လူတွေ ကြောက်နေကြတဲ့ အီဘိုလာ ဗိုင်းရပ်ဆိုတာ ဘာလဲ
အခုတလော လူတွေ ပါးစပ်ဖျားမှာ ရေပန်း စားနေတဲ့ အီဘိုလာ ဗိုင်းရပ် အကြောင်း ရေမယ် စိတ်ကူးပြီး အလုပ်ပိနေတာနဲ့ တော်တော်နဲ့ မရေးဖြစ်ဘူး။ လေဆိပ်တွေ မှာလည်း ၀င်လာတဲ့ နိုင်ငံခြားသားတွေမှာ အဖျားရှိမရှိ စစ်ဆေးပြီး အဖျားရှိနေတဲ့ လူနာတွေကို ကုသစောင့်ရှောက် ထားတယ် နိုင်ငံအတွင်း ပေးမ၀င်ဘူးလို့လည်း သိရပါတယ် ။ တလောက facebook လူမှု ကွန်ယက် စာမျက်နှာမှာလည်း အီဘိုလာ ဗိုင်းရပ် ကြောင့် အနာတွေပေါက်ပြီး ဖျားနာတဲ့ ပုံတစ်ပုံ ဆိုပြီး တက်လာပါတယ်။ ဒီတော့ အများစုကြောက် လန့်နေကြတဲ့ အီဘိုလာ ဗိုင်းရပ်ဆိုတာ ဘာကောင်ကြီးလဲ ဆိုတာ ကျွန်တော်တို့သိဖို့လိုအပ်လာပါပြီ။ မြန်မာနိုင်ငံမှာတော့ လတ်တလော Outbreak ဖြစ်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။ ဒါပေမယ့် သို့လောသို့လော ကြောက်လန့် နေကြတာ ထက်စာရင် ဒီကောင်ကြီး အကြောင်းကို ကျွန်တော်တို့ ရှင်းရှင်း လင်းလင်းသိအောင် လေ့လာကြရအောင်။
ပထမဆုံး အီဘိုလာဆိုတာ ဘာလဲမပြောခင် ဘယ်ကနေ စတင်ပေါ်ပေါက် လာတာလဲဆိုတာ အနည်း ငယ် ရှင်းပြပါရစေ။ ၁၉၇၂ ခုနှစ်မှာ အီဘိုလာဟာ ဆက်တိုက်ဆိုသလို ပြန့်ပွားမှု ၂ ခုဖြစ်ခဲ့တယ် ။ Nzara , Sudan နဲ့ Yambuku , Democratic Republic of Congo စတဲ့နေရာတွေမှာပါ။ အီဘိုလာဆိုတဲ့ မြစ် အနားမှာရှိတဲ့ ရွာလေး တစ်ရွာကနေ စတင်ပြန့်ပွားတာမို့ အီဗိုလာ ဗိုင်းရပ်လို့ မှည့်တွင်ခဲ့တယ် လို့ဆို တယ် ။ တကယ်တော့ Ebolavirus ဟာ အုပ်စု သုံးခုဝင် Filoviridae family ( Filovirus ) ထဲက တစ်ခု အပါအ၀င်ဖြစ်ပြီး သူ့ မျိုးဗီဇတွေကတော့ Marburgvirus နဲ့ Cuevavirus တို့ဖြစ်တယ် ။ အီဘိုလာလို့ ခေါ်ကြတဲ့ နာမည်မှာ မျိုးစိတ် ငါးခုရှိပါတယ် အဲဒါတွေကတော့ Bundibugyo ebolavirus (BDBV) , Zaire ebolavirus (EBOV) , Reston ebolavirus (RESTV) , Sudan ebolavirus (SUDV) , Taï Forest ebolavirus (TAFV) စတာတွေဖြစ်ပါတယ် ။ အီဘိုလာ ဗိုင်းရပ်ကို သိဖို့ဆိုရင်အဓိက၆ ချက် သိရပါမယ်။
၁ ။ အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဆိုတဲ့ EVD ကို အီဘိုလာ အဖျားငန်းတက်ရောဂါ Ebola Haemorrhagic fever လို့ခေါ်ကြပြီး လူတွေမှာဖြစ်ရင် ပြင်းထန်တယ် သေစေတဲ့ အထိဖြစ်နိုင်တယ် ။
