ဆရာ၊ ဆရာမများ ညီညွတ်စေချင်
မွန်ပြည်နယ် မော်လမြိုင်မြို့၊ အမှတ် (၁) အခြေခံ ပညာ အထက်တန်း ကျောင်းက ကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်ရဲ့ ရိုင်းပျတဲ့ လုပ်ရပ်တွေ ကို ခုတစ်လော ဆိုရှယ်မီဒီယာ Facebook ပေါ်မှာ သာမက၊ ပုဂ္ဂလိကထုတ် သတင်းစာတွေမှာပါ ဝေဝေ ဆာဆာနဲ့ တွေ့မြင် လာရပါတယ်။ သတင်း မီဒီယာခေတ်၊ ဆိုရှယ်မီဒီယာ ခေတ်လည်း ဖြစ်တဲ့ အပြင် Facebook လိုနေရာမျိုးကို လူတိုင်း လူထု အော်သံလို အသုံးပြုနေနိုင်တဲ့ ခေတ်ကြီးမှာမှ ခေတ်ကို သတိပြု မဆင်ခြင်၊ ငါတကောနဲ့ လုပ်ချင် တာလုပ်မယ် ဆိုသူတွေ ဆင်ခြင်သင့်တဲ့ အကြောင်းအရာ တစ်ခုလို့ ဆိုချင်ပါတယ်။
ကျွန်တော် အငြိမ်းစား ကျောင်းဆရာတစ်ဦး ဖြစ်ပါတယ်။ ကျောင်းဆရာဘဝ မရောက်မီကတည်း တက္ကသိုလ် တက်တော့ ကိုယ့်ဆရာတွေက ကျွန်တော်တို့ကို ‘ခင်ဗျား’ တွေ ‘ကျွန်တော်’ တွေနဲ့ သုံးပြီး ခေါ်ပြောကြတယ်။ အသက် ၅၀ ကျော် ဆရာကြီးတွေ၊ ကထိကကြီးတွေက ကျောင်းသားတွေ အပေါ်မှာ ဒီလိုလေး စားစွာဆက်ဆံတော့ ကျွန်တော်တို့ အနေကျုံ့လှတယ်။ ဒါနဲ့ တစ်နေ့တော့ ပါမောက္ခ ဆရာကြီး တစ်ယောက်ကို ‘ဆရာကြီးရယ် ကျွန်တော်တို့ကို မင်းတွေ ငါတွေနဲ့ပဲပြောပါ။ ကျွန်တော်တို့ အနေခက် လှပါတယ်’ ပြောတော့ ဆရာကြီးက “ခင်ဗျားတို့ဟာ တစ်ချိန်ကျရင် တိုင်းပြည်မှာ ဦးဆောင်ရမယ့်သူတွေ ဖြစ်လာတော့မှာ။ တက္ကသိုလ်ဆိုတာ ကြားခံအဆင့်တစ်ခုပဲ။ ခင်ဗျားတို့ကို ဒီမှာကတည်းက လေ့ကျင့်ပေး လိုက်ရမှာ။ ဒါကြောင့် အားလုံးကို လေးစားစွာ ဆက်ဆံစေချင်လို့ အခြေချပေးနေတာ။ အလကား ခေါ်ပြောနေတာတွေ မဟုတ်ဘူး” ဆိုတဲ့စကားဟာ တစ်ခေတ်တစ်ချိန်က ဆရာတွေရဲ့ လေးစားစရာ ကောင်းတဲ့ စိတ်ဓာတ်တွေလို့ ဆိုနိုင်ပါတယ်။
ကျွန်တော် ကျောင်းဆရာ ဖြစ်တော့လည်း ကျောင်းအုပ်ကြီးတွေက ကိုယ့်အဖေအရွယ်တွေ ဖြစ်ပေမယ့် ကျွန်တော်တို့ကို ခင်ဗျား၊ ကျွန်တော်လို့ပဲ ခေါ်ပြောတယ်။ နောက်ဆုံး ပညာရေးမှူးကြီးတွေ ကတောင် ဆရာဆိုတဲ့ လူတန်းစားတွေကို လေးစားစွာ ဆက်ဆံပြောဆိုတာတွေနဲ့ပဲ ကျွန်တော် ကြုံတွေ့ခဲ့ရတယ်။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ပညာရေးမှူး ဆရာကြီးတစ်ယောက် ပြောစကားကိုလည်း ခုထိနားထဲက မထွက်ဘူး။ ‘ကျွန်တော်တို့ဟာ အလွန်လေးစားစရာကောင်းတဲ့၊ အလွန်ဂုဏ်ရှိတဲ့ လုပ်ငန်းကြီးတစ်ခုထဲက ညီအစ်ကို