ကျောင်းတော်ကြီးမှာ လမ်းပျောက်ခြင်း

By အောင်ဖြိုးဆွေ

မနက် (၈) နာရီ ၀န်းကျင်မှာ တိတ်ဆိတ်မှုနဲ့ အေးချမ်း မှုကို အပြည့်အ၀ ရယူထားတဲ့ ဒဂုံတက္ကသိုလ် ကြီးဟာ ကျောင်းသား၊ ကျောင်းသူတွေ ရောက်ရှိ လာခြင်း နဲ့အတူ စတင် အသက်ဝင် လှုပ်ရှား လာပါ တယ်။ မနက် (၁၀) နာရီ ခွဲလောက် မှာတော့ ကျောင်းသား တွေ တစ်ယောက်စ နှစ်ယောက်စ နဲ့ စာသင်ခန်း ကနေ ထွက်လာကြပြီး (၁၁) နာရီ ခွဲလောက် မှာတော့ ကျောင်းကန်တင်းမှာ လူစည်ကား နေပါပြီ။ ကျောင်းသား တွေ ဟာ အများအားဖြင့် ကိုယ့်အစုနဲ့ ကိုယ် နေထိုင် စားသောက်လေ့ ရှိကြတာကို တွေ့ရပါတယ်။

ညနေ (၁) နာရီခွဲ ၀န်းကျင် ရှိလာတဲ့ အခါမှာတော့ ကျောင်းကန်တင်းမှာ ကျောင်းသားပါးသွားပြီး ကျောင်းသား တချို့က စာသင်ခန်း ကို ပြန်ကြတယ်၊ တချို့က ကျောင်းပြင်ပကို ထွက်ခွာကြတယ်၊ တချို့ကလည်း ကျောင်းဝင်း ထဲက အရိပ် ကောင်းတဲ့ နေရာတွေကို သွားလာ နေကြတာ တွေ့ရပါတယ်။ ကျောင်းဝင်း ထဲမှာလည်း ကျောင်းသား စုံတွဲ တချို့ကို ဟိုနားတစ်တွဲ သည်နားတစ်တွဲ တွေ့ရတတ် ပါသေးတယ်။

ဒဂုံတက္ကသိုလ်နဲ့ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်က ကျောင်းသား ဆယ်ယောက်ကို တက္ကသိုလ် တက်ရောက်ခြင်း ရဲ့ရည်ရွယ်ချက် မေးကြည့်တဲ့ အခါမှာတော့ အားလုံးက ဘွဲ့ရဖို့ဆိုတဲ့ ရည်မှန်းချက်တွေ ရှိနေတာ တွေ့ရပါတယ်။ အဲဒီထဲမှာ သုံးယောက် လောက်က ကိုယ်ပိုင် ရွေးချယ်မှုနဲ့ သင်္ချာနဲ့ အင်္ဂလိပ် မေဂျာတွေ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ကျန်တဲ့ ကျောင်းသားတွေ ကတော့ မိဘတွေရဲ့ ရွေးချယ်ပေးမှုနဲ့ မြန်မာ၊ သမိုင်း၊ ပထ၀ီစတဲ့ မေဂျာ အသီးသီးကို ယူထား ဖြစ်ခဲ့တယ်လို့ ပြောကြပါတယ်။ အများစု ယူကြတဲ့ မေဂျာတွေ ကတော့ တစ်နှစ် တစ်တန်း အောင်ပြီး ဘွဲ့မြန်မြန် ရမယ့် ဘာသာရပ်တွေ ရွေးယူကြတာ များတယ်လို့ သိရပါတယ်။ ““ ယူထားတဲ့ မေဂျာကလည်း ဒီမေဂျာနဲ့ အလုပ် လုပ်မယ်ဆိုပြီး ယူထားတာတော့ မဟုတ်ပါဘူး။ အခုက ဘွဲ့လေး တစ်ခုလောက် ရထားမှ အလုပ်ရှာ လို့ရမှာလေ။ ဒါတောင် မသေချာပါဘူး၊ ဘွဲ့ရတွေတောင် အလုပ် လက်မဲ့ ဖြစ်နေတာ အများကြီးပဲလေ”” လို့ ဒဂုံ တက္ကသိုလ်၊ ဒုတိယနှစ် သင်္ချာ ကျောင်းသား တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရရှိဖို့ အတွက် ဘွဲ့ရဟုတ် မဟုတ် ဆိုတာက အဓိက ကျနေတဲ့ အခါမှာတော့ တက္ကသိုလ် ကျောင်းသား မိဘအားလုံးရဲ့ ရည်မှန်းချက်ဟာ သားသမီး ဘွဲ့ရရေး အတွက်ကို ဦးတည်လာ နေတယ်လို့ တက္ကသိုလ် ဆရာတချို့က ပြောဆို ကြပါတယ်။