၂ ။ တစ်ခါပြန့်နှံ့ဖြစ်ပွားမှု Outbreak ဖြစ်ပြီဆိုရင် သေစေနိုင်တဲ့ နှုန်း Fatality rate ဟာ ကိုးဆယ် ရာခိုင်နှုန်းထိရှိတယ် ။
၃ ။ အထူးသဖြင့် ဖြစ်ပွားလေ့ရှိတာက အာဖရိကအလယ်ပိုင်းအနောက်ပိုင်းနဲ့ မိုးသစ်တော အပူပိုင်း ဒေသတွေမှာ ကနဦးစဖြစ်ခဲ့တယ် ။
၎ ။ တောရိုင်းတိရစ္ဆာန်တွေကနေ လူတွေကို ကူးစက်ပြီး လူတွေမှာတော့ လူသားအချင်းချင်း human to human transimission ကူးစက်လေ့ရှိတယ် ။
၅ ။ Fruit bats လို့ခေါ်တဲ့ လင်းနို့တွေ ( Pteropodidae family ) ဟာအီဘိုလာ ဗိုင်းရပ်တွေအတွက် သဘာဝလက်ခံကောင် Natural host ဖြစ်မယ်လို့ ယူဆပါတယ် ။
၆ ။ အရမ်းဖျားနေတဲ့လူနာတွေဟာ အရေးပေါ်ကုသမှု စောင့်ရှောက်မှုလိုအပ်ပါတယ် ။ ဘာကြောင့်လည်း ဆိုတော့လူမှာဖြစ်စေ တိရိစ္ဆာန်မှာဖြစ်စေ လိုင်စင်ရထားတဲ့ ကုသမှု ဆေး ( vaccine - ဗက်ဆင်း) မရှိသေးပါဘူး ။
ဘယ်လိုပြန့်ပွား ကူးစက်တတ်သလဲ ?
အီဘိုလာဟာ လူတွေကို ရောဂါဖြစ်နေတဲ့ တိရစ္ဆာန်တွေကထွက်တဲ့အရည်တွေ ကိုယ်တွင်းကလီစာတွေ သွေးတွေ ကနေတဆင့်ကူးစက်တတ်ပါတယ် ။ အာဖရိကမှာဆိုရင်တော့ ဒီရောဂါဟာ ရောဂါဖြစ်နေတဲ့ ချင်ပန်ဇီမျောက်တွေ လူဝံတွေ လင်းနို့တွေ မျောက်တွေကို ကိုင်တွယ်ရတဲ့ လူတွေကို မိုးသစ်တောတွေ ထဲမှာ ဖျားနာ ခြင်းသို့မဟုတ် သေဆုံးခြင်းတွေတွေ့ရ တယ်လို့ဆိုပါတယ် ။ အဲ့ဒီနောက်မှာ အီဘိုလာဟာ လူထုထဲကို လူလူခြင်းကူးစက်တဲ့ နည်းနဲ့ရောက်လာတယ် တိုက်ရိုက်ကူးစက်တဲ့ နည်းတွေဖြစ်တဲ့ အရေ ပြားမှ တဆင့်ကူးစက်ခြင်း mucous membranes ချွဲသလိပ်တွေ ကနေတဆင့် ကူးစက်ခြင်းဖြစ်ပါတယ် ။ သွေးတွေ ကလီစာတွေ နဲ့ အရည်တွေ ရောဂါဖြစ်တဲ့လူ body ကနေထွက်တဲ့ အရည်တွေကနေ တဆင့် သွယ်ဝှိုက်သော နည်းအနေဖြင့်လည်း အဲဒီအရည်တွေ ထိတဲ့ ပတ်ဝန်းကျင်ကနေ ဆင့်လည်းရောဂါ ကူးစက်နိုင်ပါတယ် ။ ဥပမာ ဖျားနာခြင်းကနေ ပြန်ကောင်းလာတဲ့ အမျိုးသားယောက်ျားတွေမှာ သူတို့ရဲ့ သုတ်ရည်ကနေဆင့် နေကောင်းပြီး ၇ ပတ်အတွင်းမှာတောင် တခြားလူကို ရောဂါ ကူးစက်စေနိုင်တယ် လို့ဆိုပါတယ် ။ EVD ကို သံသယဖြစ်သည်ဖြစ်စေ confirm ဖြစ်ပြီးလူနာကိုဖြစ်စေ ကုသတဲ့ ဆရာဝန်တွေ သူနာပြုတွေမှာ ဒီရောဂါကူးစက်ခံရလေ့ရှိပါတယ် ။ အထူးသဖြင့် Infection control precaution လို့ခေါ်တဲ့ ကူးစက်ရောဂါ ထိမ်းချုပ်မှု သတိပေးချက်တွေကို လိုက်နာမှု နည်းတဲ့ ကျန်းမာရေး စောင့်ရှောက်သူတွေမှာ ကူးစက်ခံရမှုများပါတယ် ။