မောင်နှမတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အချင်းချင်းလေးစားမှ ကျောင်းသား ကျောင်းသူတွေကလည်း ဆရာဆိုတဲ့လောက၊ ကျောင်းဆိုတဲ့နေရာ၊ ကျောင်းသားဆိုတဲ့ ကိုယ့်အသိုင်း အဝိုင်းကို လေးစားဂုဏ်ယူတော့မှာပေါ့။ ဒါကြောင့် ပညာရေးဌာနက လူတွေအားလုံးကို တစ်ယောက်နဲ့ တစ်ယောက် လေးစားရို သေစွာ ဆက်ဆံကြစေချင်တယ်။ ဒီလောကဟာ အလကားလောက မဟုတ်ဘူး။ ပညာဂုဏ်နဲ့ ဝန်းရံထားတဲ့လောက။ ဒါကြောင့် ပညာနဲ့အလှဆင်ပြီး အပြန်အလှန် ယဉ်ကျေးတဲ့ လောက တစ်ခု ဖြစ်စေချင်ပါတယ်’ လို့ ဆိုခဲ့တဲ့ ဆရာကြီးကိုလည်း ယနေ့အထိ ဦးခိုက်လျက်ရှိပါတယ်။
ကျွန်တော်တို့ ဆရာလောကမှာ ကျောင်းကိုရောက်ရင် အားလုံးကညီညာစွာပဲ ‘ဆရာ’ ‘ဆရာမ’ ဆိုတဲ့ ဝိသေသလေးတွေနဲ့ ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။ ဘယ်လောက်ပဲ ရင်းနှီးသည်ဖြစ်စေ ကျောင်းထဲမှာ ‘ဟေ့ကောင်’ ‘ဟေ့ကောင်မ’ ရယ်လို့ ရိုင်းစိုင်းစွာ ခေါ်ဝေါ်သုံးစွဲလေ့ မရှိပါဘူး။ ကျွန်တော် ကျောင်းဆရာ လုပ်ခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာလည်း ရိုင်းစိုင်းစွာ ဆက်ဆံပြောဆိုတတ်တဲ့ ဆရာကြီး၊ ဆရာမကြီး တွေကို မတွေ့ဖူးပါဘူး။
တစ်ခုတော့ ရှိတယ်၊ အလွန်ရိုင်းစိုင်းတဲ့ ကျောင်းအုပ်ကြီး တစ်ယောက်ကို သူများကျောင်းမှာ ကြုံတွေ့ဖူး တယ်။ အဲဒီ ကျောင်းအုပ်ဆရာမကြီးက တိုင်းမှူးကတော်တဲ့။ စစ်တပ်ကနေ အရာရှိကတော်အဖြစ် မတန်မရာ လုပ်သက်နဲ့ နေရာရလာတဲ့ ကျောင်းအုပ် ဖြစ်နေတာကြောင့် အလွန်မောက်မာတယ်။ သူတို့မှာ မောက်မာနိုင်တဲ့ အရှိန်အဝါတွေနဲ့ ကျောင်းထဲကိုလာပြီး ထင်တိုင်းရမ်းတော့ ကျွန်တော့် သူငယ်ချင်း ဆရာမတစ်ယောက် တုံ့ပြန်ပုံကို သတိရမိတယ်။
“ကျွန်မက ကိုယ့်ဘက်က မမှားအောင် နေရတော့တာပေါ့။ ကျောင်းချိန် နောက်မကျရဘူး။ သင်ကြားရေး ကအစ အားလုံးပြောစရာ မဖြစ်ရအောင် ကိုယ့်ဘက်က မှန်အောင်နေတယ်။ တစ်နေ့ သူက အစည်း အဝေးမှာ ကျွန်မကို ‘ဟေ့ ဆရာမ ထစမ်း’ ဆိုပြီးတော့ ပြောတယ်။ ကျွန်မကလည်း ‘ဟေ့ ကျောင်းအုပ် ဘာလဲ’ ဆိုပြီး မတ်တတ်ရပ်လိုက်တယ်။ သူက ‘နင်ရိုင်းလှချည်လားဆိုတော့’ ကျွန်မက လည်း ‘နင်ကရော ဘယ်လောက် ယဉ်ကျေးနေလို့လဲ’ လို့ ပြန်ပြောလိုက်တယ်။ အဲဒီမှာ ရှူးရှူးရှားရှားဖြစ်ပြီး အစည်းအဝေးကို ချက်ချင်းရပ်လိုက်တယ်။ ကျွန်မဘက်က မှန်လိုပဲ ကျင့်သုံးလိုက်တယ်။ သူပြုံးရင် လိုက်ပြုံးမယ်။ သူမဲ့ရင် လိုက်မဲ့မယ်ပေါ့။ ကျွန်မ မှန်အောင်နေတော့ သူဘာမှလည်း လုပ်လို့မရဘူး။ လုပ်လည်း ဂရုမစိုက်ဘူး။ ကျွန်မကလည်း ဘာဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုပြီး သူ့ရိုင်းစိုင်းမှုကို တိုက်တာ’ လို့ ပြန်ပြောပြတဲ့ သူငယ်ချင်းဆရာမကို အရမ်းလေးစားခဲ့ရတယ်။
ဒီခေတ်မှာ အဲဒီလိုစိတ်ဓာတ်နဲ့ ဆရာမမျိုးတွေ မရှိတော့ဘူးလား။ ဘာကြောင့် ကျွန်တော့်သူငယ်ချင်းလို မာန်တင်းပြီးတော့ မှန်လိုပြန်မကျင့်သုံး နိုင်ကြတာလဲ ဆိုတာကိုလည်း အထက်ကဖော်ပြတဲ့ သတင်းကို ဖတ်ပြီးကတည်းက မချင့်မရဲ ဖြစ်မိတယ်။ အမှန်ဆိုရရင် ကျောင်းအုပ်က ကြမ်းပြင်ပေါ်ခေါ်ပြီး ထိုင်ခိုင်း ကတည်းက ဆရာတွေ၊ ဆရာမတွေ ညီညွတ်ရမှာ။ အဲဒီအစည်းအဝေးကို မတက်ဘူးလို့ သပိတ်မှောက် ရမှာ။
ကျွန်တော်တို့ရဲ့ ယဉ်ကျေးတဲ့ အသိုင်းအဝိုင်းထဲကို စုန်းပြူးတွေ၊ ပိုးလောက်တွေလည်း ရောက်လာနိုင် တာပဲ။ အဲဒီလို ရောက်လာတဲ့ စုန်းပြူးတွေ၊ ပိုးလောက်တွေကို ညီညာဖျဖျ ဝိုင်းတိုက်နိုင်ရမယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဆရာတွေကို ‘သမဂ္ဂါနံ တပေါ သုခေါ’ ဆိုတဲ့ ဘုရားဟော ဆောင်ပုဒ်လေးကို အမြဲရွတ်ကြစေချင်တယ်။ စည်းလုံးခြင်းသည် ခွန်အား၊ စည်းလုံးခြင်းသည် အင်အားပေါ့ဗျာ။ ကျွန်တော် တို့မှာ ညီညွတ်ကြရင်၊ ညီညွတ်ကြောင်း ပြဆိုနိုင်တဲ့ ခိုင်မာတဲ့ အဖွဲ့အစည်း တစ်ခုအောက်မှာ ရှိနေရင် ကျွန်တော်တို့အပေါ် ဘယ်သူမှ မစော်ကားနိုင်ဘူးပေါ့။ ကျွန်တော် ဆိုလိုတာက ပါတီနိုင်ငံရေး ပြောတာ မဟုတ်ပါဘူး။ ကျောင်းဆရာတွေမှာသာ ‘ကျောင်း ဆရာများသမဂ္ဂ’ လို ခိုင်မာတဲ့ အဖွဲ့အစည်းအောက်ကို ရောက်နေရင် ကိုယ့်အပေါ် ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ အားလုံးကို ကိုယ်က မတိုက်နိုင်သည့် တိုင်အောင် သမဂ္ဂအနေနဲ့ တိုက်ပေးနိုင်ကြောင်း သိစေချင်ပါတယ်။
ဆရာ၊ ဆရာမတို့ခင်ဗျား ‘ဝန်ထမ်းဟူက ပါတီနိုင်ငံရေး ကင်းရှင်းရမယ်’ ဆိုတဲ့ ဖော်လံဖား စစ်အစိုးရ လက်ကျန်တွေရဲ့ ခြောက်လုံးလှန့်လုံးတွေကနေ နိုးထကြပါတော့။ မတရားမှုမှန်သမျှကို စုပေါင်းအားနဲ့ တွန်းလှန် တိုက်ခိုက်နိုင်အောင် ညီညွတ်ကြပါစို့လို့ တိုက်တွန်း လိုက်ချင်ပါတယ်။
အငြိမ်းစား ကျောင်းဆရာတစ်ဦး

The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook