို ဆရာရွတ်မပြီးခင် သင်တန်းသားတွေ လှုပ်လှုပ်ရွရွ ဖြစ်လာကြတယ်။ ဒါမဖြစ်နိုင်ဘူး၊ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ တီးတိုးသံတချို့ လွှင့်လာတယ်။ အားလုံး ငြိမ်သက်သွားချိန်ရောက်မှ ဆရာက "တည်ငြိမ်တဲ့ အိမ်ထောင်ရေးတစ်ခု ရှိချင်တယ်။ ဒီ (၄)ချက်ကိုလည်း မလုပ်နိုင်ဘူးဆိုရင် အောက်က အချက် (၁၆) ချက်ကို လုပ်နိုင်ရမယ်" လို့ ပြောလိုက်တယ်။
ဆရာက နောက်ကားချပ် တစ်ချပ်ကို ချိတ်ဆွဲ လိုက်ပြန်တယ်။
၁) မတူတဲ့အချိန်မှာ စိတ်တို၊ ဒေါသထွက်ကြပါ။
၂) ရေးကြီးခွင်ကျယ် မဟုတ်ခဲ့ရင် စကားပြောတဲ့အချိန် အော်မပြောပါနဲ့။
၃) ရန်ဖြစ် အငြင်းပွါးတဲ့အခါ တစ်ဖက်လူကို အနိုင်ပေးလိုက်ပါ။
၎) ဒီနေ့ငြင်းခုံတာကို မနက်ဖြန်အထိ သယ်မသွားပါနဲ့။
၅) ငြင်းခုံရန်ဖြစ်ပြီး အမေအိမ်ပြန်တာပဲဖြစ်ဖြစ်၊ အပြင်ထွက်သွားတာပဲဖြစ်ဖြစ် အချိန် ၈နာရီထက် မကျော်ပါစေနဲ့။
၆) ဝေဖန်တဲ့စကားမှာ မေတ္တာပါပါစေ။
၇) ကိုယ့်အမှားကို တောင်းပန်တတ်ဖို့ အမြဲအသင့်ပြင်ထားပါ။
၈) ကိုယ့်အကြောင်း သွားပုပ်လေလွှင့် အတင်းကြားတဲ့အခါ ဟာသလို သဘောထားပြီး ရယ်ပစ်ပါ။
၉) တစ်လမှာ တစ်ညလောက် သူ (သူမ) အတွက် လွတ်လပ်တဲ့အချိန်ပေးလိုက်ပါ။
၁ဝ) ဒေါသစိတ်နဲ့ အိပ်ရာမဝင်ပါနဲ့။
၁၁) သူ (သူမ) အိမ်ပြန်ချိန်မှာ ကိုယ်အိမ်မှာ ရှိနိုင်ဖို့ကြိုးစားပါ။
၁၂) တစ်ဖက်လူက မနှောင့်ယှက်စေချင်ရင် မနှောင့်ယှက်မိအောင် ကြိုးစားပါ။
၁၃) ဖုန်းမြည်တဲ့အချိန် တစ်ဖက်လူ အရင်ကိုင်ပါစေ။
၁၄) အိတ်ကပ်ထဲ ငွေဘယ်လောက်ရှိတယ်ဆိုတာကို အမြဲစာရင်းပေးပါ။
၁၅) ငွေမရှိတဲ့နေ့ရက်ကို ဖျက်ဆီးနိုင်အောင် ကြိုးစားပါ။
၁၆) ကိုယ့်မိဘကိုပေးတဲ့ငွေက တစ်ဖက်မိဘကို ပေးတဲ့ငွေထက် နည်းပါစေ။
(၁၆) ချက်ကို ဆရာရွတ်ပြီးနောက် သင်တန်းသား တချို့ကရယ်ကြတယ်။ တချို့က သက်ပြင်းချကြတယ်။ ဆရာက ဆက်ပြီး "တကယ်လို့ ဒီ(၁၆)ချက်ကို မလုပ်နိုင်သေးဆိုရင် အောက်က အချက် (၂၅၆) ချက်ကို လုပ်ရလိမ့်မယ်။ လူနှစ်ယောက် ပေါင်းသင်းတဲ့သီအိုရီက တိုးကိန်းသီအိုရီဖြစ်တယ်။ ရှေ့က အခြေခံ အချက်တွေပေါ်မှာ နှစ်ထပ်တိုးသွားတာဖြစ်တယ်"
အဲဒီနောက် ဆရာက အချက်(၂၅၆)ချက်ကို ရေးလိုက်တယ်။
" ဒီအခြေအနေကို ရောက်သွားတဲ့ အိမ်ထောင်ရေးက အန္တရာယ်နဲ့ အရမ်းနီးနေပြီ" လို့ ပြောပြီး သင်ခန်းစာကို အဆုံးသတ်လိုက်ချိန်မှာ တစ်ခန်းလုံး လက်ခုပ်သံတွေ ဟိန်းသွားခဲ့တယ်။ ဟောပြောပွဲ ပြီးကြောင်း ကြေညာခဲ့ပေမယ့် တချို့သင်တန်းသားတွေက မလှုပ်မယှက် ထိုင်နေကြဆဲဖြစ်တယ်။ သူတို့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးဆင်းနေခဲ့ပါတယ်။
မူရင်းလင့် -- http://www.ntuee78.org/essay/essay53.html
နိုင်းနိုင်းစနေ (Tuesday, December 16, 2008)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook