ခါကာဘိုရာဇီနဲ့ ဂမ်လန်ရာဇီ ဘယ်သူ ပိုမြင့်လဲ

ခါကာဘိုရာဇီတောင်
မြန်မာနိုင်ငံ၏ အမြင့်ဆုံး တောင်အဖြစ် အစဉ်တစိုက် မှတ်ယူလာ ခဲ့ကြသော ခါကာ ဘိုရာဇီ၏ အမြင့်ကို နှစ်ပေါင်း ၉၀ ကျော်မှ ပြန်လည် တိုင်းတာတော့မည် ဖြစ်သဖြင့် ဂမ်လန်ရာဇီ တောင်နှင့် မည်သည့်တောင် ပိုမြင့်သည် ဆိုသည့် ဝိဝါဒ ကွဲပြားမှု များအပေါ် အဖြေပေးနိုင်တော့ မည်လားဆိုသည်ကို တောင်တက် ဝါသနာရှင်များနှင့် လေ့လာသူ များက စိတ်ဝင်စားနေ ကြသည်။

မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ကို ခါကာ ဘိုရာဇီတောင် အဖြစ်သတ်မှတ်ကာ သင်ရိုးညွှန်းတမ်း များတွင်ပင် ထည့်သွင်း သင်ကြားစေ ခဲ့သည်မှာ ဆယ်စုနှစ်များစွာရှိခဲ့လေပြီ။

သို့သော် ပြီးခဲ့သောနှစ် သြဂုတ်လက မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင်တက်အဖွဲ့ ဂမ်လန်ရာဇီ ရေခဲတောင်ကို တက်ရောက်ပြီးချိန်တွင် ဂမ်လန်ရာဇီတောင်က ပိုမြင့်ကြောင်း သတင်းထုတ်ပြန်လိုက် ချိန်တွင် ဘယ်တောင်ပိုမြင့်သလဲဟူသော အငြင်းပွားဖွယ်ရာများ ပေါ်ထွက်လာသည်။

ခါကာဘိုရာဇီ၏ အမြင့်ပေမှာ ၁၉,၂၉၆ ပေရှိပြီး ဂမ်လန်ရာဇီတောင်မှာ ၁၉,၂၅၄ ပေရှိကာ ပေတိုင်းတာ ချက်အရ ခါကာဘိုရာဇီက ပိုမြင့်သော်လည်း ဂူးဂဲလ်၏ ကွန်ဒိုလိုင်းအချက်အလက်များကို ကိုးကားပြီး တောင်တက်ခဲ့သည့် အဖွဲ့ခေါင်းဆောင်များက ပြောကြားခဲ့သည့်အတွက် မည်သည့်တောင် ပို မြင့်သည် ဆိုသည်ကို အတည်မပြုနိုင်သေးပေ။

ဂူးဂဲလ်မြေပုံ (Google Map)တွင် ခါကာဘိုရာဇီတောင်မှာ မီတာ ၅,၇၀၀ ရှိသည်ဟု ဖော်ပြထားပြီး ဂမ်လန်ရာဇီမှာ ၅,၈၀၀ မီတာဟု ဖော်ပြထားသည်။ ဂူးဂဲလ်တွင် ပြသထားသည့် ကွန်ဒိုလိုင်း အချက် အလက်များအရမူ ဂမ်လန်ရာဇီရေခဲတောင်က ပိုမြင့်သည်ဟုဖော်ပြထားပြီး ဧဝရက်ရေခဲတောင် တိုင်းတာချက်နှင့် ဂူးဂဲလ်မှ တိုင်းတာချက် များမှာလည်း တူညီသည့်အတွက် ဂမ်လန်ရာဇီပိုမြင့်သည် ဆိုသည့် အချက်မှာ မှန်ကန်ဖွယ်ရှိကြောင်း ဂမ်လန်ရာဇီတောင်ကို တက်ရောက်ခဲ့သူ ကိုပြည့်ဖြိုးအောင် ကပြောသည်။

မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှတွင်ပါ ခါကာဘိုရာဇီရေခဲတောင်ကို အမြင့်မားဆုံးဟု သတ်မှတ်ထားခဲ့ပြီး လွန်ခဲ့သည့်နှစ်ပေါင်းကိုးဆယ်ကျော် ၁၉၂၄ ခုနှစ်တွင် အိန္ဒိယအဖွဲ့တစ်ခု၏ တိုင်းတာချက်အရ ခါကာဘိုရာဇီတောင်သည် ၁၉,၂၉၆ ပေအမြင့်ရှိပြီး ဂမ်လန်ရာဇီတောင်မှာ ပေ ၂၀၀ နိမ့်သည်ဟု မှတ်တမ်းတင်ထားခဲ့ကြသည်။ ထိုသို့ တိုင်းတာရာတွင်လည်း ယင်းအချိန်က ခေတ်အမီဆုံး နည်းဖြစ်သည့် စကေးကိုက်တိုင်းနည်းဖြင့် တိုင်းတာခဲ့ခြင်းဖြစ်သည်။

သို့သော် ၁၉၄၅ ခုနှစ်တွင် အမေရိကန်နှင့် ရုရှားနိုင်ငံတို့ တိုင်းတာထားသည့် Topography Photo အရ ဂမ်လန်ရာဇီတောင်သည် ခါကာဘိုရာဇီတောင်ထက် ပေ ၉၀ ပိုမြင့်ကြောင်း ဖော်ပြခဲ့ကြသည်။

ဂမ်လန်ရာဇီရေခဲတောင်ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည့် မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင်တက်အဖွဲ့ခေါင်းဆောင် အမေရိကန်နိုင်ငံသား အင်ဒီတိုင်စန်က ဂမ်လန်ရာဇီရေခဲတောင်သည် ခါကာဘိုရာဇီရေခဲတောင်ထက် ပိုမြင့်သည်ဟု အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ခါကာဘိုရာဇီနှင့် ဂမ်လန်ရာဇီတို့မှာ ရေခဲတောင်အမျိုးအစားများဖြစ်သည့်အတွက် ပြောင်းလဲနေသော ရာသီဥတုအခြေအနေနှင့် လေဖိအားတို့ကြောင့် ရေခဲတောင်အမြင့် ပြောင်းလဲနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် တောင်တက်သမားများ မှန်းဆကြသည်။

‘‘ခါကာဘိုရာဇီဆိုရင် ပူတာအိုမှာရှိတဲ့အတွက် အဲဒီနေရာရဲ့ အပူချိန်ကမြင့်ပေမယ့် ရေခဲတောင်ရဲ့ အပူချိန်က တူချင်မှတူမှာ။ နိုင်ငံတကာမှာလို စနစ်တကျတိုင်းမယ်ဆိုရင်တော့ အရည်ပျော်မှု ရှိ၊ မရှိ အတိအကျသိမှာပါ’’ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဒေါက်တာဦးသိန်းအောင်ကပြောသည်။

တောင်အမြင့် အတိအကျ သိရှိနိုင်စေရန် တိုင်းတာရာတွင် ရာသီဥတု အခြေအနေ တစ်ခုတည်း၌ တောင်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်းတိုင်းပါက ရလဒ်အတိအကျထွက်မည်ဖြစ်သော်လည်း ခါကာ ဘိုရာဇီ တက်မည့် အချိန်သည် ဂမ်လန်ရာဇီတက်သည့်အချိန်နှင့် နီးစပ်သည့်အတွက် တိုင်းတာလာသည့် ရလဒ်ကို ကောင်းကင်ဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးပါက အနီးစပ်ဆုံးတောင်အမြင့်ရလဒ် ထွက်လာ မည်ဟု တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း(သဘာဝခေါ် သံဖောင်ဒေးရှင်း) ဥက္ကဋ္ဌ ဦးမျိုးသန့် ကပြောသည်။

‘‘အတူတူတိုင်းရမှာဆိုပေမယ့် ဂမ်လန်ရာဇီကိုသွားတဲ့အချိန်ပဲ ရာသီဥတုသိပ်မကွာဘူး။ တိုင်းပြီးရင် ကောင်းကင်ဓာတ်ပုံနဲ့တိုက်ကြည့်ပြီး တိုင်းသွားမယ်။ ရလဒ်က အရင်သိထားတာကနေ ပြောင်းချင်လည်း ပြောင်းလဲသွားမယ်’’ဟု ၎င်းကဆိုသည်။

ထိုသို့ တောင်အမြင့်ကွဲပြားနေသော်လည်း ခါကာဘိုရာဇီ ရေခဲတောင်သည် ကမ္ဘာ့အမြင့်ဆုံး ရေခဲတောင် များလို အခက်အခဲများစွာရှိပြီး ဧဝရက်တောင်ကို နှစ်ကြိမ်တက်ရောက်နိုင်ခဲ့သည့် ဂျပန်လူမျိုး တောင်တက် သမား အိုဇာကီက ခါကာဘိုရာဇီသည် ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထက် ပေတစ်သောင်းနီးပါး နိမ့်သော်လည်း ဧဝရက်တောင်မှာရှိသည့် ခက်ခဲမှုမျိုးရှိသည်ဟု ပြောဆိုခဲ့ကြောင်း ဦးမျိုးသန့်ကပြောသည်။

ခါကာဘိုရာဇီရေခဲတောင်ကို ယခုနှစ်အတွင်းတွင် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝ ခေါ်သံဖောင်ဒေးရှင်း) အပြင် ဂျပန်နိုင်ငံမှ တောင်တက်အဖွဲ့နှင့် အမေရိကန်နိုင်ငံမှ တောင်တက်အဖွဲ့ တစ်ခုတို့ တက်ရောက်ဦးမည်ဖြစ်ပြီး အမြင့်ကိုပါ တိုင်းတာသွားမည်ဖြစ်ကြောင်း သိရသည်။

‘‘တိတိကျကျ မှန်မှန်ကန်ကန် ရှိထားတာ အကောင်းဆုံးပေါ့။ ထူးတာမထူးတာထက် အရှေ့တောင် အာရှမှာ ရေခဲတောင်က မြန်မာပြည်မှာပဲရှိတာ။ ရေခဲတောင်ထဲမှာ ခါကာက အမြင့်ဆုံးလို့ သတ်မှတ် ထားတယ်။ ကိုယ့်တိုင်းပြည်မှာရှိနေတဲ့ အဖြစ်အပျက်တစ်ခုကို အတိအကျ မှတ်တမ်းတင်ဖို့ပါပဲ’’ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ် ပူတာအိုမြို့တွင်တည်ရှိသည့် ခါကာဘိုရာဇီရေခဲတောင်သည် အရှေ့တောင်အာရှ နှင့် မြန်မာနိုင်ငံတွင် အမြင့်ဆုံးသတ်မှတ်ထားပြီး လွတ်လပ်ရေးမရမီက အင်္ဂလိပ်လူမျိုး ရုက္ခဗေဒပညာရှင် Mr.Kingdom Ward က လာရောက်လေ့လာခဲ့ပြီး လွတ်လပ်ရေးပြီးနောက်တွင် ဗိုလ်မှူးကြီးစောမြင့် ဦးဆောင်သည့် ယိမ်းနွဲ့ပါးစစ်တံခွန်အဖွဲ့သည် တောင်အမြင့်ပေတစ်သောင်းအထိ လေ့လာခဲ့ပြီး ၁၉၉၀ ဝန်းကျင်တွင် ဂျပန်တက္ကသိုလ်တောင်တက်အဖွဲ့မှ လာရောက်စူးစမ်းလေ့လာခဲ့သည်။ ယင်းနောက်တွင် ဂျပန်လူမျိုးတောင်တက်သမား အိုဇာကီ လာရောက်၍ သုံးကြိမ်ကြိုးစားခဲ့ပြီး ၁၉၉၆ တွင်မှ ခါကာဘိုရာဇီ တောင်သို့ မြန်မာနိုင်ငံသား တိဗက်လူမျိုး နမားဂျွန်ဆင်နှင့်အတူ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည်။

ပူတာအိုမြို့နယ်တွင်ပင် တည်ရှိသည့် ဂမ်လန်ရာဇီရေခဲတောင်မှာ ယခင်က တက်ရောက်ဖူးသူမရှိဘဲ ၂၀၁၃ တွင် မြန်မာ-အမေရိကန် ချစ်ကြည်ရေးတောင်တက်အဖွဲ့က ပထမဆုံးအကြိမ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။


ဂမ်လန်ရာဇီတောင်


7Day Daily
အတွဲ (၁၃)၊ အမှတ်(၁၈) 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...