မျောက်တွေ ၀က်တွေကို ကိုင်တွယ်နေရတဲ့ လူတွေဟာ Reston ebolavirus ကူးစက် ခံရလေ့ရှိပြီး အရမ်း ပြင်းထန်တဲ့ ကူးစက်ခံရလေ့ ရှိသူတွေ မှာတောင်မှ ဘာရောဂါ လက္ခဏာတွေမှ မပြသတာတွေလည်း ရှိတယ်လို့ မှတ်တမ်းတွေအရသိရပါတယ် ။ ဒါကြောင့် တစ်ခုတည်းသော ရရှိနိုင်တဲ့သက်သေကတော့ အရွယ်ရောက်ပြီးသား အမျိုးသားတွေမှာဖြစ်ပြီး သူတို့ကနေဆင့် လူထုထဲကို ကိုယ်ခံအားကျနေတဲ့လူတွေ ဆေးကုသမှု ခံယူနေရတဲ့လူတွေ ကိုယ်ဝန်ဆောင်သည်တွေနဲ့ ကလေးတွေကို ကူးစက်ကြပါတယ် ။ ဘာကြောင့်လည်းဆိုတော့ တိရိစ္ဆာန်တွေနဲ့ အထိတွေ့ အကိုင်အတွယ်များတာ မွေးမြူရေးလုပ်တာ တွေကလည်း အမျိုးသားယောက်ျားတွေ များလို့ဖြစ်ပါတယ် ။
ရောဂါ လက္ခဏာတွေက ဘာတွေလဲ ?
အီဘိုလာအဖျားရောဂါဟာ ပြင်းထန်တဲ့acute viral illness ဖြစ်ပြီး ရုတ်တရက် အဖျားတက်လာတယ် နုံးခွေသွားတယ် ကြွက်သားတွေ နာလာတယ် ခေါင်းကိုက်ခြင်း လည်ပင်းနာခြင်းတွေ ဖြစ်စေပါတယ် ။ အဲ့ဒီနောက်မှာတော့ အန်လာမယ် ၀မ်းသွားတယ် အနီကွက်တွေ ပေါ်လာမယ် ကျောက်ကပ်နဲ့ အသည်း လုပ်ဆောင်ချက်တွေ ချို့ယွင်းလာမယ် အချို့လူနာတွေမှာဆိုရင် အပြင်ပိုင်းရော အတွင်းပိုင်းရော သွေးယို ခြင်းတွေဖြစ်စေနိုင်ပါတယ် ။ ဓါတ်ခွဲခန်းစမ်းသပ်မှုတွေမှာဆိုရင်လည်း သွေးဖြူဥကျတာ သွေးခဲစေတဲ့ platelet အရေအတွက် လျော့နည်းလာတာ အသည်း အင်ဇိုင်းတွေမြင့်တက် လာတာတွေဖြစ် လာနိုင်ပါ တယ် ။ လူတွေမှာ ဆိုရင် သူတို့သွေးနဲ့ အရည်တွေထဲမှာ ဗိုင်းရပ်ရှိနေသရွေ့ ရောဂါကူးစက်နိုင်ပါတယ် ။ ဓါတ်ခွဲခန်းထဲမှာ ရောဂါရှိသူတစ်ယောက်ရဲ့ စဖျားတဲ့အချိန်ကစပြီး ထုတ်ယူတဲ့ သုတ်ရည်ဟာ ၆၁ ရက် ကြာပြီးမှသာ Ebola virus က ခွဲ ထွက်ပါတယ် ။ ပိုးမွေးကာလလို့ခေါ်တဲ့ incubation ကာလဟာ ဗိုင်းရပ် စ၀င်ပြီးကာလကနေ ရောဂါလက္ခဏာတွေပေါ်လာတဲ့အထိ ၂ ရက်နေ ၂၁ ရက်အထိကြာနိုင်ပါတယ် ။
ရောဂါရှိမှန်း ဘယ်လို Diagnosis လုပ်မလဲ ?