၁၉၈၈ ခုနှစ်လောက်က တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ အရေ အတွက်ဟာ ကျောင်းသား တစ်သိန်းမှာ တစ်သောင်းအောင်တဲ့ နှစ်က အများဆုံးလို့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုဂျင်မီက ဆိုပါတယ်။ ၁၉၅၆ ခုနှစ်က ဆိုရင် တက္ကသိုလ် စာမေးပွဲ အောင်မြင်ဖို့ ရာခိုင်နှုန်းဟာ တစ်ရာမှာ ခြောက်ရာခိုင်နှုန်းသာ ရှိတယ်လို့ စာရေး ဆရာမ ရွှေကူမေနှင်းရဲ့ ငါတို့ခေတ်က တက္ကသိုလ် စာအုပ်မှာ တွေ့ရပြန်ပါတယ်။ အဲဒီတုန်းက ဘွဲ့ဒီကရီ ရရှိပြီး သူတိုင်း အလုပ်အကိုင် ဆိုတာ ပူစရာ မရှိခဲ့ပါဘူး။ ကျောင်းတက်နေတဲ့ အချိန်မှာလည်း အလုပ် ဆိုတာကို အတွေးထဲ ထည့်စရာ မလိုတော့ပါဘူး။

အခု အချိန်မှာတော့ တစ်နှစ် တစ်နှစ် တက္ကသိုလ်တန်း စာမေးပွဲ အောင်မြင်သူ အရေ အတွက်က အများအပြား ရှိနေပါပြီ။ ဘွဲ့ရ အရေအတွက် ဟာလည်း နှစ်စဉ် လေးသိန်း ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရင်နဲ့ မတူတာ ကတော့ မြန်မာနိုင်ငံမှာ ဘွဲ့ရပြီး အလုပ်မရှိတဲ့သူ အရေအတွက်ဟာ လေးဆယ် ရာခိုင်နှုန်း အထိ ရှိနေတဲ့ ပြဿနာပါပဲ။

““အရင်ခေတ် ကတော့ ကြိုးစားရင် ကြိုးစား သလောက် ရတယ်။ ကျောင်းပြီးရင် ရထားတဲ့ ဘွဲ့နဲ့ အလုပ်တွေ ပေါတယ်။ အဲဒီတုန်းက အတန်း အောင်မြင်မှု ရာနှုန်း ကိုလည်း ပေါပေါ လောလော ပေးခဲ့တာ မဟုတ်ဘူး၊ အရည် အသွေးကို စစ်ခဲ့တာ။ အခုခေတ် ဆရာတွေက အဓိက လိုချင်တာ ပညာ မဟုတ်တော့ဘူး။ ရာနှုန်း လိုချင်တာ။ ဒီနှစ် အောင်ချက် ဘယ်လောက် ရအောင် လုပ်ပေးပါဦး ဆိုတာတွေ ဖြစ်လာတယ်။ အလိမ်ခံ ခြင်းကိုဘဲ ဦးစားပေးတဲ့ ပညာရေး စနစ် ဖြစ်လာတယ်”” လို့ တက္ကသိုလ် ဆရာအဖြစ် (၁၂) နှစ်ခန့် တာဝန် ထမ်းဆောင် နေပြီး၊ ယခု ပုသိမ် တက္ကသိုလ်၊ သမိုင်းဌာနတွင် လက်ထောက် ကထိက တစ်ဦးဖြစ်သူ ဆရာသန်းထိုက်အောင် က ပြောပါတယ်။

ဒီနေ့ခေတ် ကျောင်းသားတွေဟာ ၁၉၈၈ အရှေ့ပိုင်းက ကျောင်းသားတွေလို လွပ်လပ်မှု ရရှိခြင်းနဲ့ ဆုံးဖြတ်ခွင့် ရရှိခြင်းဟာ ကွာခြား လာတယ် လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ဆိုပါတယ်။ ဆယ်စုနှစ် များစွာက ကျောင်းသားတွေဟာ ရန်ကုန် တက္ကသိုလ် တက်ရောက်ခွင့် ရရှိဖို့ အတွက် ကြိုးစား ခဲ့ကြတာတွေ၊ ကိုယ်ပိုင် ဆုံးဖြတ် ရွေးချယ် ခဲ့ကြတာတွေ၊ စည်းလုံး ခဲ့ကြတာတွေဟာ အကြောင်း ၀တ္ထုတွေထဲမှာ သမိုင်း အဖြစ်နဲ့ ကျန်ရစ် နေပါတယ်။

ရန်ကုန် ကောလိပ်ကို ၁၉၀၀ ပြည့် နှစ်မှာ စတင် တည်ဆောက်ခဲ့ပြီး ၁၉၂၀ ခုနှစ် ဒီဇင်ဘာ (၁) ရက် နေ့မှာတော့ တက္ကသိုလ် အဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။ ယခင်က ရန်ကုန် တက္ကသိုလ်ကြီးက နေရာ ရှိခဲ့တာဟာ ပညာရေး တစ်ခု တည်း မဟုတ်ဘဲ တိုင်းရင်းသား အချင်းချင်း သွေးစည်း ညီညွတ်မှုတွေကို ရရှိစေခဲ့တယ်လို့ ၁၉၈၀ ကျော် ၀န်းကျင် ကာလက အရှေ့ပိုင်း ကျောင်းသားကြီးတွေက ဆိုကြပါတယ်။

အဲဒီခေတ် ကျောင်းသားကြီးတွေ ဖြတ်သန်း ခဲ့ရတဲ့ နိုင်ငံရေး အခြေအနေ တွေကလည်း ခက်ခဲ ကြမ်းတမ်းလွန်းပြီး သွေးပျက်ဖွယ် ကောင်းလှပါတယ်။ ၁၉၆၂ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၆ ခုနှစ်၊ ၁၉၈၈ ခုနှစ် တွေမှာ ကျောင်းသား လှုပ်ရှားမှုတွေကို အစိုးရရဲ့ ကြမ်းတမ်းစွာ ဖိနှိပ်မှု တွေကြောင့် ကျောင်းသား ရာနဲ့ချီပြီး ကျဆုံး ခဲ့ကြရပါတယ်။

““ကျွန်မတို့ လက်ထက်က တက္ကသိုလ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ၀တ္ထုတွေ ဖတ်ခဲ့ရတယ်။ တက္ကသိုလ် တက်ဖို့ ဆယ်တန်းအောင် ကတည်းက အများကြီး ပြင်ဆင်တယ်။ စိတ်ကူးတွေ ထဲမှာလည်း ပျော်ခဲ့ရတယ်။ ၁၉၉၀ ကျတော့ နိုင်ငံရေး အခြေအနေ ဟာ ပြဿနာ ပေါင်းစုံနဲ့ ကျောင်းတွေ ပိတ်လိုက်တဲ့ အခါမှာတော့ ကျောင်းသားတွေ တောခို သွားကြတယ်။ ကျောင်းပြန်ဖွင့်တဲ့ အခါမှာတော့ မျှော်လင့် ထားခဲ့တဲ့ တက္ကသိုလ်ကြီးမှာ ကျောင်းသားတွေ မရှိတော့ဘူး””လို့ ၁၉၉၀ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်ကြီးတွင် ပထမနှစ် သမိုင်းမေဂျာနဲ့ စတင် ကျောင်းတက်ခဲ့ပြီး ယခုအခါ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်နေသူ ဒေါ်ဖြူဖြူသင်းက သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

၁၉၉၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းသား သပိတ် နောက်ပိုင်းမှာတော့ ဆယ်စုနှစ် များစွာက နယ်ပယ် ပေါင်းစုံ၊ ဌာနေ ပေါင်းစုံက ကျောင်းသားတွေ လာရောက် ပညာ သင်ကြားရတဲ့ ရန်ကုန် တက္ကသိုလ်ကြီးကို ပိတ်ပစ် လိုက်ပါတယ်။ အဲဒီ နောက်မှာတော့ ရန်ကုန်မြို့ပြင် နေရာတွေမှာ တက္ကသိုလ်သစ်တွေ ပေါ်ပေါက် လာပါတယ်။ အလားတူ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီး မှာလည်း တက္ကသိုလ်တွေ ခွဲထုတ် ခဲ့ပါတယ်။

““၈၈ နောက်ပိုင်းမှာ ရန်ကုန် တက္ကသိုလ်ကြီးကို ခြံခတ်၊ ဟိုပိတ် ဒီပိတ်၊ နောက်တော့ မြို့ပြင်တွေထုတ်၊ ယူနီဖောင်းတွေ သတ်မှတ်၊ အများကြီး ပေါ့ဗျာ။ ပညာ သင်ကြားရေးမှာ လုံခြုံရေး ရှုထောင့်က ကြည့်တာ ပိုများလာတယ်။ ဆရာ၊ ဆရာမတွေ ကိုလည်း ဖောင်ကြီး သင်တန်း၊ ဘာညာ သင်တန်းပို့တယ်။ ကျောင်းတွေမှာ လည်း လုံခြုံရေး အတွက် စီမံကိန်းတွေ ဖော်တယ်ပေါ့၊ ဆရာတွေနဲ့ ကျောင်းသားတွေရဲ့ ကြားမှာလည်း ယုံကြည်မှု စပျက်တယ်။ ဆရာတွေကလည်း လုံခြုံရေး အမြင်နဲ့ ကြည့်တယ်။ ကျောင်းသားတွေ ကလည်း ချုပ်ချယ်မှုတွေ ခံစား လာရတာပေါ့””လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ အစိုးရ ၀န်ကြီးဌာန (၁၂) ခုရဲ့ အောက်မှာ တက္ကသိုလ်ပေါင်း (၁၆၅) ခု၊ ပညာရေး ၀န်ကြီး ဌာနရဲ့ အောက်မှာ တက္ကသိုလ် ဒီဂရီ ကောလိပ် (၆၄) ခု ရှိတယ်လို့ သိရပါတယ်။ ဒီ တက္ကသိုလ်တွေရဲ့ ပညာရေး စနစ်ကို အစိုးရရဲ့ လွှမ်းမိုးမှုက အများဆုံး ရှိနေပြီး စီမံခန့်ခွဲမှု၊ သင်ကြားရေး၊ ဘဏ္ဍာရေး၊ စည်းကမ်း ထိန်းသိမ်းရေး တွေကို ၀န်ကြီးဌာနတွေ ကသာ ကိုင်တွယ် ထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ဟာ ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ ဆိုးဆိုး ၀ါးဝါး ပျက်စီး လာတယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက သုံးသပ် ပြောဆိုပါတယ်။

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် က ပထမနှစ် ကျောင်းသားတွေနဲ့ ဒုတိယနှစ် ကျောင်းသား ခြောက်ယောက်ကို ကျောင်းတက္ကသိုလ် စာကြည့်တိုက်နဲ့ ပတ်သက်လို့ မေးကြည့်တဲ့ အခါမှာလည်း လေးယောက်က တစ်ခေါက် နှစ်ခေါက် ရောက်ဖူးကြတယ်၊ ကျန်တဲ့ နှစ်ယောက် ကတော့ မရောက်ဖူးဘူးလို့ ဆိုကြပါတယ်။ ပညာ၊ ဗဟုသုတ တွေပေးနိုင်၊ ရှာဖွေနိုင်တဲ့ နေရာဖြစ်တဲ့ တက္ကသိုလ် စာကြည့်တိုက်ဟာ ကျောင်းသားတွေ အတွက် အရမ်း အရေးပါတဲ့ နေရာ တစ်ခုအဖြစ် ကျောင်းသူ ကျောင်းသားတွေရဲ့ စိတ်ထဲရှိ မနေပါဘူး။

““တစ်ခေါက်တော့ ရောက်ဖူးတယ်။ အဲဒီ တုန်းကတော့ ကျောင်းစာနဲ့ ပတ်သက်ပြီး ရှာစရာတွေ ရှာလို့ ရတယ်လို့ ဆရာက ပြောတော့ သွားရှာကြည့်တာ။ နောက်တော့ မရောက် ဖြစ်ပါဘူး။ အဲဒီမှာ အရင်က စာအုပ်ဟောင်းတွေ တော့ အများကြီးရှိတယ်။ ဘာတွေလဲတော့ မမှတ်မိတော့ဘူး”” လို့ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ပထ၀ီမေဂျာ ဒုတိယနှစ် ကျောင်းသူ တစ်ဦးက ပြောပါတယ်။

တက္ကသိုလ် ပညာရေးရဲ့ အားနည်ချက်၊ အားသာချက် တွေကို တက္ကသိုလ် ပါမောက္ခကြီးတွေ ကိုယ်တိုင် ကတောင် မသိ ကျိုးနွံ ပြုလာတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (ယာယီ) မှ ဆရာတွေက ဝေဖန် ပြောဆိုလာ ကြပါတယ်။

““တက္ကသိုလ် ပါမောက္ခကြီးတွေ ကိုယ်တိုင်က အကြောက် တရားတွေ ရှိနေကြတယ်။ အပေါ်က ခိုင်းတဲ့ အတိုင်း မလုပ်ရင် ရာထူး မတိုးမှာ ကြောက်တာရယ်၊ ရထားတဲ့ ရာထူး ပြုတ်သွားမှာ ရယ်ကို ကြောက်နေကြတယ်။ ဒီတော့ အမိန့်အတိုင်း အကုန် လုပ်ရတယ်၊ ဆန့်ကျင်ပြီး မလုပ်ရဲဘူး””လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (ယာယီ) မှ ဒေါက်တာ အာကာမိုးသူ က ပြောပါတယ်။

ကျောင်းသား အများစုဟာ မိဘတွေရဲ့ တိုက်တွန်းမှု၊ အလုပ် ရရှိရေး လမ်းစ အတွက် ဘွဲ့ရရှိရေး တစ်ခုကိုသာ အလေးထား လုပ်နေ ကြရာကနေ အခုဆိုရင် ဘွဲ့ရတွေတောင် အလုပ် မရတဲ့ ပြဿနာတွေကြောင့် တက္ကသိုလ် တက်နေရတဲ့ ရည်ရွယ်ချက် တွေဟာ မရေရာတဲ့ ခရီးတစ်ခု သွားနေရသလို၊ လမ်းပျောက်သလို ဖြစ်လာပြီး အခု နောက်ပိုင်း တက္ကသိုလ်ဆိုတဲ့ အဓိပ္ပာယ်ကို ရည်းစားထားပြီး ဘွဲ့တစ်ခုရဖို့ အချိန်ဖြုန်း နေကြရတဲ့ တက္ကသိုလ်လို့ ရှုမြင်ရမလို ဖြစ်လာတယ်လို့ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် တက်ရောက်နေတဲ့ နောက်ဆုံးနှစ် ကျောင်းသား တစ်ဦး ဖြစ်သူ ကိုအောင်ညီလင်း က ပြောပါတယ်။

နှစ်စဉ် တက္ကသိုလ် ကျောင်းသားပေါင်း ငါးသိန်းဝန်းကျင် ရှိနေတဲ့ နေရာမှာ ကျောင်းသား ရာဂဏန်း လောက်ကသာ လက်ရှိ ကျောင်းသား သမဂ္ဂ တွေမှာ ပါဝင်နေပြီး အများစု က ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှု၊ ပညာရေး စနစ် အပေါ် ဝေဖန်မှု၊ ကန့်ကွက် ပြောဆိုမှုတွေမှာ ပါဝင် ပတ်သက်လိုမှု မရှိသလောက် ဖြစ်တယ် လို့ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် တချို့ထံက သိရပါတယ်။

ဟိုအရင် တစ်ချိန်က ကျောင်းသားတွေ ဖိနှိပ် ခံခဲ့ရတာ တွေကို သပိတ်မှောက်၊ ဆန္ဒပြ ခဲ့ကြတာတွေကို ကျောင်း သားတိုင်းက တညီ တညွတ်တည်း ပါဝင်ခဲ့ကြပါတယ်၊ ကန့်ကွက်တဲ့ အကြောင်း အရာကိုလည်း အားလုံးက နားလည်ပြီး၊ လုပ်သင့်လို့ လုပ်ခဲ့ကြတယ် ဆိုတာကို ရန်ကုန် တက္ကသိုလ် ကျောင်းသား သမိုင်းမှာ တွေ့မြင်ရမှာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ (၂၉) ရက် နေ့က မုံရွာ တက္ကသိုလ် ကျောင်းသား တစ်ရာခန့်ဟာ အစိုးရရဲ့ ပညာရေး မူဝါဒ မကောင်းတဲ့ အတွက် အလုပ် လက်မဲ့တွေ အဖြစ် ရင်ဆိုင် နေကြရတာကို သရုပ်ဖော်ပြ ကွက်တွေနဲ့ ဆန္ဒပြခဲ့ကြ ပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသား (၅၀) ကျော် ကလည်း စက်တင်ဘာလ (၂) ရက် နေ့က ပညာရေး ဥပဒေရေးဆွဲ အတည်ပြုရာမှာ ကျောင်းဆရာတွေ၊ ကျောင်းသားတွေ မသိဘဲ လုပ်ခဲ့တဲ့ အတွက် ဒဂုံ တက္ကသိုလ် ထဲမှာ ဘွဲ့ဝတ်စုံတွေဝတ်၊ လက်တွေကို ကြိုးချည်၊ ပါးစပ်တွေကို ပိတ်နှောင်လို့ သရုပ်ဖော် ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါသေးတယ်။ ကျောင်းသားတွေရဲ့ တောင်းဆို လာမှုတွေကို တွေ့ရပေမယ့် ဟိုအရင်နဲ့ မတူတာ ကတော့ ကျောင်းသား အင်အား တစ်ရပ် ပြသနိုင်ခြင်း မရှိတာပါဘဲ။

““အမှန်က အဲဒီနေ့က ဆန္ဒပြပွဲမှာ ကျောင်းသား တစ်ရာလောက် ပါဝင်ပြီး လုပ်ဖို့ပဲ။ ဒါပေမဲ့ အရင်က (၈) နာရီ လောက်မှ ကျောင်းတံခါး ဖွင့်ပေမယ့် အဲဒီနေ့မှာ မနက် (၆) နာရီ လောက်ထဲ က ကျောင်းတံခါးတွေ ဖွင့်ထားပြီး ဆရာ၊ ဆရာမတွေ၊ လုံခြုံရေးတွေ စောင့်နေကြတယ်။ ပါဝင်မယ့် ကျောင်းသားတွေ မပါဝင်နိုင်အောင် ပြင်ဆင် ထားတယ်””လို့ ဒဂုံ တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက ပြောပါတယ်။

အခု ဆိုရင်လည်း ကျောင်းသား သမဂ္ဂ အဖွဲ့တွေ အမြောက် အမြား ရှိနေပြီး ကျောင်းသားတွေ ပါဝင်လာအောင် လုပ်နေတာတွေ ရှိပေမယ့် ကျောင်းသား အများစုက မပါဝင်ရဲ ကြသလို၊ ကျောင်း အာဏာပိုင်တွေ၊ ဌာနမှူးတွေက ကျောင်းသားတွေကို သမဂ္ဂ ၀င်တွေနဲ့ စကားပြောတာတောင် တားဆီး ပိတ်ပင်မှုတွေ အမြဲ ကြုံတွေ့ရလေ့ ရှိတယ် လို့ လည်း ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်တချို့က ဆိုကြပါတယ်။

““ကျောင်းသား သမိုင်းက အင်မတန် ကြီးတာကိုး၊ ကျောင်းသားတွေရဲ့ သွေးထဲမှာ စီးဝင်နေတာဗျ။ သမိုင်း ၀ိညာဉ်တွေက ပူးကပ်ပြီးစီး မျှောသွားမှာ။ မိဘတွေက ဒါမလုပ်နဲ့ ဘာဟဲ့ ညာဟဲ့တော့ရှိမှာ ဘဲလေ။ ဒါကလဲ သဘာဝ ကျပါတယ်။ အမျိုးသားရေး၊ ပြည်သူလူထု အတွက် လိုအပ်လာပြီ ဆိုရင် ပါဝင် လာမှာဘဲ။ ကျောင်းသား တွေဟာ လမ်းကြောင်းမှန် တစ်ခုကို ဖော်ဆောင် သွားမယ်လို့ ကျွန်တော် ယုံကြည် ထားတယ်”” လို့ ၈၈ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဂျင်မီက ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် ကျောင်းသားတွေနဲ့ စည်ကားနေတဲ့ တက္ကသိုလ် ကြီးဟာတော့ ညနေ (၃) နာရီ လောက်မှာတဖွဲဖွဲ ပြန်သွားကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ တဖြေးဖြေး လျော့ပါး လာတာနဲ့ အတူ ညနေ (၄) နာရီ ကျော်သွား ချိန်မှာတော့ ပြန်လည် တိတ်ဆိတ် သွားပြန်ပါပြီ။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...