တခြားရောဂါတွေဖြစ်တဲ့ ငှက်ဖျား တိုက်ဖွိုက် ၊ ၀မ်းရောဂါ ပလိပ် နဲ့တကွ ဦးနှောက်အမြှေးယောင် အ သည်း ယောင် အသားဝါ နဲ့ viral haemorrhagic fevers တွေဟုတ်မဟုတ်ကို အရင်အတည်ပြုရ မှာဖြစ် ပါတယ် ။ အောက်မှာဖော်ပြထားတဲ့ ဓါတ်ခွဲစမ်းသပ်ခြင်းတွေကနေတဆင့် အီဘိုလာ ဟုတ်မဟုတ် ကို diagnosed လုပ်နိုင်ပါတယ် ။
antibody-capture enzyme-linked immunosorbent assay (ELISA)
antigen detection tests
serum neutralization test
reverse transcriptase polymerase chain reaction (RT-PCR) assay
electron microscopy
virus isolation by cell culture.
လူနာတွေကနေ ထုတ်ယူတဲ့ သွေးရည်ကြည် သလိပ်တွေနဲ့ ဓါတ်ခွဲခန်းသုံး အရာတွေဟာ အလွန်ပဲ ရောဂါ ကူးစက်စေနိုင်တာကြောင့် တိကျသေချာစွာ စမ်းသပ် လုပ်ဆောင်ဖို့တော့ လိုပါတယ် ။
ဘယ်လို ကုသကြမလဲ ?
ကုသရမဲ့ လိုင်စင်ရ vaccine မရှိသေးပါဘူး ။ တခြား ဗက်ဆင်းတွေကို စမ်းသပ်ကြည့်ပေမယ့် ဒီရောဂါ အတွက်အသုံးပြုလို့ရတာမရှိသေးပါဘူး ။ လူနာတစ်ယောက် အရမ်းဖျားနာလာပြီဆိုရင် သေချာ အထူး ကြပ်မတ်ဂရုစိုက်ဖို့လိုပါတယ် ။ လူနာတွေဟာ ရေဓါတ်ဆုံးရှုံးတာ ခဏခဏဖြစ်မယ် ဒါကြောင့် ဓါတ်ဆား ရည်ပြန်ဖြည့်သွင်းရသလို သွေးကြောတွေထဲကနေဆင့်လည်း electrolytes တွေသွင်းပေးဖို့လိုပါတယ် ။ သီးခြားကုသမှုမရှိပါ ဆေးအသစ်တွေကလည်း စမ်းသပ်ဆဲဖြစ်ပါတယ် ။
ဘယ်လိုကာကွယ် ထိမ်းချုပ်ကြမလဲ ?
တိရိစ္ဆာန်တွေအတွက် ဗက်ဆင်းလည်းမရှိပါဘူး ။ ၀က်တွေ မျောက်တွေနေတဲ့ နေရာတွေကို ပိုးသတ် ထားခြင်းသန့်ရှင်းအောင်ထားခြင်း ( sodium hypochlorite or other detergents ) စတာတွေက ဗိုင်းရပ်ကို Activate မဖြစ်အောင် တားဆီးတဲ့နေရာမှာ အသုံးဝင်ပါတယ် ။ အကယ်၍ ရောဂါပြန့်ပြီ Outbreak ဖြစ်ပြီလို့ယူဆပါက ပထမဆုံးရောဂါဖြစ်တဲ့ လူဖြစ်စေ တိရိစ္ဆာန်ဖြစ်စေ သီးခြားထားရပါမယ် ။ ရောဂါကူးစက်ခံရတဲ့ သတ္တ၀ါတွေကို သုတ်သင်ပြီး သေချာ မြှုပ်နှံခြင်းမီးရှို့ခြင်းပြုလုပ်ရပါမယ် ။ အထူး သဖြင့် တိရိစ္ဆာန်နဲ့လူ ကူးးစက်မှု နှုန်းကိုလည်း လျော့နည်းစေဖို့ လိုအပ်ပါတယ် ။ အဲဒီရောဂါဖြစ်တဲ့ ဧရိယာတ၀ိုက်ကို အ၀င်အထွက်မပြုလုပ်ရ ဧရိယာအဖြစ်သတ်မှတ်ရပါမယ် ။ ဒါမှသာ တခြားနေရာတွေ ကို ပြန့်ပွားမှုနည်းစေမှာပါ ။ တိရိစ္ဆာန်တွေဆီမှာ အကောင်းဆုံးကာကွယ်ထားမှသာ လူတွေကို မကူး စက်စေမှာပါ သူတို့မှာ ဖြစ်လာပြီဆိုရင်လည်း လူတွေအနေနဲ့ထိတွေ့မှုမရှိတာအကောင်းဆုံးပါပဲ ။
လူတွေမှာဖြစ်ပြီဆိုရင်တော့ လူ နဲ့တိရိစ္ဆာန်ထိတွေ့မှုကို လုံးဝရပ်ဆိုင်းရပါ့မယ် ။ ဥပမာ မျောက်တွေ ၀က်တွေ ငှက်တွေကို ကိုင်တွယ်ခြင်း သူတို့အသားတွေ ကလီစာတွေနဲ့လုပ်ထားတဲ့အစာတွေကို တားမြစ်ခြင်း စားသုံးခြင်းမပြုခြင်း ။ သူတို့ အရေပြားနဲ့လုပ်ထားတဲ့ အ၀တ်အထည်တွေ ၀တ်ဆင်ခြင်းကို ရှောင်ကြဉ်ခြင်းတွေကိုပါပြုလုပ်ရပါမယ် ။ သွေးနဲ့အသားတွေကို စားသောက်တဲ့ အခါမှာလည်း အစိမ်း စားခြင်းကို ရှောင်ကျဉ်သင့်ပြီး ကျက်သည်အထိကျက်အောင်ချက်ပြုတ်ပြီးမှ စားသောက်သင့်ပါတယ် ။ ကျန်တဲ့အချက်တွေကတော့ Virus တစ်ခု Outbreak ဖြစ်ပြီဆိုရင်ပြုလုပ်နေကြတွေအတိုင်း Mask တွေ Protective clothing တွေနဲ့တကွ လက်အိပ်ဝတ်ဆင်ခြင်း ထိတွေ့ကိုင်တွယ်ခြင်းတွေမှာ သေသေချာချာ ဂရုပြုခြင်းတွေကိုပါပြုလုပ်ရမှာဖြစ်ပါတယ် ။
အဆုံးသတ်အနေနဲ့ပြောရရင်တော့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ နိုင်ငံခြားသား ခရီးသည်တွေ ဖျားနာနေတဲ့လူတွေကို စစ်နေတာယခုပြုလုပ်နေပါတယ် ။ ရခိုင်ပြည်နယ်မှာ တက်လာတဲ့ ပုံထဲက လူနာ ကတော့ EVD ဟုတ်မဟုတ် confirmation မရှိသေးပါဘူး ။ ထပ်သိရရင်လည်းထပ်ရေးပေးပါ့မယ် ။ လောလောဆယ်တော့ outbreak မဖြစ်သေးပါဘူးလို့ ကျန်းမာရေးဝန်ကြီး ဌာနက ပြောဆိုထားတာ လည်း တွေ့ရပါတယ် ။
ကျွန်တော် အကြံပေးချင် တာတွေကတော့ လေဆိပ်မှာ ဖျားနာလူနာ စစ်ယုံသာမကပဲ ကိုယ့်ပြည်နယ် အတွင်းမှာလဲ အိမ်မွေးတိရိစ္ဆာန်တွေဖျားနာမှု သဘာဝ အတိုင်းမဟုတ်ပဲ အစုလိုက်အပြုံလိုက် သေဆုံးမှု ရှိမရှိသာမက ဆေးရုံဆေးခန်းတွေမှာလည်း ဖျားနာ ပြီး အနီကွက်တွေ ထွက်တဲ့ လူတွေကိုလည်း သေချာ စာရင်းပြုစုပြီး report လုပ်ကြဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ပါတယ် ။
သက်တန့်ချို
Ref : Photo - Reuters
http://www.who.int/mediacentre/factsheets/fs103/en/
http://www.irrawaddy.org/burma/passengers-checked-fever-burmas-airports-amid-ebola-fears.html
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook